You Are Here: Home - စာကြည့်တိုက် , ဝထု , အတွီးစချေတိ - အခက်ကြုံသောမောင်ခက်ကေ

ရှေးအခါက ရွာတစ်ရွာတွင်လင်မယားတစ်အိမ်ထောင်ရှိလေ သည်။ မောင်ချောနှင့်မမေဗျာဟုခေါ်တွင်လေ ၏။ မယားမမေဗျာတွင် သားကိုယ်ဝန် ရင့်လာလေသောအခါ မမွေးဖွားနိုင်ဘဲသုံးရက်တိုင်တိုင် ဆင်းရဲဒု က္ခ ဖြစ်ခဲ့ရသည်။ ရွာတွင်လက်သည်မ မရှိ၍ရွာနီးချုပ်စပ်တခြားရွာမှ ဆရာမမိမေဖြူကို ခေါ်ယူ ရလေသည်။

၎င်းဆရာမနှင့်စမ်းသပ်ရာသန္ဓေသားမှာကန့်လန့်ဆီးနေသည်ဆိုလေ၏။ထို့ကြောင့်နေသား တ ကျပြုပြင်ပေး ကာခဲယဉ်းစွာမွေးဖွားခဲ့ရလေ၏။ ခက်ခဲစွာ မွေးဖွားရသဖြင့် သူငယ်ကိုမောင်ခက်ကေဟူ၍ အမည်ခေါ်တွင် ကြလေသည်။

သားဦးမိခင်သည်မကြာခင်အင်အားချည့်နဲ့ခြင်းဖြစ်လာခဲ့ရလေ၏။ ကိုယ်ခန္ဓပိန်ချုံးစွာနှင့် နလံမထူဘဲရှိလေ သည်။ထိုဝေဒနာကို ခံစားရင်း မောင်ခက်ကေသုံးနှစ်သားအရွယ်တွင် မိခင်သေဆုံးသွားလေ၏။ ဖခင်ဖြစ် သူသည် သားငယ်ကိုမွေးမြူလာခဲ့ရာ ထိုသားငါးနှစ်မြောက်လာသောအခါအိမ်ထောင်သစ် တည်ထောင်လေ သည်။ အမည်မှာ မဖွားမေဟူ၍ခေါ်တွင်လေ၏။ ရုပ်ရည်အင်္ဂါချောမောလှပ တင့်တယ်လေ သည်။

မယားမဖွားမေကား မာယာပရိယာယ်လည်းကြွယ်ဝလေ၏။ ကာမဂုဏ်အာရုံ၌ တပ်မက်ခြင်းများလှသည်။ မိမိလင်နှင့်သာမက တခြားသူများနှင့်ဖောက်ပြားလေ့ရှိလေ၏။ ထိုသို့ယုတ်မာစွာမှားယွင်းပြုကျင့်သည်ကို လင်ယောက်ျားမသိချေ။ 

သို့သော်သားဖြစ်သူက တပ်အပ်သိမြင်လေ၏။ ဖခင်ကိုအသိမပေးဝံ့ဘဲ မျိုသိပ်၍သာနေခဲ့သည်။ ဖခင် အားပြောကြားရန်မှာလည်း ခက်ခဲနေရလေ၏။ ထိုသို့အခက်နှင့်သာကြုံနေရာကား “ခက်တေ ခက်တေ” ဟူ ၍သာပါးစပ်က တတွတ်တွတ်ရေရွတ်နေခဲ့လေတော့သည်။

