ရှေးအခါက အလွန်သာယာလှပသော တောအုပ်ကြီး တစ်ခုရှိခဲ့လေသည်။ ထိုတောအုပ်ကြီး၌ ချေငယ် တစ်ကောင်နှင့် ကျီးကန်းတစ်ကောင်တို့ကျက်စားနေ ထိုင်လျက်ရှိခဲ့ကြလေ ၏။ ချေငယ်ကားတော အုပ် မြိုင် ကောင်းသော သစ်ပင်ကြီးတစ်ပင်၏အောက်၌ နေထိုင်လေသည်။ ကျီးကန်းငယ်မှာမူ ချေနေသောထို သစ် ပင်ကြီး၏ ထိပ်ချာခေါင်ဖျားသစ်ကိုင်းခက်၌ နေလေ့ရှိလေ၏။ ၄င်းတို့ သည် သစ်ပင်ကြီးကိုမှီခိုလျက် အချင်း ချင်းမိတ်ဆွေဖွဲ့ကာနေထိုင်လာခဲ့ကြလေ၏။ ရန်သူရောက်လျှင် တစ်ကောင်က တစ်ကောင်ကိုအသိ အမှတ် ပေး၍နေလာခဲ့ကြလေ၏။
တစ်နေ့သ၌မြေခွေးတစ်ကောင်သည် ထိုသစ်ပင်ကြီးအောက်သို့ရောက်ရှိလာလေ၏။ ထိုမြေခွေးကို ကျီးကန်း ကမြင်လေသော် မိတ်ဆွေချေငယ်ကို“အာ-အာ”ဟူသောမြည်သုံကိုပြုလေ၏။ ချေငယ်ကလည်းတစ် စုံတစ် ခုသောရန်သူများရောက်လာပြီဟူ၍ သိရှိလေ၏။သစ်၊ကျား၊ခြင်္သေ့၊မြေခွေး၊ မုဆိုးဘေး ရောက် လာသော် တိမ်းရှောင်လေ့ရှိ၏။ထိုကြောင့် ချေငယ်သည်မြေခွေးဘေးရန်မှလွတ်မြောက်ရာသို့ပုန်းအောင်းနေ ခဲ့လေ၏။
မြေခွေးသည် ထိုအချင်းအရာကိုမြင်လေသော် မနာလိုဖြစ်လာလေ၏။ အကောက်ဥာဏ်ကြံဆင်လျက် မိတ် ဆွေပျက်ပြားမှုကို ပြုခဲ့လေ၏။စဉ်းလဲကောက်ကျစ်တတ်သော မြေခွေးသည် တစ်နေ့သ၌ ချေငယ်ကို ဂုံးချော စကားပြောလေ၏။ ပြောသည်မှာ...
“အဆွေချေငယ်၊သင်နှင့်ကျီးကန်းသည် နှစ်ဦးချင်းမိတ်ဖွဲ့နေကြသည်။ ငယ်စဉ်ကစ၍မိတ်ဖွဲ့နေကြခြင်း သည် ကောင်းအံ့မထင်။အကြောင်းသော်ကား အဆွေကအမြင့်မှာ မနေရဘဲ မြေတွင်သာ သွားလာနေရ သည်။ ကျီးကန်းမှာမြေသို့မဆင်းသက်ရဘဲ ကောင်းကင်၌ပင် ပျံသန်းသွားလာနေရ သည်။ ကောင်း ကင်နှင့် မြေကြီး ဆိုလျှင် မည်မျှကွာဝေးလေသနည်း ။ ဟော...အပေါ်သို့မော်ကြည့်စမ်း ပါ၊ ကောင်းကင် ၏အဆုံး ကိုမြင် ၏လော ၊ အောက်မြေကြီး ကို ငုံ့ကြည့်လိုက်စမ်းလော မည်သို့တွေ့မြင်ရမည်နည်း။ ဤသို့သဘော နှင်နှင် သင်နှင့်သင့်မိန်ဆွေဖြစ်အင်ကို မှတ်ကြစေချင်သည်။ အသင်နှင့်ငါသည်သာလျှင် စင်စစ်မိတ်ဆွေဖွဲ့ သင့် လေသည်။ ခြေလေးချောင်းရှိသူချင်းတူကြသည်။ မြေတွင်ဆိုလျှင်လည်း တွား၍သွား တတ်သူချည်းဖြစ် သည်။မတူသူကို တုနှိုင်းခြင်းကားအမှားသာတကား။ ယခုငါပြောသောစကားကို ဟုတ်-မ ဟုတ်စဉ်းစားကြည့် ပါ။ မှန်သလော၊မှားသလော တွေးကြည့်ပါ၊ ယင်းသို့ဆင်ခြင်နှလုံးသွင်းကြည့်က အဖြေမှန် ကို သိသာထင် ရှားနိုင်ရာသည်” ဟုလှည့်ဖျားလေ၏။
မြေခွေး၏ဖျားယောင်းစကားကို ချေငယ်သည် ကြားသိလာခဲ့ရလေသည်။ အကြိမ်ကြိမ်ကြားနာလာ ရလေ သောအခါ နားယောင်မှုဖြစ်လာရလေ၏။ မိတ်ဆွေဖွဲ့မှု၌စိတ်မချ၊ အယုံမကြည်သဘောရှိ လာ ခဲ့လေ၏။ ထို့ ကြောင့် မြေခွေးကိုပင်မိတ်ဆွေဖွဲ့လိုခြင်း ဆန္ဒသက်ရောက်ခဲ့လေ၏။ မြေခွေးစကားကိုလည်း အကယ်ထင် မှတ်၍ လာခဲ့ရလေ၏။
စကားနားဝင်သောအခါကပင်စ၍ ချေငယ်သည် ကျီးကန်းကို မိတ်ဖျက်လာခဲ့လေ၏။ မြေခွေးကိုပင် “အဆွေနှင့်ငါသည် ယနေ့မှစ၍ အဆွေခင်ပွန်းဖြစ်ကြအံ့”ဟု ပြောဆိုဆက်ဆံလေသည်။ ထိုအခါ ချေငယ်၏ ယုံကြည်မှုကို မြေခွေးသည်ကောင်းစွာရရှိသွားလေ၏။ ထို့ကြောင့်ချေငယ်ကို မိမိနောက်သို့ လိုက်ပါနေစေ ရန် ခေါ်ဆောင်ခဲ့လေသည်။
ကျီးကန်းနှင့်ချေငယ်သည် မိတ်ဆွေအဖြစ်မှ တစ်စတစ်စဝေးကွာခဲ့ကြလေ၏။ ကျီးကန်းကို ဖယ်ရှားလျက် မိန်ဆွေသစ်မြေခွေးကိုသာလျှင် အားထားလာလေသည်။ မြေခွေးနောက်သို့ တကောက်ကောက် လိုက်ပါနေ ခဲ့လေ၏။မြေခွေးကလည်းချေငယ်ကိုပို၍ လှည့်ဖျားလာခဲ့လေသည် ။အခွင့်သင့်တိုင်း မြေခွေး က ဖျောင်း ဖျ လှည့်စား၍ ပြောဆိုခဲ့လေသည်။
မြေခွေးနောက်မှ လိုက်ပါနေစဉ် ချေငယ်အား ဤသို့ပြောလေ၏။
“အဆွေ သင်သည် ငါ့နောက်သို့လိုက်ပါခြင်းကား အကျိုးရှိလေသည်။ ငါနှင့်မကွာ နေရသည်မှာ အကျိုး များချေစွ၊ လယ်ကွင်းထဲတွင် စိမ်းညို့နေသော စပါးခင်းများရှိကြသည်။ ကိုင်းယာခင်းတွင်ဆိုလျှင် ပန်းနုပန်း ရွက်များ ပေါက်ရောက်လျက်ရှိနေသည်။ ထိုစပါးနှင့်နှံတွားသစ်ရွက်ျားကို ယခုစားရတော့မည်။ အသင်မ ကြောင့်ကြနှင့်” ဟုနှစ်သိမ့်ခဲ့လေသည်။
မကြာခင် လယ်ကွင်းတစ်ခုသို့ရောက်ရှိခဲ့ကြလေ၏။မြေခွေးစဉ်းလဲက....
