You Are Here: Home - ဦးရွှေဇံအောင် - စာပေပါရဂူဘွဲ့ရဒေါက်တာဦးရွှေဇံအောင်(၁၈၇၁-၁၉၃၂)

ဆရာကြီးဦးရွှေဇံအောင်သည် ကမ္ဘာကျော်ကျမ်းပြုစာဆိုတစ်ဦးပင်ဖြစ်သည်။မြန်မာစာမြန်မာမှုဖြင့်ကမ္ဘာပြုခဲ့ သူ ဖြစ်သည်။ဦးရွှေဇံအောင်ကို (၁၈၇၁)ခုနှစ်ဇန်န၀ါရီလ(၂၀)ရက်နေ့တွင်ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်တွင် အဖခရိုင်ကဲဝန်ဦးရွှေသာ၊အမိဒေါ်အဇံဖြူတို့မှ မွေးဖွားခဲ့သည်။

ဦးရွှေဇံအောင်သည် စစ်တွေမြို့သား၊ မြန်မာနိုင်ငံသူ နိုင်ငံသားများအား လွတ်လပ်ရေးစိတ်ဓါတ် မျိုးစေ့ ချပေး ခဲ့ သူဆရာတော်ဦးဥတ္တမ(၁၈၇၉-၁၉၃၉)နှင့်ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦးဟုဆိုနိုင်ပါသည်။ ဆရာတော်ဦး ဥတ္တမ သည် “ဂျပန်အကြောင်း”စာအုပ်ကို ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။

ဦးရွှေဇံအောင်၊ ဆရာတော်ဦးဥတ္တမတို့နှင့်မရှေးမနှောင်း ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးမှာ ဦးစံရွှေဖူး(၁၈၉၂-၁၉၄၃)ပင်ဖြစ်သည်။ ၄င်းသည် ရှေးဟောင်းသုတေသနဂုဏ်ထူးဆောင်အဖြစ်အမှုဆောင်ဆဲကာလ (၁၉၁၇ မှ ၁၉၂၇) ခုနှစ်အထိအတွင်း မြန်မာနိုင်ငံသူတေသန အသင်းဂျာနယ်တွင် ရခိုင်သမိုးနှင့်ရခိုင်ယဉ်ကျေးမှု ရေးရာ ဆောင်းပါးများကို ပထမဦးဆုံး ပြုစုရေးသားခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။

ဦးရွှေဇံအောင်သည် ၁၈၈၁-ခုနှစ်တွင်စစ်တွေမြို့အစိုးရအလယ်တန်းကျောင်းတွင်ပညာသင်ကြားခဲ့ရာ ၁၈၈၅ -ခုနှစ်တွင်အလယ်တန်းစကောလားရှစ်ဆုကိုရရှိသည်။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး ၁၈၈၇-ခုနှစ် တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်ကောလိပ်ကျောင်းတွင် ဆက်လက် ပညာသင်ယူပြန်ရာ ၁၈၉၁-ခုနှစ်တွင်ထိုခေတ်ကမြန်မာနိုင်ငံ၌ အမြင့်ဆုံးဖြစ်သော ၀ိဇ္ဇာဘွဲ့ထူး ကို ဆွတ်ခူးရ ရှိခဲ့သည်။

ဆရာကြီးသည် ဗုဒ္ဓဘာသာ သာသနာတော်ကို အလွန်ယုံကြည်သက်ဝင်သူဖြစ်သည်။ ၁၈၉၅-ခုနှစ်မှစ၍ ဆရာတော်ဦးဂန္ဓမာထံ၌ အဘိဓမ္မာတရားတော်ကိုနည်းနာခံသင်ကြားခဲ့သည်။ထိုမျှမက လယ်တီဆရာတော် ဘုရားကြီးထံတွင်လည်း မပြတ်ချဉ်းကပ်သင်ကြားဆွေးနွေးခဲ့သည်။

ဦးရွှေဇံအောင်သည်မြန်မာနှင့် ပါဠိဘာသာကျမ်းဂန်များကိုဆရာတစ်ဆူဟုဆိုရလောက်အောင်လေ့လာတတ် ကျွမ်းခဲ့သည်။ယင်းအပြင် အင်္ဂလိပ်ဘာသာ၊လက်တင်ဘာသာစသည်တို့ဖြင့်ရှိသော ဒဿနိကဗေဒ ကျမ်းများ ကိုလည်း နက်နဲစွာလေ့လာလိုက်စားခဲ့သူ ပုဂ္ဂိုလ်ကြီးဖြစ်သည်။

