You Are Here: Home - ပင်မစာမျက်နှာ , သုတရေးရာ , ဆောင်းပါး - အနာဂတ်အဆုံးအဖြတ် (သို့) အမျိုးသားရင်ကြားစိရေး

ကျွန်သက် နှစ်ရာကျော်ကာလအထိ သမိုင်းအမှောင်ချ၊ သွီးထိုးလှုံ့ဆော်၊ ရန်တိုက်ခံလာရသော ရခိုင်လူမျိုးများမှာ သမိုင်းကွင်းဆက်ပြတ်ကာ ရန်သူကို မိတ်ဆွေထင်၊ မိတ်ဆွေကို ရန်သူမြင်ပြီး၊ သွီးရင်း သားရင်းအချင်းချင်း အထင်အမြင်လွဲမှား၊ နှိမ့်ချဆက်ဆံ၊ စော်ကား၊ ရန်များခမှုများမှာ လွန်ခသော အတိတ်သမိုင်း၌လည်း ဟိနိန်ခပြီး လက်ဟိပစ္စုပ္ပာန်တွင်လည်း တချို့နိန်ရာ၊ တချို့ပုဂ္ဂိုလ်များ၏ စကားနန့် လုပ်ရပ်များကြားတွင် တွိမြင်နိန်ရတုန်းပင် ဖြစ်ပါသည်။
၎င်းရို့ထဲ၌ အပြင်းထန်ဆုံး လွဲမှားမှုများမှာ အနောက်သားများကို ခွဲခြားဆက်ဆံခြင်း၊ အဝကျွန်းသား များကို နှိမ့်ချရန်မူခြင်း၊ ချောင်းသားများကို မတူမတန်ဆက်ဆံခြင်း၊ ရမ်းဗြဲစကားပြောနန့် ဗမာစကားပြော (တောင်ပိုင်းသား) များကို နှိမ့်ချသရော်ခြင်း အပြင် တခြားသော ရခိုင်မျိုးနွယ်စု သက်၊ ခမွီး၊ မြို၊ ဒိုင်းနက်၊ မရာမာများကို ပစ်ပယ်နှိမ့်ချ ဆက်ဆံခြင်းများပင် ဖြစ်သည်။
အမှန်က အနောက်သား၊ ရမ်းဗြဲသား၊ ချောင်းသား၊ တောင်သား၊ မရိုးသား၊ ရီကြိုင်သား ဆိုသည် များမှာ နိန်မြီဒေသ ညွှန်းဆိုချက်သာဖြစ်ပြီး အမျိုးအနွယ်အမည်နာမ မဟုတ်ကြောင်းကို ဦးစွာသဖေါ ပေါက်ဖို့လိုပါသည်။ ပြီးနောက် သက်၊ ခမွီး၊ မြို၊ ဒိုင်းနက်၊ မရာမာ အမျိုးအနွယ်များမှာလည်း ရှည်ကြာသော သမိုင်းကြော တလျှောက်လုံး ရခိုင့်တိုင်းပြည်ထဲ၌ ရခိုင်နိုင်ငံသားအဖြစ် သစ္စာဟိစွာ၊ ချစ်ချစ်ခင်ခင် နိန်ထိုင် လာကတ်သော ရခိုင်မျိုးနွယ်စု စစ်စစ်များပင်ဖြစ်သည်။ အနောက်သား၊ အဝကျွန်းသားဆိုသည်မှာ ရခိုင်ကို ဗမာကျွန်ပြုသည့်နောက်တွင်မှ ဘင်္ဂလားသို့ ထွက်ပြီးတိမ်းယှောင်လားခရသော ရခိုင်စစ်ပြီးဒုက္ခသည်များပင် ဖြစ်သည်။