ထိုအခါကြာရသူတိုင်းက”မည်သို့အခက်ရှိသနည်း”ဟုမေးကြသည်။မည်သူကပင်မေးမေး“ခက်တေခက်တေ” ဟူ၍ပင်ပြောဆိုနေလေ၏။ ခက်တေ ခက်တေ ဆိုသောစကားမှအပ တခြားစကားဖြင့် ပြန် လှန်ပြော ဆိုလေ့မရှိသောကြောင့် အများက အသိချက်ခဲ့ကြ၏။ ဖခင်ဖြစ်သူလည်း အကြိမ်ကြိမ် မေးလေ သည်။ မထူးခြားဘဲ ခက်တေ ခက်တေ ဟူ၍သာပြောဆိုခြင်းကိုကြားသိရလေ၏။ ထို့ကြောင့် ဖခင်လည်း သားအ တွက်ရတက်ပွေ၍ အခက်ကြုံလာခဲ့ရသည်။

ဖခင်ဖြစ်သူသည် သားအတွက် စိတ်ပူပင်မှုဖြစ်ခဲ့ရလေ၏။ “ငါ့သားသည် ရှေးအခါက ခက်တေခက်တေဟူ၍ တစ်ကြိမ်တစ်ခါမှ ပြောလေ့မရှိ။ ယခုတတွတ်တွတ်ပြောဆိုလာခြင်းမှာ ဧကန္တ တစ်စုံတစ်ခုအကြောင်းရှိချေ ရာသည်။ ငါ၏သား၌စုန်းပယောဂကပ်ယှဉ်လေ၍လော။ သို့မဟုတ် နတ်ပယောဂဖက်၍လေလော ၊သွေး သားမမှန်ဖောက်ပြန်နေ၍လော၊စိတ်ချောက်ချားသဖြင့်ရူးသွပ်နှမ်းကြောင်ကယောင်ကတမ်းပြောဆိုနေခြင်း ပင်လော မည်သို့ဖြစ်လေသနည်းဟု ဝေခွဲမရရှိလာလေ၏။

ထို့နောက်ပယောဂစုတ်ထိုးဆရာ ငရွှေလုံးနှင့်ဆေးကုရန်ပြောလေ၏။သားဖြစ်သူက...
“တစ်စုံတစ်ခုမှမဖြစ်ပါ၊ ပကတိလူကောင်းအမှန်ပါ” ဟုပြောဆိုခဲ့လေသည်။
သို့သော်လည်းငြင်းမလွတ်သာသောအခါ ထိုဆရာ၏ဆေးထိုးကုသခြင်းကို ခံပေးရလေ၏။
ထိုဆရာငရွှေလုံး၌ တပည့်တစ်ယောက်ရှိရာ မောင်စုတ်ကေဟူ၍တွင်လေသည်။မောင်စုတ်ကေနှင့်ငရွှေလုံး ၏မယားမပုမေသည် တနေ့သ၌ ဖောက်ပြားကျင့်မှားခဲ့ကြလေ၏။

ထိုအဖြစ်ကို ငခက်ကေတွေ့မြင်ရလေသော် ပြောရခက်နေလေသည်။ မျိုသိပ်မထားနိုင်ရာကား“ခက်တေ ခက်တေ”ဟူ၍ရေရွတ်မြည်ဟီးခဲ့ရလေ၏။ ထို့ကြောင့် ခက်တေ ခက်တေဟူသောစကား သည် နောက် ထပ်ဖြစ်ပေါ်လာခဲ့ရလေသည်။မောင်စုတ်ကေ ခက်တေ ခက်တေ၊မပုမေခက်တေ ခက်တေ”ဟူ၍ပို၍သာ လျှင် မြည်တွန်လာခဲ့လေသည်။

ထိုအခါဖခင်က “ခက်တေဟူသောစကားသည် လွန်ကဲလာဘိသည်။ရောဂါကြီးနေပြီလော”ဟု ယူဆခဲ့လေ သည်။ ပယောဂဆေးနှင့်မကောင်းသော် ဗိန္ဓောဆေးဆရာကြီး မောင်စံဘော် ကိုခေါ်ယူလေသည်။ ဆရာကြီး သည် လက္ခဏါကိုမေးပြီးနောက်“ကောင်းစေရမည်” ၀န်ခံလေ၏။