၁၉၀၀ ပြည့်နှစ်လောက်က နိုင်ငံခြားသို့တိုင် ဗုဒ္ဓသာသနာတော် ကြီး ပေါ်က်ရောက်ထွန်း ကားစေ ရန်ရည် သန်၍ အင်္ဂလိပ်ဘာသာဖြင့်(၃)လတစ်ကြိမ်ထုတ်ဝေသောဗုဒ္ဓ၀ါဒအမည်ရှိမဂ္ဂဇင်းတွင်အဘိဓမ္မာတ ရားတော် အကြောင်းပါဝင်ရေးသားခဲ့သည်။ ဆရာကြီးသည် ဗုဒ္ဓ၀ါဒနှင့်စပ်လျဉ်း၍ ကျမ်း(၇)ကျမ်း ပြုစုရေး သားခဲ့သည်။

ယင်းတို့မှာ(၁)ရာဇာလက္ခဏဒီပနီကျမ်း၊(၂)တက္ကိယနဒီပနီကျမ်း၊(၃)ကာယင်္ဂသမ္ဘူဒီမနီကျမ်း၊(၄)ရူပဒီပနီကျမ်း (အင်္ဂလိပ်ဘာသာဖြင့်)၊(၅)ယမကခေါ်ယမိုက်ကျမ်း၊(၆)ကထာဝတ္ထုနှင့်(၇)အဘိဓမ္မတ္တသင်္ဂဟသင်္ဂြိုဟ်ကျမ်း တို့ဖြစ်သည်။

ဗုဒ္ဓ၀ါဒမဂ္ဂဇင်းတွင် ဦးရွှေဇံအောင်ရေးသားသော ဆောင်းပါးများကို နိဒါန်းပြု၍လန်ဒန်မြို့ပါဠိအသင်းကြီးမှ ထုတ်ဝေသော အဘိဓမ္မတ္တသင်္ဂဟသင်္ဂြိုဟ်ကျမ်းဆိုလျှင် တစ်ကမ္ဘာလုံးမှ ပညာရှိများ၏ချီးကျူးလက်ခံခြင်းကို ခံခဲ့ရသည်။ ယင်းစာအုပ်ကို ဆရာကြီးကိုယ်တိုင်ရေးသားပြီး ၁၉၁၀-ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဦးရွှေဇံ အောင်သည် မြန်မာသာသနာတော်ကို မြန်မာစာမြန်မာမူဖြင့် ကမ္ဘာပြုဆိုခဲ့ပေသည်။ ၄င်းပြင်နက် နဲခက်ခဲ သော “လောဂျစ်”ကျမ်းကြီးတစ်စောင်ကိုလည်းမြန်မာလိုမှီငြမ်းပြန်ဆိုရေးသားခဲ့သည်။ယင်းကျမ်းမှာ တက္ကိယ နဒီပနီအမည်ရှိ တက်ကျမ်းပင်ဖြစ်သည်။

ဆရာကြီးဦးရွှေဇံအောင်သည် အဘိဓမ္မာကျမ်းတို့သာလျှင် ကျွမ်းကျင်သည်မဟုတ်ဘဲပျို့၊ ကဗျာ၊လင်္ကာ၊ ဘာ သာဝေါဟာရအရာတို့၌လည်း က၀ိတစ်ဆူဟုဆိုလောက်အောင် ကျွမ်းကျင်ကြောင်းကို၁၉၁၁-ခုနှစ် လောက် ကစ၍ ၁၉၂၀-ပြည့်နှစ်အထိ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၌ ဆောင်းပါးအမျိုးမျိုးကို ကြည့်ခြင်းအား ဖြင့်သိသာသည်။

အင်္ဂလိပ်၊မြန်မာနှစ်ဘာသာစလုံးတွင် ထက်မြက်သည့် ကမ္ဘာ့သိပညာရှိ စာပြုပုဂ္ဂိုလ်ကြီးဦးရွှေဇံအောင်အား ၁၉၃၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဒီလစ်ခေါ်စာပေပါရဂူဘွဲ့ကိုချီးမြှင့်ခဲ့သည်။

ဆရာကြီးကမြန်မာနှင့်ရခိုင်စာပေသမိုင်းကြောင်းတွင် ဂုဏ်ယူစရာ၊အားကျစရာပုဂ္ဂိုလ်ကြီးတစ်ဦးပင်တည်း။
ရခိုင်အမျိုးသားများအနက် အမျိုးသားစာပေဆုကို ပါမောက္ခဦးစံသာအောင်(၁၉၇၁)၊ စာရေးဆရာဖိုးကျော့ (၁၉၇၂)၊ ဒေါက်တာရီရီ(၁၉၇၅)၊ ဒေါ်ကြန်(၁၉၇၈)၊မောင်ကြင်နွယ်(၁၉၈၀)(၁၉၉၀)၊ ဖေမြင့်(၁၉၉၅) ၊ မောင်ပေါ်ထွန်း(၁၉၉၇)၊ မောင်မောင်ထွန်းအောင်(ကျန်းမာရေး)(၁၉၉၉)နှင့် ဦးမြတ်ကျော်(မြန်မာစာအဖွဲ့)(၁၉၉၉)တို့ ရရှိခဲ့ပြီးဖြစ်ပါသည်။ 

မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။
Blogger Widgets