၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ – ၁၅၁ (၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကိုရယူလောက်အောင် ပြည်သူများအတွက်အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာပြဿနာတရပ်ပေါ်ပေါက်လာသည်ဟုသော်လည်းကောင်း၊ ပေါ်ပေါက်ရန်အကြောင်းရှိသည်ဟုသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌မဆိုယူဆခဲ့သော် ထိုပြဿနာကိုစဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ထိုပြဿနာနှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့်အတိုင်း ကြားနာစစ်ဆေးပြီးနောက် သမ္မတထံအစီရင်ခံနိုင်ရမည်” ဟု ပြဋ္ဌာန်းထားချက်ရှိခဲ့ဖူးပါသည်။ အမေရိကန်ပြည်ထောင်စု၏ တရားလွှတ်တော်ချုပ်သည်လည်း အခြေခံဥပဒေနှင့်ဥပဒေများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခွင့်အာဏာရှိပြီး အခြေခံဥပဒေနှင့်မညီသောကိစ္စရပ်များကိုလည်း အဆုံးအဖြတ်ပြုနိုင်ခွင့်အာဏာရှိပါသည်။
Common Law System (အင်္ဂလိပ်ဥပဒေစနစ်) စနစ်ကို မြန်မာနိုင်ငံကဲ့သို့မကျင့်သုံးသောဥရောပနိုင်ငံများက စတင်ကျင့်သုံးခဲ့သည့် ကိုဓဥပဒေ/ ပြဋ္ဌာန်းဥပဒေစနစ် (Code Law System) သို့မဟုတ် – ဆီဗီလ်ဥပဒေစနစ် (Civil Law System) တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများကို ကျင့်သုံးဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။ ပါမောက္ခ ဒေါက်တာ ဟန်း(န်) ကယ်(လ်)စင် (၁၈၈၁-၁၉၇၃) ၏မူအရ “ဥပဒေပြုသူတို့က အခြေခံဥပဒေနှင့်မညီသောဥပဒေများမပြုလုပ်ကြရန်နှင့် အုပ်ချုပ်သူတို့ကလည်း အခြေခံဥပဒေနှင့်ဆန့်ကျင်သောအဆုံးအဖြတ်များမပြုလုပ်ကြရန်” ဖြစ်သည်။ အခြေခံဥပဒေရေးရာအငြင်းပွားမှုများကိုစီရင်ဆုံးဖြတ်နိုင်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတရုံး သီးခြားဖွဲ့စည်းတည်ထောင်၍ အခြေခံဥပဒေဆိုင်ရာပါလီမန်နိုင်ငံရေးကို တရားစီရင်ရေးနည်းလမ်း (Judicialization of Constitutional Parliamentary Politics) ဖြင့် ကယ်လ်စင်က အကောင်အထည်ဖော်ခဲ့သည်။
၁၉၉၀ ခုလွန်နှစ်များတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ယနေ့မြန်မာနိုင်ငံတို့ ကျင့်သုံးနေကြသည်ကို တွေ့မြင်ရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၂၉၃ တွင် “နိုင်ငံတော်၏တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်းဖွဲ့စည်းသည်။ (ဂ) တွင် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး။” ဟု ဖော်ပြထားသည်။ ပုဒ်မ -၂၉၄ တွင် “စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ်သည်” ဟု ဖော်ပြထားသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏စီရင်ပိုင်ခွင့်အာဏာကိုထိခိုက်၍ မရပေ။ ခုံရုံး၏လုပ်ငန်းတာဝန်များကို ပုဒ်မ – ၃၂၂ (က) မှ (ဆ) အထိပြဋ္ဌာန်းထားသည်။ ပုဒ်မ – ၃၂၄ တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် အခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုပဋိပက္ခများကို ခုံရုံး၏အဆုံးအဖြတ်သည်အပြီးအပြတ်ဖြစ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့သွားခွင့်မရှိတော့ပါ။ ဥရောပ အခြေခံဥပဒေဆိုင်ရာတရားစီရင်ရေးပုံစံသို့ ပြောင်းလဲ အကောင်အထည်ဖော်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ လက်ရှိကျင့်သုံးနေသောဥပဒေစနစ်မှာ အင်္ဂလိပ်ရိုးရာဥပဒေစနစ် (Common Law System) ဖြစ်ပါသည်။ ယခု ကျင့်သုံးလာသည့်ပြဋ္ဌာန်းဥပဒေစနစ် (၀ါ) ဆီဗီလ် ဥပဒေစနစ် (Civil Law System) ဖြင့် ပေါင်းစပ်လိုက်လျှင် ကပြား ဥပဒေစနစ်တရပ်ကို ထူထောင်လာသည်ဟု ဆန်းစစ်တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေ ကိုယ့်နိုင်ငံ၏ အမျိုးသားရေးသမိုင်းအစဉ်အလာနှင့် ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ လောကပါလတရားများကိုတော့ကျော်လွန်၍ချန်လှပ်ထား၍ ရနိုင်မည်ကားမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် အမှန်စင်စစ် ဥပဒေစာသားများထက် ဥပဒေ၏သဘောထားကို အလေးထားရပါမည်။ အနက်အဓိပ္ပါယ်စာသားများကိုကျော်လွန်၍ အခြား အခြေခံများပေါ်တွင် မှီငြမ်းပြုပြီး ဥပဒေ၏သဘောထားအမှန်ကိုဖော်ထုတ်ရန် တာဝန်လည်းရှိပါသည်။
ဥပဒေများ၏ခေါင်ထိပ်စည်းက အထွတ်မြတ်ဆုံးဥပဒေအဖြစ်ထားရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိကျပြတ်သားပြီး ရှေ့နောက်စကားရပ်များ ညီညွတ်ရှင်းလင်းရပါမည်။ ပုဒ်မတခုချင်း အချိတ်အဆက်ညီညွတ်ရပြီး ပုဒ်မတစ်ခုကို နောက်ပုဒ်မတစ်ခုက ချေဖျက်ထားခြင်းမျိုး လုံးဝမပါရှိရပါ။ အတွင်းသဘောအနှစ်သာရခြင်း တထပ်တည်းတူညီရပါသည်။ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် ကွဲလွဲချက်များထဲမှ ပုဒ်မတစ်ခုကိုသာအတည်ယူရမည်ဖြစ်ပြီး ကျန်ပုဒ်မများကို ပြုပြင်လိုလျှင်ပြုပြင်ပြီး၊ ပယ်ဖျက်ရန်လိုအပ်လျှင် ပယ်ဖျက်ပစ်ရပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းတွင် ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေသည့်ပုဒ်မများ အမြောက်အမြားပါရှိနေပါသဖြင့် ၎င်းကွဲလွဲချက်များကိုနိဒါန်းမှစ၍ အခန်းအလိုက် သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၄၅၃ တွင် “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါစကားရပ်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တည်ဆဲစကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်” ဟု အတိအလင်း ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ General Clauses Act ကိုသာ ကိုးကားရပါမည်။ သို့အတွက် စကားရပ်များနှင့်စပ်ဆိုင်လျှင် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေကိုကိုးကားပြီး အရှိကိုအရှိအတိုင်း ဖွင့်ဆိုသုံးသပ် ဆန်းစစ်တင်ပြသွားပါမည်။
အခန်းအလိုက်သုံးသပ်တင်ပြချက်နိဒါန်း၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏နိဒါန်းတွင်”ပြည်သူလူထု၏လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီနှင့်ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့်လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ပေးခဲ့ပေသည်” ဟုဖော်ပြပါသည်။ ထို့ပြင် ”နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သောမျိုးချစ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ်ကိုခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်” ဟုလည်းဖော်ပြပါသည်။ ဤနိဒါန်းဖော်ပြချက်ပါသဘောတရားများနှင့် ဥပဒေပါပြဋ္ဌာန်းချက်များသည် အလေးအနက်ထားလိုက်နာမှုရှိမရှိ၊ ကိုက်ညီမှု ရှိမရှိ၊ ထပ်တူကျမှု ရှိမရှိ ဆန်းစစ်ရန်လိုအပ်ပါသည်။