ညနေအရောက်တွင် ကနခိုကဲသော ဆေးတစ်လုံးကို ကျွေးလေ၏။ဝမ်းနှုတ်ဆေးဖြစ်လေသဖြင့် တစ်ညလုံး ၀မ်းအကြိမ်ကြိမ်သွားလေသည်။ ထိုအခါ မောင်ခက်ကေမှာ မထနိုင်မလှုပ်ရှားနိုင်ဖြစ်ခဲ့ရလေ၏။ ဆေး အတွက် ဝေဒနာအပိုရောက်ကာ အခက်ကြုံရရှာလေသည်။

မောင်ခက်ကေသည် လော်လည်မှုကိုစက်ဆုတ်လေ၏။ထိုအပြုအမူကိုမတွေ့မမြင်ရလျှင်တိတ်ဆိတ်စွာ ရှိနေ တတ်သည်။ မြင်တွေ့ရလျှင်ကားမနေနိုင်ဘဲ ခက်တေဟူသော စကားကိုရေရွတ်တတ်လေ၏။ မကြာမီ ဆရာ ကြီးမောင်စံဘော်၏တပည့်သာဖြူအောင်နှင့်ဆရာကြီးမယားမပန်းစံတို့ဖောက်ပြန်ခဲ့ကြ၏။

ထိုအခါမောင်ခက်ကေ တွေ့မြင်ခဲ့ရလေသည်။ထို့ကြောင့်“သာဖြူအောင်ခက်တေခက်တေ၊မပန်းစံ ခက်တေ ခက်တေ”ဟူ၍ရေရွတ်ပြောဆိုမှုပြုခဲ့ရပြန်လေသည်။

ဖခင်ဖြစ်သူမှာ သားအတွက်စိတ်မအေးဖြစ်လာပြန်၏။“စုတ်ဆေး၊ဗိန္ဓောဆေးတို့နှင့်ကုသ၍လည်း မသက် သာ၊မည်သို့ဆက်၍ ကုသရအံ့နည်း”ဟုကြံစည်လာခဲ့ရလေ၏။ထိုနောက်အများ၏တိုက်တွန်းချက်အရ ရွာ ဦးကျောင်းဆရာတော် ဦးသောမထံ အပ်နှံမှုပြုခဲ့လေသည်။

ဆရာတော်လည်း ၄င်း၏လက္ခဏါကိုစုံစမ်းမေးမြန်းလေ၏။ မောင်ခက်ကေက ရောဂါမရှိ ပါကြောင်းလျှောက် ထားသဖြင့် လက်ခံထားရှိလေသည်။ဆရာတော်ထံရှိနေစဉ်ပရိတ်တော်ကို ကျက်မှတ်စေ ၏။ထို့ကြောင့် တစ်လကျော်နှစ်လနီးပါးထိ ကျက်မှတ်၍ နေခဲ့ပါသည်။

ဆရာတော်ထံနေစဉ်ထပ်မံ၍ ခက်တေ ဟူသောစကားပြန်ပေါ်လာလေ၏။အကြောင်းမှာ ဆရာတော်နှင့် သီလရှင်မဒေါ်မန္ဒီတို့သည် မလျော်သော အရှုပ်တော်ဖြစ်ခဲ့ရသည်။ ထိုမတော်အရှုပ်ယုတ်မာမှုကို မြင်တွေ့ လာသဖြင့် မောင်ခက်ကေမှာ အခက်ကြုံ လာရပြန်၏။ထို့ကြောင့်“ဆရာတော်ဦးသောမ ခက်တေခက်တေ၊ သူတော်မဒေါ်စန္ဒီခက်တေ ခက်တေ” ဟူ ၍ရေရွတ်ခဲ့ပြန်သည်။

