You Are Here: Home - ပင်မစာမျက်နှာ , ဆောင်းပါး - နောက်ကြောင်းပြန်လှည့် ဖို့ များလား. . .သတိ ရှိကြစေချင်ပါတယ်

ဒီရက်ပိုင်းအတွင်း ဖြစ်ပျက်လာတဲ့ အဖြစ်အပျက်တွေဟာ သာမန်အားဖြင့် ကြည့်ရင် ဘာမှ မထူးခြားသလိုနဲ့ သေချာလေ့လာဆန်းစစ်မယ်ဆိုရင် မသင်္ကာ စရာတွေ ပြည့်လို့နေပါတယ်။
ကျနော်တချက်ခြင်း သုံးသပ်ပြပါ့မယ်။

အမြို့မြို့အနယ်နယ်မှာ ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြမှုတွေဟာ ဆက်တိုက်ဖြစ်လာတာကို သံသယ ရှိစရာကောင်းပါတယ်။
မကြာသေးခင်ကမှ လပခ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး စခန်း လေတပ် က ဆန္ဒပြ၊ တောခို ခဲ့တဲ့ ၈၈၈၈ တိုက်ပွဲဝင် လေတပ် ရဲဘော်ဟောင်းတွေကို ကျနော် အင်တာဗျူး ရိုက်ခဲ့ပါတယ်။ အဲဒီမှာ အဲဒီ က ရဲဘော်ကြီးတွေ ပြောကြားချက်အရ လပခ အနေနဲ့ သူတို့ ဆန္ဒ ပြဖြစ်ခဲ့တဲ့
အကြောင်းကို ပြောပြတော့ မသင်္ကာစရာအချက်တွေကို သူတို့ကိုယ်တိုင် ဆန်းစစ်ပြခဲ့ပါတယ်။
အဲဒီတုန်းက လပခ မှာ ရဲဘော်အများစုဟာ ဆယ်တန်းအောင်ပြီးသားတွေပါ။
အားလုံးလိုလိုဟာ စာပေးစာယူ၊ လုပ်သားကောလိပ် စတဲ့ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြပါတယ်။ အသက်တွေကလည်း ၂၀ ကျော်လေးတွေများပါတယ်။ ဒါကြောင့် တနည်းအားဖြင့် လေတပ် ရဲဘော်တွေဟာ တစိတ်တဒေသ အားဖြင့် ကျောင်းသားတွေပါပဲ။
လပခ ရဲဘော်တွေဟာ ကျောင်းသားတွေဖြစ်တဲ့အလျောက် ၈၈၈၈ မှာ ကျောင်းထဲက ကျောင်းသားသမဂ္ဂနဲ့ချိတ်ဆက်မိလာပါတယ်။ တပ်တွင်းမှာ စာတွေဖြန့်တာ၊ သပိတ်မှောက်ကျောင်းသားတွေကို လျှို့ဝှက်
ထောက်ပံ့တာမျိုးတွေ လုပ်ခဲ့တယ်။ တချိန်တည်းမှာ ယူဂျီလှုပ်ရှားမှုတွေကို
လည်း လုပ်ဖို့ ပြင်ဆင်ထားကြတယ်။ အဓိက သူတို့ရဲ့ ဦးတည်ချက်က နောက်တကြိမ် စစ်တပ်က အကြမ်းဖက်နှိမ်နှင်းမှုတွေ လုပ်ရင် အဲဒီတပ်ဖွဲ့တွေကို ပြည်သူဘက်ကနေ ရပ်တည်ကာကွယ်ပြီး
ပြန်လည် အံတု တိုက်ခိုက်ဖို့ပါ။
ဒါပေမယ့် မမျှော်လင့်ပဲ သူတို့ဟာ ဆန္ဒပြတဲ့ဘက်ကို ရောက်သွားရတယ်။
အဲဒီတုန်းက အဖြစ်အပျက်ကို ပြန်စောကြောတဲ့အခါမှာ ကိုကိုနိုင် လို့ အမည်တူ ရဲဘော် ၂ယောက်ရောက်လာပြီး ဘားတိုက်ကနေ ဆန္ဒပြကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့တာက စ ခဲ့တယ် လို့ပဲ ပြောပါတယ်။ တကယ်တမ်း ဆန္ဒပြမှုဖြစ်လာတော့ အဲဒီ ကိုကိုနိုင် နှစ်ယောက်လုံး ကြက်ပျောက်ငှက်ပျောက်ပျောက်ခဲ့၊ ဆန္ဒပြပွဲတွေမှာ မပါခဲ့တော့ဘူးတဲ့။