ရခိုင့်သမိုင်းကို လေ့လာသုံးသပ်ကြည့်မည်ဆိုပါကရခိုင်လူမျိုးအစ ရက္ခိတက(ရက္ခပူရပဝေသန ကုလဝင်ကျမ်းအရ)၊ မာရာယုက(ရခိုင်ဇာတိဝံသမော်ကွန်းပေစာမူအရ)၊ ငရက္ခိုက်က(ဓညဝတီရာဇဝင်အရ)၊ အာရက္ခက(အာနန္ဒစန္ဒြားကျောက်စာအရ)၊ အာရီယန်နွယ်က(အေဒီ၉-ရာစုမှစတင်သည့်အယူအဆအရ)ဟူ၍ ငါးမျိုးငါးစား တွိဟိရပါသည်။ သို့သော် မည်သည်ကပင်စစ ရခိုင်လူမျိုးများသည် တိုင်းပြည်တစ်ခုတည်း၊ ရှင်ဘုရင်တပါးတည်း၊ သာသနာတစ်ခုတည်း၊ စာပီတစ်ခုတည်း၊ ယဉ်ကျေးမှုတစ်ပုံစံတည်းဖြင့် နှစ်ထောင်ချီပြီး အတူတကွ ချစ်ကြည်ညီညွတ်စွာ နိန်ထိုင်လာသော လူမျိုးတမျိုးပင်ဖြစ်သည်။
ထိုနောက်ပိုင်း ရခိုင်နိုင်ငံကို ဗမာများ သိမ်းပိုက်လိုက်သောအချိန်မှ စတင်ပြီး ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား၊ မူးကြီးမတ်ရာ၊ ပညာဟိသုခမီ၊ ပညာဟိရဟန်းသံင်္ဃာများကို ကျွန်ပြုရန် ဖမ်းဆီးခေါ်ဆောင်လားပြီး ကျန်ဟိသော ရခိုင်လူမျိုးများထဲမှ အတတ်ပညာသျှင်၊ အသိပညာသျှင်၊ အရာဟိအရာခံ အထက်ပေါ်ရီများကို ပထမအသုတ် သတ်ဖြတ်ပြီး ဒုတိယအနိန်ဖြင့် သူဌေးသူကြွယ်၊ ကုန်သည်၊ လယ်သူကြီးများကို သုတ်သင်၍ တတိယအခါမှာတော့ အနုပညာသည်၊ ဆီးပညာသည်၊ လက်မှုပ ညာသည်များကို ယှင်းလင်းလျှက် လှပသော ရခိုင်အမျိုးသမီးမှန်သမျှကို စိတ်ကြိုက် မုဒိန်းကျင့်သတ် ဖြတ်သည့်အပြင် သာမာန်အရပ်သားများကိုလည်း စိတ်အကြမ်းဝင်လျှင် ဝင်တိုင်း အရွီးအချယ်မဟိ အတိုင်းအတာမသိ နှိပ်စက်၊ ညှင်းပန်း၊ သတ်ဖြတ်ခပါသည်။ ထို့ကြောင့် ဗမာ့ကျွန်ဖြစ်ပြီးနောက် ရခိုင့်အမျိုးအနွယ် အတန်းအစားကို ခွဲခြားလိုပါက -
(၁) ဗမာများသိမ်းပိုက်သည့်အချိန်မှ စတင်ပြီး မဟုတ်မခံတော်လှန်ခကတ်သော (Revolutionary) တော်လှန်ရေးသမား။
(၂) ဗမာများ နှိပ်စက်သတ်ဖြတ်မှုကြောင့် လွတ်ရာကျွတ်ရာသို့ ထွက်ပြီးခိုလုံခကတ်သော (Refugee) ဒုက္ခသည်။
(၃) ပြီးစရာမြီမဟိ ခိုလှုံဖက်တွယ်ရာရှာမတွိ၍ ဗမာရို့၏ ဖိနှိပ်ရက်စက်အုပ်ချုပ်မှုအောက်တွင် အညံ့ခံ လိုင်စင်းပီးခကတ်ရကတ်သော (Slave) ကျွန်။
ဟူ၍ အုပ်စုသုံးစုသာ ကျန်ဟိပါသည်။