ထိုနောက် အခက်တစ်ခုကြုံလာသေး၏။တစ်နေ့သ၌ဖိုးသူတော်ဦးငလုံးသည်ဆိတ်ကျောင်းကာ ချုံပုတ်ထဲက ထွက်လာခဲ့၏။လူပျိုကြီးမောင်အောင်ကျော်သည် ဘူးတောင်းအပေါက်တစ်လုံးကိုကိုင်တွယ်၍ တောချုံတစ်ခု က ထွက်လာခဲ့လေ၏။အပျိုကြီးမစံအေးကလည်း မုံလာဥတစ်ချောင်းကိုလက်မှာကိုင်လျက် ဘူးချုံအောက်က ထွက်ပေါ်ခဲ့လေ၏။ထိုသုံးဦးတို့ကို ငခက်ကေကိုယ်တိုင်မြင်တွေ့ခဲ့ရလေသည်။

ထို့ကြောင့် မဆိတ်ငြိမ်နိုင်တော့ဘဲ“ခက်တေ ခက်တေ ခက်တေ ခက်တေ ခက်တေ ခက်တေ” ဟုတစာစာ မြည်သံထွကပ်ပေါ်လာခဲ့ရသည်။

မောင်ခက်ကေမှာ မြည်သံ၊ဟစ်သံ၊ရေရွတ်သံမားကို အခါအားလျော်စွာ ဖြစ်ပေါ်လျက်ရှိနေပေ၏။ ထိုအခါ ဖခင်ဖြစ်သူသည်လည်း အခက်ကြုံလာခဲ့ရလေ၏။ စိတ်ပူသောကမအေးဘဲစိုးရိမ်၍သာ ရှိခဲ့ရလေ၏။မကြံ တတ်မစဉ်းစားတတ်ရာကားဘုရင်မင်းမြတ်ထံအပ်နှံရန် စိတ်ဖြစ်ပေါ်လာခဲ့ရလေ၏။ဘုရင်မင်း အားကြောက် လန့်သဖြင့် ခက်တေစကားကိုမပြောဝံ့ဘဲ နေရာကောင်း၏ဟု ယူဆခဲ့လေ၏။ထို့ကြောင့်သားဖြစ်သူအား ဘုရင်မင်းထံ အပ်နှံလိုက်လေ၏။

မောင်ခက်ကေကို ဘုရင်မင်းက ရှေ့တော်၌ရပ်စေ၏။ထို့နောက် ၄င်းအား မိန့်တော်မူသည်မှာ-
“သင့်ကို အဘယ်ကြောင့်ငါ့ထံသို့လာရောက်အပ်နှံထားခဲ့ရလေသနည်း” ဟုမေးလေ၏။

ထိုအခါ ၄င်းကဤသို့လျှောက်တင်လေ၏။
“မှန်လှပါ အရှင်မင်းမြတ် ကျွန်တော်မျိုးဆိုလျှင်ခက်တေဟူ၍ ပြောဆိုလေ့ရှိတတ်ပါသည်။မဟုတ်မမှန်သော အခြင်းအရာ၊ယုတ်မာသောအကျင့်ဖောက်ပြန်လေရာ လော်လည်ပျက်ယွင်းခဲ့ရာတို့ကို မြင်တွေ့သိရှိပါက မထိန်မ၀ှက်နိုင်စွမ်းပါ၊ တိတ်ဆိတ်နေခြင်းငှာ မတတ်ကောင်းလှပါ၊ ထိုမဖွယ်မရာတို့ကို မမြင်မတွေ့မသိ ရှိ သောသာငြိမ်သက်မှုပြုနိုင်ပါသည်။ထို့ကြောင့် ခက်တေဟူသော စကားကို ပြောဆိုခဲ့ရခြင်း ဖြစ်ပါသည်။ ထိုစကားကြောင့်လည်း အရှင်မင်းထံအပ်နှံထားခဲ့ရခြင်းဖြစ်ပါသည်” ဟုထွက်ဆိုရှင်းပြခဲ့လေ၏။

ထိုအခါ ဘုရင်လည်း အခက်ကြုံလာရလေ၏။သို့ရာတွင် ထိုစကားကို မပြောမိရန် တားမြစ်အံ့ဟု အကြံဖြစ် ခဲ့ရလေ၏။