“အဆွေ... ဟော... ကြည့်စမ်းပါလော့၊လယ်ကွင်းထဲတွင်စိမ်းညို့နုနယ်သောစပါးခင်းများကို မြင်ပါ၏လော၊ ဘယ့်ကလောက်လှပပါသလဲ၊အသင်သွား၍ ၀မ်းဝအောင်စားလေလော့”ဟုတိုက်တွန်းပြောဆိုလေ၏။ ထိုအ ခါချေငယ်လည်း စိတ်ရှိစွာစားသောက်ခဲ့လေသည်။
ချေငယ်သည်လယ်ကွင်းထဲ၌ စားသောက်လာခဲ့ရသဖြင့် စိတ်ပျိုကိုယ်နုလာခဲ့ရလေသည်။ ငယ်က မိတ် ဆွေကောင်းကိုကဲ့ရဲ့ပြစ်တင်၍ မိတ်ဆွေသစ်ကိုသာ ချီးကျူးခြင်းပြုလာလေသည်။
“ငါသည် ကျီးကန်းနှင့် အဆွေခင်ပွန်းပြုလာသည်မှာ ကြာခဲ့ပြီ၊ဤမျှလောက်ကြာပြီးသော်လည်း ဤကဲ့သို့အ စားကောင်းများကို တစ်ကြိမ်တစ်ခါမှ မစားခဲ့ရဘူးချေ၊မိတ်ကောင်းဆွေကောင်းနှင့်ပေါင်းမိလျှင် စားသောက် မကုန်ဆိုရာသည်၊ ကျီးကန်းကား ငါ၏ကောင်းသောမိတ်ဆွေမဖြစ်တန်ခဲ့ရာ ၊မြေခွေးနှင့်ပေါင်းဖော်မိ မှပင် အစားကောင်းကို စားလာရသည်။ ငါ့အတွက် မြေခွေးသာလျှင်မိတ်ကောင်း အစစ်ဖြစ်ရာသည်။ငါသည် ယနေ့ကစ၍ ဤလယ်ကွင်းကို အမှီပြု၍နေပေအံ့။အသက်ထက်ဆုံး တည်နေနိုင် လတ္တံ့။”ဟုအောက်မေ့ လာခဲ့လေသည်။
ချေငယ်သည် အစာ၌တပ်နှစ်သက်၍ဘေးကိုမမြင်လေဘဲရှိလေ၏။ထို့ကြောင့် မကြာခဏစပါးခင်းများကို ထွက်၍စားနေလေသည်။ စားဖန်များလာသောအခါ လယ်ရှင်သူကြီးက မကြာခင်တွေ့မြင်လာခဲ့လေ၏။ မိမိစပါးခင်း ပျက်စီးခံရသည်ကို စိတ်ဆိုးမာန်ပါဖြစ်လာရလေသည်။ ထိုအခါချေငယ်ကို ဖမ်းမိရန်ကြံဆောင် လာခဲ့ရလေ၏။ သွားလာနေကျဖြစ်သော လမ်းတို့၌ သားရေကျော့ကွင်းကြီးကို တပ်ဆင်လေသည်။ မကြာ မီ ကျော့ကွင်းထောင်ချောက်၌ချေငယ်သည်မိလေ၏။ လည်ပင်းတွင်သားရေ ကျော့ကွင်းမိလေသော် ပြေး မလွတ်ဘဲရှိခဲ့ရလေသည်။
ထိုအခါရုန်းကန်၍ ဟစ်အော်ခဲ့လေ၏။
“အဆွေမြေခွေး၊ငါသည် ကျော့ကွင်း၌အမိခံနေရပြီ၊ လယ်ရှင်ရောက်လာက အဖမ်းခံရမည်သာရှိတော့ သည်။ သေမည့်ဘေးကို ဆိုက်ရောက်နေပြီ၊ အလျင်လာလှည့်ကူပါလော့၊ သားရေကျော့ကွင်းကြီးကို ကိုက် ဖြတ်ပေးချေလော့၊ငါ့အားသေဘေးမှ ကယ်တင်ပါလော့”ဟုအော်မြည်တမ်းယမ်းလေသည်။
ချေငယ်၏အော်သံကိုကြားရသောအါ မြေခွေးကပြောသည်မှာ...