တခါတရံမှာ အာဏာရှင်တွေဟာ အဆိပ်ကို အဆိပ်နဲ့ကုသလို အလံရှုးတွေ
ဒလန်တွေ သုံးပြီး ပြည်သူ့အင်အားတွေကို ဖြိုခွင်းပါတယ်။
ခုချိန်မှာ အလုပ်သမားတွေဟာ နေရာအနှံ့ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတယ်။
ဒါဟာ အမှန်တကယ်ကို အလုပ်သမားအခွင့်အရေးတွေတောင်းဆိုမှုကနေ
ဖြစ်လာတဲ့ စစ်မှန်တဲ့ ပြည်သူ့ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်နိုင်သလို၊ ခုနလို ပယောဂတခုခု ငြိပြီးပေါ်လာတာတွေကော ဖြစ်မလားလို့ သေချာ စိစစ်ကြဖို့လိုပါတယ်။
နောက်လျှပ်စစ်မီးကိစ္စ၊
နောက်ဆုံးမှာ ခု တောင်ကုတ်က သွေးထွက်သံယို မှုတွေပါ ပေါ်ပေါက်စေတဲ့
လူမျိုးရေးအဓိကရုဏ်းတွေ။
စစ်တပ်ဟာ ၂၀၀၈ ဥပဒေအရကို အချိန်မရွေးအာဏာပြန်သိမ်းပိုင်ခွင့် ရှိနေတယ်။
ခုလိုအချိန်မှာ ဒါတွေဖြစ်လာတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား လို့
သံသယဖြစ်စရာကောင်းပါတယ်။ အားလုံး သတိရှိကြဖို့ တိုက်တွန်းနှိုးဆော်
ပါရစေ။

နေရာတိုင်းမှာ သူတို့တွေ အသုံးချစရာ “စွမ်းအားရှင်” လိုလူတွေ ရှိတယ်။
NLD ပါတီဝင် ဆိုတိုင်းလည်း မယုံပါနဲ့။ NLD ပါတီဝင်က တပြည်လုံး သန်းချီ
ပြီး ရှိနေပြီ။ ဘာမှန်းကို မသိပဲ ၀င်လာတာတွေလည်း အများကြီး ရှိနိုင်တယ်။
အားလုံး တော်လှန်ရေးသတိ မပြတ်ရှိကြစေချင်တယ်။
ဒီပြဿနာတွေကို ခေါင်းဆောင်အသီးသီး၊ ကျောင်းသားလူငယ်တွေ၊ သံဃာတော်တွေ၊ ၀ိုင်းဖြေရှင်းကြစေချင်ပါတယ်။

သီတဂူဆရာတော်တို့လို သြဇာကိတ္တိမကြီးမားတဲ့ ဆရာတော်တို့
အန်တီစု တို့တွေ
၈၈ ခေါင်းဆောင်တွေ ကအစ
အခြေခံပညာကျောင်းသားလူငယ်လေးတွေ အထိ
ဝိုင်းဝန်းဖြေရှင်းကြစေချင်ပါတယ်။

တပ်မတော်ဟာ ဒီလို သွေးထွက်သံယိုအရေးအခင်းတွေမှာ မလွှဲမရှောင်သာ
ဝင်ပါဖို့ကိုလိုပါတယ်။ ဒီလိုပါတဲ့အခါမှာ မျှတစွာနဲ့ ဖြေရှင်းပေးပြီး အခြေအနေတွေကို အေးချမ်းအောင် အမြန်ဆုံးတည်ဆောက်၊ အရပ်ဘက် အုပ်ချုပ်ရေးကို မထိပါးဘဲ တပ်စခန်းကို ပြန်တာဝန်ယူခြင်းနဲ့ ပြုပြင်ပြောင်းလဲ
ရေး ကို အပြည့်အ၀ထောက်ခံကြောင်း ပြသနိုင်မယ် ဆိုရင်ဖြင့်
ပြည်သူရဲ့ ထောက်ခံယုံကြည်မှုတွေကို ပိုမိုတည်ဆောက်နိုင်ပါလိမ့်မယ်။

ဒီလိုမှ မဟုတ်ဘဲ ဒါမျိုးဖြစ်တိုင်း “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ထုံးနဲ့
နောက်ကြောင်းပြန်လှည့်ဖို့ ရည်ရွယ်တာ မဖြစ်ဖို့ကိုပဲ မျှော်လင့်ပါတယ်။
ဒီတခါမှ နောက်ကြောင်းပြန်လှည့်ရင် ကျနော်တို့တိုင်းပြည် ဘယ်တော့မှ ရှေ့ ရောက်နိုင်စရာ အကြောင်းမရှိတော့ဘူး ဆိုတာ သတိ ရှိစေချင်ပါတယ်။

ကျနော်တို့အားလုံ သတိရှိဖို့လိုပါတယ်။

ချိုတူးဇော်
Blogger Widgets