ထိုအကြံအစည်အတိုင်း မောင်ခက်ကေ ကိုဆက်လက်၍အမိန့်ရှိလေ၏။
“ထိုသို့ပြောဆိုတတ်သည်မှန်က ယနေ့ကစ၍ရပ်တန့်ချေလော့၊ငါ၏နန်းတော်အတွင်းအပြင်၌ ထိုစကားကို လုံးဝမထွက်ပေါ်စေရ၊ငါဘုရင် ကြားသိရက အပြစ်ဒဏ်ကြီးစွာ ကျခံစေမည်”ဟု တစ်ချက်လွှတ် အမိန့်အာ ဏါတော်ထုတ်ပြန်ခဲ့လေ၏။

ဘုရင်၏အမိန့်အတိုင်း ကြောက်လန့်ရိုသေစွာ ငြိမ်သက်လျက်နေလာခဲ့လေ၏။
မောင်ခက်ကေ နန်းတော်၌ကာလအတော်ကြာခဲ့လေ၏။ထိုတွင် တိတ်ဆိတ်မနေနိုင်ရန် အခွင့်ကြုံလာ ရပြန် လေ၏။အကြောင်းမှာ မိဖုရားမလှကြာဝေနှင့်အမတ်ငမျောက်ကေတို့ဖောက်ပြန် ဖောက်လွဲဖြစ် ကြ ရလေ၏။ ထိုမသမာမှုကို တွေ့မြင်ရလေသော်ပါးစပ်က မငြိမ်မသက်ဖြစ်လာရလေ၏။ ထိုအခါ မောင် ခက်ကေမှာ အခက်ကြုံရသဖြင့် ပြောဆိုချင်လာလေ၏။

ထို့ကြောင့်“မိဖုရားမလှကြာသေ ခက်တေခက်တေ၊အမတ်ငမျောက်ကေ ခက်တေခက်တေ၊ဆားမရရေမရ ခက်တေ ခက်တေ”ဟူ၍အသံမစဲ လျှံထွက်ခဲ့ရလေ၏။

ငခက်ကေသည် တစ်စခန်းထ၍ဆိုကောင်းစဖွယ်ဆိုလေ၏။ ဘုရင်ကြီးသည်ထိုစကား ကို ပြန်လည်ကြား ရသောအခါဒေါသအမျက်ချောင်းချောင်းထွက်လာခဲ့ရလေ၏။ထို့ကြောင့်မောင်ခက်ကေအား ခေါ်ပြီးလျှင်   မောင်းမဲ ကြိမ်းဝါးခဲ့ရ၏။

“မောင်မင်းကို ဤအသံကို မကြားစေရဟုအမိန့်အာဏါထုတ်ပြန်ခဲ့သည်မဟုတ်လော၊ အမိန့်အာဏါ ကို ဖောက်ဖျက်၍ အဘယ်ကြောင့်ခက်တေဟူ၍ ပြောဆိုရဘိသနည်း၊ ဤခက်တေဟူသောစကားကို အတိ အလင်းငါဘုရင် သိလိုသည်။မလျှောက်တင်နိုင်က လက်စွဲတော် သံလျက်ဖြင့် စီရင်ခုတ်ပိုင်းရလိမ့်မည်” ဟု မိန့်ကြားလေ၏။

ထိုအခါ မောင်ခက်ကေ သံတော်ဦးတင်လေသည်။
“ကျွန်တော်မျိုး လျှောက်ထားဝံ့ပါသည်။မမှန်ကန်ကအသက်ကိုဆယ်ခါမက မီးတိုက်ခံရဲပါသည်။ရွှေနား ဆင်တော်မူပါဘုရား၊ ဦးစွာ အမိနှောင်း(မိထွေး)သည်တစ်ပါးသူနှင့်ဖောက်ပြားခဲ့ပါသည်။ ဖခင်အားတိုက် ရိုက်မပြောအားပါ၊ ဖခင်လည်း ရိပ်စားမိခြင်းမရှိပါ။ထို့ကြောင့်အခက်ကြုံရ၍ ခက်တေ ဟုပြောဆိုခဲ့ ရခြင်း ဖြစ်ပါသည်။ကျွန်တော်မျိုးပင်လျှင် ရူးနှမ်းရာကျပြီး စုန်းပယောဂ ဆရာနှင့်ဆေးထိုးခံခဲ့ရပါသည်။