“ငါသည်သင့်ကိုချစ်မြတ်နိုး၍ခေါ်ယူလာခြင်းမဟုတ်၊ သင်၏အသားကို စားလို၍သာ ဥပါယ်တမျဉ်ဖြင့် လှည့် ဖျားယူလာရသည်၊သင်သည် ငါ၏အစာပင်အဖြစ်ခံရတော့အံ့” ဟုထုတ်ဖော်လေသည်။အားရ၀မ်းသာ စွာဖြင့် ချေငယ်သေသည်တိုင်စောင့်စားနေလေ၏။ကူညီရန် မပြုတော့ဘဲချေသေလျှင်အသားကို စား ရတော့မည်ဟု မှတ်ထင်နေလေသည်။ထိုနောက်တောချုံထူထပ်ရာသို့ ၀င်သွားလျက်ရွက်ပိတ်ပေါင်းထဲ ပုန်းအောင်းနေခဲ့ လေသည်။
ချေငယ်သည် မြေခွေးမပေါ်လာမှန်းသိလာခဲ့လေ၏။ ထိုအခါမှသတိရလျက်မိမိသေဘေးကို တွေးတော ကြောက်ရွံ့လာလေသည်။
“ကောက်ကျစ်စဉ်းလဲသော မြေခွေးမိုက်၏စကားကိုယုံမိမှားလေစွ၊အစာကိုသာမြင်၍ ဘေးကိုမမြင်မိလေခြင်း ဟုယူကျုံးမရဖြစ်ခဲ့လေ၏။ထို့ပြင်အရှည်ကိုမကြည့်ဘဲအတိုကိုကြည့်ခဲ့မိသည်တကား။စကားပြောကောင်းသော မိတ်ဆွေမျိုးကိုပေါင်းဖော်မိလေသည်။ယခုသေဘေးနှင့်ရင်ဆိုင်တွေ့ကြုံနေ ရလေ ပြီမဟုတ်လော ။ ကောက် ကျစ်စဉ်းလဲ၍ မာယာများသောမြေခွေးမိုက်ကို အထင်ကြီးခဲ့ပေသည်။ မိတ်ဟောင်း ကို ပြစ် တင် ကဲ့ရဲ့ပြီး လျှင် မိတ်သစ်ကို ကျေးဇူးတင်မိခဲ့လေသည်။ ငါယုံစားခဲ့ခြင်းတို့ကား အမှား ကြီးမှားလေစွ” ဟုနောင် တဖြစ် လာခဲ့ရလေ၏။ မိမိကိုယ်ကို အပြစ်တင်အမှား ကောက်ခဲ့ရလေသည်။
မည်သို့အားထုတ်သော်လည်း လွတ်မြောက်ရန်ဝေးခဲ့၏။ သေမည့်ဘေးကို ရှောင်ရှားရန်မတတ်နိုင် ရှိနေ လေသည်။ထိုသို့အားငယ်စိတ်လျော့နေစဉ် မိတ်ဆွေဟောင်းကိုသတိရလာသည်။
”မိတ်ဆွေဟောင်းဖြစ်ခဲ့ဖူးသောကျီးကန်းကားရှိသေးသည်။ မည်သို့ဆိုစေ ကယ်မည်ဆိုက ကယ်နိုင်ကောင်း သည်။ မိတ်ဆွေရင်းကို ပစ်ခွာ၍ လှည့်ဖျားယုံစားမိလေသည်။ ယခုသေဘေးနှင့် ကြုံတွေ့နေရပြီ။ မိတ်ဆွေ ကျီးကန်းပင်လျှင်ကယ်တင်လှည့်ပါ။အလျင်အမြန် လာရောက်၍ လွတ်အောင်ပြုပါလော့၊ယင်ကြဲမကို မိတ် ဆွေဖွဲ့၍ မျက်စိရစ်ဝန်း၌ ယင်ကြဲဥဖြူစွာဥချပါလော့၊ ဦးခေါင်းနှင့်အမြီးကို နှုတ်သီးဖြင့်ထိုးဆိတ်ဟန်ပြု ပါ လော့”ဟု ကျီးကန်းအား တမ်းတပြောဆိုလိုက်လေသည်။