အခန်း (၁) နိုင်ငံတော် အခြေခံမူများမှစတင်၍ အစအဆုံး ကောက်နှုတ်ဖော်ပြ၍ ဥပဒေရေးရာသုံးသပ်တင်ပြပါမည်။
အခန်း (၁) နိုင်ငံတော် အခြေခံမူများ။
အခြေခံမူများ ပုဒ်မ – ၆ (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်။” ဟုဖော်ပြချက်နှင့် အခြေခံမူတွင်ပါရှိသော ပုဒ်မ – ၂၆ (က) “နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်” တို့သည် ဆန့်ကျင်နေကြောင်း၊ စကားရပ်သဘောထား ကွဲလွဲခြားနားနေကြောင်း ပြတ်သားစွာတွေ့ရှိရပါသည်။ တပ်မတော်သားများသည် နိုင်ငံဝန်ထမ်းဖြစ်ကြောင်းကို ဤအခြေခံဥပဒေ ပုဒ်မ – ၂၉၁ တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အမှန်တကယ်မှာ ပုဒ်မ – ၃၃၉ ပါ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင်ရမည်” ဟု ပြဋ္ဌာန်းထားသည်နှင့်အညီသာ လိုက်နာဆောင်ရွက်ရပါမည်။ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကဦးဆောင်ခွင့်ကို အခြေခံဥပဒေသဘောတရားအရ ခွင့်ပြုမထားပါ။ နိုင်ငံရေးဦးဆောင်မှုကို နိုင်ငံရေးပါတီများကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါပုဒ်မများကို အလေးထားသည့်အနေဖြင့် ပုဒ်မ -၂၆ (က) နှင့် ဆန့်ကျင်နေသော ပုဒ်မ – ၆ (စ) ကို ပယ်ဖျက်ပစ်ရပါမည်။
ပုဒ်မ – ၉ (က) တွင် “ထိုတိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်။” ဟု ဖော်ပြချက်မှာ မဆလ တပါတီအာဏာရှင်စနစ်က ဗိုလ်နေ၀င်းပြဋ္ဌာန်းခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – (၃၁) တွင် ဖော်ပြထားခဲ့သည့်သဘောထားနှင့်ပုံသဏ္ဌာန်မှာ တထပ်တည်းတူညီနေသည်ကို ထူးထူးကဲကဲ တွေ့ရှိရသည်။ နိဒါန်းတွင်ဖော်ပြထားသည့် “လူမျိုးရေးတန်းတူမှုဖြင့် ပြည်ထောင်စုစိတ်ဓါတ်” ကို ဖော်ဆောင်ရည်ညွှန်း နိုင်ခြင်းမရှိဘဲ တစ်ပါတီအာဏာရှင်စနစ်၏ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်လက်ပြဋ္ဌာန်းထားသည်ကို တွေ့မြင်နေရသည်။ ပြန်လည်စိစစ်ပြင်ဆင်ပြဋ္ဌာန်းရမည့်ပုဒ်မဖြစ်နေကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ပုဒ်မ – ၅၆ တွင် ပါရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း တစ်တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ဒေသတို့ ကို ပုဒ်မ – ၉ တွင် တဆက်တည်း ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရပါ။ ဤပုဒ်မပြဋ္ဌာန်းချက်တွင် ချန်လှပ်ထားမှုသည် သီးခြားကန့်၍ခွဲခြားလိုက်သည့်သဘောထားကို ဖော်ပြရာရောက်စေပါသည်။ ဥပဒေ၏အားနည်းချက်ကြောင့် အန္တရာယ်ဖြစ်စေသည့်ပြည်တွင်းစစ်မှ ရှောင်ရှားသင့်ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ၂၁ ရာစု ပင်လုံညီလာခံအသစ်ဖြင့်သာ လူမျိုးရေးတန်းတူမှုရှိသည့် ပြည်ထောင်စုစစ်စစ်ကိုဖော်ဆောင်နိုင်ပါမည်။ သို့ဖြစ်ပါ၍ ဤပုဒ်မသည် ပြုပြင်ပြောင်းလဲပစ်ရမည့်ပုဒ်မစာရင်းတွင် ထည့်သွင်းထားသင့်ပါသည်။