ဒုတိယအကြိမ် ဆေးထိုးဆရာတပည့်နှင့်ထိုဆရာမယားဖောက်ပြားကြပါသည်။ထိုအခါလည်း အခက်ကြုံရ သဖြင့်ခက်တေဟူ၍ပြောဆိုခဲ့ရပါသည်။ ထို့ကြောင့် ဗိန္ဓောဆရာက ၀မ်းလျှောဆေးပေးခြင်းကို ခံခဲ့ရပါသည်။
တတိယအကြိမ်၎င်းဆရာကြီး၏မယားနှင့် တပည့်တို့ဖောက်ပြန်လာသည်ကိုတွေ့မြင်ရပါသည်။ ထိုအခါ လည်းမပြောအားဘဲအခက်ကြုံရပြန်သည်။ မထိန်ဝှက်နိုင်သောကြောင့် ခက်တေ-ခက်တေဟူ၍ပြောဆို လာ ခဲ့ရပြန်သည်။

စတုတ္ထအကြိမ် ရွာဦးကျောင်းဆရာတော်ထံအပ်နှံခဲ့ပါသည်။ထိုတွင်နေရစဉ်ဆရာတော်နှင့်မေသီလ မဖွယ် မရာတွေ့မြင်ရ၍အခက်ကြုံရပါသည်။ထို့ကြောင့်တိတ်ဆိတ်မထားနိုင်သဖြင့် ခက်တေဟူ၍ပြောခဲ့ရပြန် သည်။

ယခုဆဌမအကြိမ်ဘုရင်မင်းထံအပ်နှံခံရ၍အမိန့်ချမှတ်ထားခြင်းခံခဲ့ရပါသည်။သို့ရာတွင်အမိန့်တော်ကိုဖီဆန် ကျူးလွန်လိုခြင်းအလျဉ်းမဟုတ်ပါ။ ကြောက်ရွံ့ ရိုသေလိုက်နာလာခဲ့ခြင်းအမှန်ပင်ဖြစ်ပါသည်။ ထိုသို့နေပါ သော်လည်း မတော်မလျော်သောအဖြစ် ကို တွေ့မြင်လာရပြန်ပါ သည်။မပြောဝံ့၍အခက်ပွေ လာရပြန် သဖြင့် မချုပ်တည်းနိုင်ဖြစ်လာရပြန်သည်။ထို့ကြောင့် အပြစ်ပေးလျှင်ခံပါရစေ၊ပြောဆိုနှုတ် ထွက်ရေရွတ် မိခဲ့ ရခြင်းသာ ဖြစ်ပါသည်” ဟုလျှောက်တင်လေသော်

ဘုရင်က“ထိုအဖြစ်ကိုထင်စွာသိစေလော့”ဟုမိန့်ကြားလေ၏။ ထိုအခါ ငခက်ကေလည်းမကွယ်မ၀ှက် ဘဲ လျှောက်တင်ခဲ့ရလေ၏။ ထို့ကြောင့်မိဖုရားနှင့်အမတ်ဖောက်ပြားခြင်းကို ထင်ရှားစွာ သိရှိလေတော့ ၏။ထို အခါ ဘုရင်သည်မိဖုရားနှင့်အမတ်ကိုခေါ်ယူစစ်ဆေးခဲ့ရလေ၏။ အမှန်ဖြစ်ကြောင်းဝန်ခံ ထွက်ဆို ခဲ့ကြ သော်လည်း“မိုက်မဲလေစွ၊ခွေးယုတ်မာမခြားရှိပေတကား” ဟုအပြစ်တင်လေ၏။