တမ်းတတိုင်းကျီးကန်းလည်းမဆိုင်းမတွဘဲ ရောက်လာခဲ့လေသည်။ ရောက်လာလာချင်း ဘေးဆိုက်နေ သော ချေငယ်ကိုတွေ့မြင်လေသော်လွန်စွာသနားလေ၏။ ထိုကြောင့်ချေငယ်ဆန္ဒပြည့်ဝစေရန် ယင်မမဲ ရိုင်း ကို မိတ်ဖွဲ့လျက် ချေငယ်မျက်စိဝန်း၌ ယင်ချေးဥ ဥချလေ၏။ယင်ချေးဥချပြီးသောအခါ ဦးခေါင်းနှင့်အမြီး ကို နှုတ်သီးဖြင့် ထိုးဆိတ်ဟန်ပြုလေသည်။
ထိုအခြင်းအရာကို လယ်ရှင်မြင်လေသော် ချေငယ်အကယ်သေပြီဟု ထင်မှတ်လေ၏။ လျင်စွာပြေး လာ ခဲ့ကာ ချေငယ်မိနေသော ကျော့ကွင်းကို လည်မှ ဖြုတ်ချွတ်လေသည်။ ထို့နောက်နွယ်ကြိုးဖြတ် ရန်တော သို့ဝင်လေ၏။ ထိုစဉ်ကျီးကန်းကအသံပေးလေရာ ချေငယ်လည်းတစ်ဟုတ်တည်းထ၍ပြေးသွားလေသည်။ လယ်ရှင်သူ ကြီးမြင်လေသော်လက်၌စွဲကိုင်၍ပါလာသောဓါးဖြင့် တအားကုန်ပစ်လွှတ်လေသည်။ ထိုအခါ ချုံထဲ၌ ပုန်းအောင်းလျက်ရှိသော မြေခွေးဦးခေါင်းကိုထိမှန်၍ အသက်ဆုံးရှုံးခဲ့ရလေ၏။
မြေခွေးမိုက်သည် ချစ်ချင်နေသောမိတ်ဆွေကို မကောင်းကြံဆောင်မှုကြောင့် ဘေးဒဏ်ထိခံရလေသည်။ မကောင်းကြံက ဘေးရန်ခခြင်း ဖြစ်ခဲ့ရလေ၏။ သူများကိုမနာလို ကိုယ့်မှာ အကျိုးမဲ့သာရောက် ခဲ့ ရလေ သည်။
“လူကိုမကောင်းမကြံကောင်း၊ မကောင်းကိုယ့်တွင် ကိုယ့်ရင်တွင်းမှာ ပြေးလို့ဝင်” ဟူ၍မျက်မှောက်ဘေး ထိခံခဲ့ရလေ၏။ “လူကိုမနာလို ကိုယ့်မှာအကျိုးမရှိ” ဟူသောစကားစဉ်ကိုပါ ဖြစ်စေခဲ့လေသတည်း။
ယင်ကြဲမ = ယင်မမဲရိုင်း။
ယင်ကြဲဥ = ယင်ချေးဥ။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)