ပုဒ်မ – ၁၄ တွင် “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့်တပ်မတော်သားများပါဝင်သည်” ဟု အခြေခံမူတွင် ဖော်ပြလာသည်။ တဆက်တည်းလေ့လာရမည့်ပုဒ်မများမှာ အောက်ပါတို့ပါဝင်သည်။
ဥပဒေပြုရေး၊ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းခြင်း ပုဒ်မ – ၇၄ (က) တွင် “ပုဒ်မ – ၁၀၉ (ခ) အရ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီအမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပုဒ်မ – ၁၄၁ (ခ) အရ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဥပဒေနှင့်အညီအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး။ စုစုပေါင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ပါဝင်သည်ဟု အတိအကျဖော်ပြထားပါသည်။ ဤသို့ဆိုလျှင် အခြေခံမူတွင်ဖော်ပြထားသော ပုဒ်မ -၂၁ (က) “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်” နှင့် ပုဒ်မ – ၃၈ (က) “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသည်” ဆိုသော ပုဒ်မနှစ်ခုနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြောင်း အထင်အရှား တွေ့ရပါသည်။ ထို့ပြင် လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းပုဒ်မ – ၃၉၁ (ခ) “ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားနှင့် ဥပဒေအရဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲ တစ်မဲသာ ပေးပိုင်ခွင့်ရှိသည်” ဟူသော လူတစ်ကိုယ်မဲတစ်ပြား အခြေခံဒီမိုကရေစီမူကို ဗိုလ်ချုပ်မှုးကြီးတစ်ဦးတည်းက လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးခန့်အပ်ခြင်းဖြင့် ဆန့်ကျင်ချိုးဖောက်ထားသည်ကို တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအခြေခံမူ၌ပင်လျှင် ဒီမိုကရေစီမူများဆိုင်ရာပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ထားသည်ဆိုလျှင် တရားဥပဒေစိုးမိုးရေးကို အဘယ်ပုံအဘယ်နည်းဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ပါအံ့နည်း။ ဒီမိုကရေစီမူဆိုင်ရာပုဒ်မများကို လိုက်နာရမည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်ခြင်းဆိုင်ရာပုဒ်မများအားလုံးကို ပယ်ဖျက်ပစ်ရပါမည်။ စစ်အာဏာရှင်စနစ်ကိုထိန်းသိမ်းရန် စစ်အစိုးရတရပ်တည်ရှိနေသေးသည်ကို ဤပုဒ်မများက ဖော်ညွန်းနေပါသဖြင့် အရပ်သားအစိုးရတရပ်ကိုတည်ဆောက်လိုပါက ဤပုဒ်မများကို မဖြစ်မနေဖျက်သိမ်းပစ်ရပါလိမ့်မည်။
ပုဒ်မ – ၄ တွင် “နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်” ဟု ပြဋ္ဌာန်းချက်အတိုင်းသာ ဖြစ်သင့်ပါသည်။ တပ်မတော်ကဆင်းသက်ပြီး ကာကွယ်ရေးဦးစီးချုပ်ပေါ်တွင်တည်သည်ဟုဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်၌က စစ်အုပ်စုလက်စွဲ စစ်အာဏာရှင်စနစ်ကျမ်းကြီးတစ်စောင် ဖြစ်သွားပါလိမ့်မည်။ စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးအောက်ကနိုင်ငံတော်တိုင်း ကျဆုံးတတ်သည်ကို သင်ခန်းစာယူတတ်ရပါမည်။ ဒီမိုကရေစီစနစ်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည်ကို ခွဲခြားရှုမြင်ရပါမည်။
စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ညွှန်းသည့် ပုဒ်မ – ၃၆ (ခ) တွင် “နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကိုပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှတားဆီးကာကွယ်မည်” ဟူသောပြဋ္ဌာန်းချက်ကို တိတိကျကျလိုက်နာရပါမည်။
ထို့ပြင် ပုဒ်မ – ၃၆ (ဃ) တွင် “စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု” ဟု ပါရှိသည့်အတိုင်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက စံပြလိုက်နာကျင့်သုံးရပါမည်။ သို့သော်လည်း ပုဒ်မ ၃၇ (ခ) တွင် “နိုင်ငံတော်သည် နိုင်ငံပိုင် သယံဇာတများအား စီးပွားရေးအင်အားစုများကထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေပြဋ္ဌာန်းရမည်” ဟု ဖော်ပြထားပြန်သည်။ ၎င်းဥပဒေကို အကောင်အထည်ဖော်ရန် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေနှင့် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကဲ့သို့သောဥပဒေများကိုပြဋ္ဌာန်း၍ ပုဒ်မ – ၃၆ (ခ) နှင့် (ဃ) တို့ကိုဆန့်ကျင်ပြီး ပြဋ္ဌာန်းလိုက်သည်ကို တွေ့ရှိရပါသည်။ စီးပွားရေးဆိုင်ရာအခြေခံမူများနှင့်ကွဲလွဲဆန့်ကျင်စွာပြဋ္ဌာန်းထားသည့်အပြင် အစိုးရအာဏာပိုင်များက မူနှင့်ဆန့်ကျင်စွာကျူးလွန်ဖောက်ဖျက်ထားသည့်အမှုပေါင်း မြောက်များစွာလည်း ပေါ်ပေါက်လျှက်ရှိပါသည်။ ၎င်းတို့ကို စုံစမ်းစစ်ဆေးပြီး ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလာသည့်အဆိုပါဥပဒေများကို ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းသင့်ပါသည်။
ပုဒ်မ – ၃၇ (ဂ) တွင် “ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့်မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီခွင့်ပြုရမည်” ဟု ယေဘူယျဖော်ပြချက်ကိုတွေ့ရပါသည်။ ၎င်းအခွင့်အရေးများအတွက် တိကျသည့်သီးသန့်ဥပဒေတစ်ခုစီပြဋ္ဌာန်းပေးရန် လိုအပ်ပါသည်။ အခြေခံမူ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်ပုဒ်မများကိုသာ ဤအခန်းတွင်ထည့်သွင်းရန်လိုအပ်ပါသည်။
ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း၏လုပ်ပိုင်ခွင့်များကိုဖော်ပြထားသော ပုဒ်မအမြောက်အများကို တပ်မတော်အခန်းတွင်သာ ဖော်ပြသင့်ပါသည်။ ဤအခန်းတွင် မဖော်ပြသင့်ပါ။
ဤအခန်း ပုဒ်မ ၁ – မှ ပုဒ်မ ၄၈ အထိ မူများတွင် ထပ်မံဖြည့်ရမည့်၊ ပယ်ဖျက်ရမည့်ပုဒ်မများနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင်ဖြေရှင်းရုံဖြင့် မပြေလည်နိုင်တော့ပါ။ လွှတ်တော်ပြင်ပ ၂၁ ရာစု ပင်လုံညီလာခံအသစ်ဖြင့်သာ စစ်မှန်သည့်မူများကို ချမှတ်နိုင် ဖြည့်ဆည်းနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဦးမျိုး (ဥပဒေ)
(အခန်း ၂ ကို ဆက်လက်ဖော်ပြပေးပါမည်)
You Are Here: Home - ပင်မစာမျက်နှာ , ဆောင်းပါး - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ(ဦးမျိုး-ဥပဒေ)