ထိုနောက် နှစ်ယောက်စလုံးအား တောမြိုင်ထဲသို့နှင်ထုတ်ခဲ့လေ၏။မောင်ခက်ကေကိုလည်းအပြစ်ဘေးမှ လွတ်ငြိမ်းစေလေ၏။သို့ရာတွင် နန်းတွင်း၌မထားဘဲလွတ်ရာနေထိုင်စေလေ၏။

ပဉ္စမအကြိမ်လည်း ဦးသူတော်၊လူပျိုကြီး၊အပျိုကြီးသုံးဦးတို့ကို အမြင်မတော် တွေ့မြင်ရလေသည်။ ထိုအခါ တွင်လည်း အခက်ကြုံ၍ ခက်တေ ဟူ၍နှုတ်မြွတ်ရပါသေးသည်။

မောင်ခက်ကေသည် ခက်ခဲစွာနေထိုင်လာရလေသည်။စားရေးအခက်အခဲ၊ နေရေးအခက်အခဲ၊ ၀တ်ရေး အခက်အခဲနှင့်ကြုံခဲ့လေသည်။ ကျပ်တည်းကျဉ်းမြောင်းစွာ နေလာရသောအခါ မကျန်းမမာဝေဒနာ ဖိစီးလာ သည်။ ချောင်းဆိုးပန်းနာ ရောဂါကို ပြင်းထန်စွာခံစားရလေသည်။

ဝေဒနာနှိပ်စက်ခြင်းကြောင့် မချိမဆန့်ဖြစ်လာရလေသည်။ ဝေဒနာပြင်းထန် လာသောအခါ လေးဘက်တွား ၍ ကြိတ်မှိတ်ခံခဲ့ရသည်။ အသက်ရှူကျပ်လာသောအခါ ဦးခေါင်းဇောက်ထိုး၊ရင်ဘတ်လက်နှင့်ဖိ၍ အသက် ငင်သလိုဖြစ်ခဲ့ရသည်။ သို့ရာတွင်တစ်ကိုယ်တည်း ဖြစ်နေရာကား ပြုစုမည့်သူမရှိ၊ ရေတစ်ကျိုက်၊ ထမင်း တစ်လုတ်ပေးဖော် ကင်းလေသည်။

အိမ်၌ အမိုးအကာ ဟာလာဟင်းလင်းဖြစ်နေသည်။ အိပ်စရာနေရာမှာ ၀ါးကြမ်းအခင်း သုံးချောင်းသာရှိ သည်။ အိပ်ရာခင်း ခြုံစရာဟူ၍ ဗလာနတ္ထိဖြစ်လေသည်။ ထိုအကြား မိုးကာလတွင်ရွာသွန်း လာသော မိုးရေဖြင့် စိုရွှဲခံနေရသည်။ ထိုဝေဒနာကို မကျော်လွှားနိုင်ရာကား သေမည့်အဖြစ်ကိုရင်ဆိုင်နေရ သည်။ ထို့ကြောင့် အခက်အခဲသေဘေး ကြုံနေရလေသည်။ ထိုအခါ အိမ်နီးချင်းတို့ကိုခေါ်၍ အသိပေးခဲ့လေသည်။ “ငါသေလျှင် ခြေရင်းက သစ်ခက်တစ်ခက်၊နံဘေးက သစ်ခက်တစ်ခက်၊ ခေါင်းရင်းကသစ် ခက် တစ်ခက် စီထည့်၍ သင်္ဂြိုဟ်ကြပါလေ” ဟုမှာထားခဲ့လေ၏။ ထို့နောက်မကြာခင်သေဆုံးခဲ့လေသဖြင့် မှာခဲ့သည့်အ တိုင်း သင်္ဂြိုဟ်လိုက်ကြလေ၏။