၎င်းနောက် ဗမာပြည်ကို အင်္ဂလိပ်များ သိမ်းပိုက်ချိန်၌ ဖိနှိပ်နင်းခြွီခံနိန်ရသော ရခိုင်လူမျိုးများမှာ အသင့်အတင့် လွန့်လူးကုန်းထလာနိုင်ရာမှ ဂနိန့်ပုံစံမျိုးအထိကို လူဦးရွီတဖြည်းဖြည်း တိုးပွါးလာရခြင်းသာ ဖြစ်ပါသည်။
သို့သော် ဗမာလူမျိုးများ၏ နှစ်ပေါင်းများစွာ ကျွန်ပြုခံရမှု၊ အင်္ဂလိပ်လက်အောင် သွီးခွဲအုပ်ချုပ်ခံရမှု၊ ဂျပန်လက်အောက် ဆိုးဝါးစွာ အဆက်အသွယ်ပြတ်တောက်မှု၊ ထို့နောက် ဗမာ့ကျွန် တခါပြန်ဖြစ်ရခြင်း နောက်ပိုင်းမှာတော့ သင်းခွဲ၊ ကုန်းတိုက်၊ မြှောက်ပင့်၊ လိမ်လည်၊ ဖုံးကွယ်၊ ဝါဒဖြန့်၊ အတုအပပြုလုပ် ခံရမှု ပေါင်းမြောက်များစွာအောက်၌ ရခိုင်လူမျိုးများ၏ အမျိုးသားရေးလက္ခဏာ၊ အမျိုးသားရေးစိတ်ဓာတ်ဆိုသည်များမှာ အဖတ်ဆည်မရလောက်အောင် ကွဲပြား၊ လွဲမှား၊ ပျက်စီး၊ ဆိတ်သုန်း လားခရပါသည်။
ထိုအကျိုးဆက်များကြောင့်သာ အနောက်သားကိုနှိမ်၊ ချောင်းသားကိုမရော၊ တောင်ပိုင်းကရခိုင်က ပျက်၊ မြောက်ပိုင်းက အသိခေါက်ခက်အဝင်နက်၊ ခမွီး၊ မြို၊ သက် လူရာမသွင်းရ စသည်ဖြင့် ဘဝတူရခိုင် အချင်းချင်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနိန်ကတ်ခြင်းပင်ဖြစ်သည်။ ၄င်းမှာ ရခိုင်များ ပြန်လည်ဂေါင်း ထောင်မလာရန် ရန်သူ့ဖက်က စနစ်တကျချမှတ်ခသော နည်းဗျူဟာတခုဖြစ်သည့်အပြင် ရခိုင်များအဖို့ လွတ်လွပ်ရေးနန့် နောင်ဆယ်သက် ဝီးရမည့် အနည်းချက်ကြီး တခုလည်းမည်ပါသည်။
ထိုအားနည်းချက်ကြောင့်ပင် ပလက်ဝမြို့ဟိ ခမွီးလူမျိုးအများစုမှာ ရခိုင်အနွယ်အဖြစ်မှ ချင်းခမွီး အဖြစ်သို့ ခံယူလားခြင်း၊ ဗုဒ္ဓဘာသာမှ ခရစ်ယန်သို့ကူးပြောင်းသွားခြင်း၊ ရခိုင်လူမျိုးများကို မုန်းတီးခြင်းများ ဖြစ်ပေါ်လားရပါသည်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဖက်မှ ခမွီးများမှာလည်း ရခိုင်အနွယ်မဟုတ် သော ခမွီး(သီးသန့်) မျိုးနွယ်စုအသွင်ဖြင့်သာ ရပ်တည်လာကတ်ပြီး၊ တချို့မှာလည်း ဗမာလူမျိုးအဖြစ်ခံယူ လားခြင်း ဖြစ်ခရပါသည်။
