မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဘင်္ဂါလီရိုဟင်ဂျာများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်းနှင့် တည်းခိုခန်း တစ်ခု ပျက်စီးခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက်ပိုင်းတွင် ရေးသား ဖေါ်ပြထားချက်အရ သိရှိရပါသည်။ လက်ရှိအချိန်တွင် မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကြက် ချထားလျက် ရှိကြောင်း၊ နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကြက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရသည်။
"မနေ့က ဖြစ်စဉ်မှာ မောင်တော မြို့ထဲက ဗလီမှာ ဘင်္ဂါလီများ စုဝေးကြတယ်။ အဲ့ဒီအချိန်မှာပဲ သက်ဆိုင်ရာ ကျောင်းတွေ၊ ရုံးတွေ၊ ဈေးဆိုင်တွေကို ပိတ်ထားဖို့ သက်ဆိုင်ရာက ပြောခဲ့တယ်။ လုံခြုံရေးတာဝန်ရှိသူတွေက ဘင်္ဂါလီအုပ်စုကို သွားရောက် ဟန့်တားခဲ့ပါတယ်။ ဒါပေမယ့် လူစုမကွဲဘဲ မွန်းလွဲပိုင်းမှာ အိမ်တွေကို စပြီး ဖျက်ဆီးတာ မီးရှို့တာ တွေလုပ်တယ်။ လူအင်အား ထောင်ကျော်ရှိတယ်။ သူတို့က လေးတန်း၊ ငါးတန်း အရွယ်ကလေးတွေကို ရှေ့တင်ထားပြီး မြှောက်ပေးပြီး လူအုပ်စုလိုက် လိုက်ဖျက်ဆီးကြတာ" ဟု ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ ဒေသခံတစ်ဦးက Eleven Media Group မှ ဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ဖျက်ဆီးခံရမှုထဲတွင် Eleven Media Group ၏ မောင်တောသတင်းထောက် ကိုဝင်းမောင်၏ နေအိမ်လည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် Eleven Media Group မှ ထောက်ပံ့ငွေ သိန်း ၂၀ ပေးအပ်မည်ဖြစ်ပြီး မောင်တောတွင် ပျက်စီးဆုံးရှုံးမှုများကို ကူညီရန်အတွက်လည်း အလှူငွေ ကျပ်သိန်း ၂၀ ကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါသည်။