မသေမီ မောက်ခက်ကေ၏မှာထားချက်ကိုမည်သူမျှမမေးမိခဲ့ကြ။သေပြီးနောက်တွင်ဆိုလျှင်ထိုမှာတမ်းကို သိလိုကြလေသည်။ သို့သော် သဘောပေါက်ရှင်းလင်းနိုင်ရန် အခက်အခဲဖြစ်ကြလေ၏။ ထို့ကြောင့် တော ရပ်နေပျော်ဆရာတော် ဦးသာဂရကို ပင့်ဖိတ်မှုပြုခဲ့ကြလေသည်။ မောင်ခက်ကေ၏ အခက်အခဲမျိုးစုံကို တင်ပြ၍မေးလျှောက်ကြလေ၏။ ထိုအခါဆရာတော်လည်း အခက်အခဲနှင့်ကြုံတွေ့ခဲ့ရလေ၏။

အမျိုးမျိုးတွေးတောကြံဆလျက် ဖြေကြားခဲ့ရလေ၏။ဆရာတော်က ဖြေကြားရာတွင်“ဒါယကာတို့ သစ်ခက် သုံးခက်ကိုအဓိပ္ပါယ်ယူဆရမည်ဆိုပါကသုံးခုသင်္ချာရသည်၊သုံးခုဆိုသည်မှာဒါန၊သီလ၊ဘာဝနာသုံး ပါးဖြစ်ချေ ရာသည်။ တနည်း ပထမ၊ဒုတိယ၊တတိယ သုံးခုခွဲယူနိုင်သည်။အစ၊အလယ်၊အဆုံးသုံးပါးလုံးကို ဆိုလိုနိုင် သည်။ ခက်အရ ခက်ခက်ခဲခဲ ခဲယဉ်းသောအရာဖြစ်လေသည်။အားလုံးကိုခြုံ၍ ယူဆလျှင် ၌သို့သဘော ရရှိလေသည်”

“မောင်ခက်ကေသည် အသက်ရှင်နေထိုင်စဉ်က ဒါန၊သီလ၊ဘာဝနာတည်းဟူသော ကုသိုလ်တရားသုံးပါးတို့ တွင်တစ်ပါးပါးသော ကုသိုလ်ကောင်းမှုကို ပြုခဲ့မိခြင်းမရှိ။ ထိုကုသိုလ်ကောင်းမှုသုံးပါးကို မပြုခဲ့ခြင်းကြောင့် ပထမအစ မွေးဖွားခါစ၌လည်းကောင်း၊ ဒုတိယအလယ် လူလားမြောက်သောအခါ၌လည်းကောင်း၊ တတိ ယအဆုံးသေကာနီး၌ လည်းကောင်းအကျိုးပေးခြင်းကို တစ်စုံတစ်ခုမှ မခံစားရ။ထိုသို့ ကုသိုလ်မပြု ခဲ့မိမှု၊ ထိုကုသိုလ်ကံ၏အကျိုးကို တစ်စုံတစ်ခုမှ မခံစားရခြင်းကြောင့် ခက်ခက်ခဲခဲကျပ်တည်း ကျဉ်းမြောင်း ဆင်းရဲ စွာဖြင့် ဘ၀ဇာတ်သိမ်းသွားခဲ့ရလေသည်။ ထိုအကြောင်းအဖြစ်သနစ်ကို နောင်လာနောင်သားတို့ သံဝေဂ ဥာဏ်ရစေခြင်းငှာ သရုပ်ဆောင်သွားခဲ့ခြင်း ဖြစ်လေရာသည်။အလောင်းကောင်တွင် သစ်ခက်သုံး ခက်ထည့် စေခဲ့ခြင်းအဓိပ္ပါယ်မှာ ၌သို့ယူဆစရာဖြစ်လေသည်” ဟူ၍ရှင်းလင်းပြောပြခဲ့လေ၏။ထိုအခါမှ လူ များလည်း ကျေနပ်နှစ်သိမ့်သွားခဲ့ကြလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
Blogger Widgets