ယင်းထက်ပိုဆိုးသည်မှာ တချိန်က စစ်ပြီးဒုက္ခသည်များဖြစ်သော ဘင်္ဂလား၊ အဝကျွန်းမှ ရခိုင်လူ မျိုးများ အဖရခိုင်ပြည်သို့ ပြန်လည်အခြီချရန် စစ်တွေ မြောက်ဦး၊ မင်းပြားမြို့များသို့ ရောက်ဟိလာကတ် သောအခါ၌ ၄င်းရို့ကို ဒေသခံများက အလွန်ဆိုးဝါးစွာ ခွဲခြားဆက်မှုကြောင့် တစတစဖြင့် ဧရာဝတီတိုင်းသို့ အားလုံးနီးပါး နာကျဉ်းစွာ ပြောင်းရွိလားကတ်ခြင်းပင် ဖြစ်သည်။
ပြီးလျှင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲမြို့များနန့် မြောက်ပိုင်းရခိုင်များ အလွမ်းမသင့်မှုမှာ နှစ်ပေါင်းအတန်ကြာသည့်တိုင် သိသာစွာ မပြောင်းလဲနိုင်ခြင်းမှာ အလွန်ဆိုးဝါးလှပါသည်။ တောင်ပိုင်းသားတချို့၏ ဗမာစကားသုံးစွဲမှု၊ သမိုင်းအမြင် ဇာတိသွီးဇာတိမာန်နည်းမှု၊ ရခိုင်တေးခြင်း၊ ရခိုင်စာပီ နားမလည်၊ မနှစ်သက်၊ အားမပီးမှုများမှာ မြောက်ပိုင်းသားများအဖို့ ခံစားချက် ဖြစ်ပေါ်စီပြီး၊ စစ်တွေ တက္ကသိုလ်လာတက်စဉ် မြောက်ပိုင်းသားများ၏ အထင်သေး၊ ချိုးနှိမ်မှုများ၊ ကျောက်ဖြူကောလိပ်ဖျက် သိမ်းရေးကိစ္စရပ်များ၊ ဗမာစကားပြောခြင်းအပေါ် အမြဲကဲ့ရဲ့ခံရမှုများက တောင်ပိုင်းသားများကို ခံစားချက် ဖြစ်ပေါ်စီခပါသည်။
ထို့အပြင် မြောက်ပိုင်းသားချင်းလည်း စစ်တွေသားက မြို့ကြီးသား၊ မြောက်ဦးသားက နန်းတွင်းသား၊ ကျောက်တော်သားက ဘုရားဗျာဒိတ်ရမြီသား၊ မင်းပြားသားကလည်း ငါ့မင်းပြား၊ ပေါက်တောကလည်း ငါ့ပေါက်တော၊ ၄င်းအပြင် ကျွန်းသား၊ မြို့သား၊ ဆင်းရဲသား၊ ငါ့အဖွဲ့၊ သူ့အဖွဲ့ စသည်ဖြင့် ဘဝတူ ရခိုင်အချင်းချင်း အသားယူ၊ ဂျောက်ချ အရည်မရအဖတ်မရ လုပ်ရပ်များဖြင့် မိမိရို့၏ ကျွန်ဇာတ်လမ်းကို မရှည် ရှည်အောင် တက်ညီလက်ညီ ဆွဲဆန့်ခကတ်ပါသည်။
မည်သို့ပင်ဖြစ်ဖြစ် ခ(ခြီ)လုံးသတ်မှ အမိတ၊ အရေးကြီးက သွီးစည်းရ ဆိုသည့်အတိုင်း ကုလားရခိုင် အဓိကရုဏ်း ဖြစ်လာချိန်မှာတော့ (တောင်ပိုင်းရခိုင်၊ မြောက်ပိုင်းရခိုင်၊ အနောက်သားရခိုင်၊ ချောင်းသားရခိုင်၊ ဧရာဝတီရခိုင်(အဝကျွန်းပြန်)၊ ဘင်္ဂလားရခိုင်၊ ရန်ကုန်ရခိုင်၊ နိုင်ငံခြားရခိုင်၊) ရခိုင်ဟူသမျှ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ရင်ထိတ်ခကတ်သည်။ အတူတကွ ဝမ်းနည်းပူဆွဲကတ်သည်။ အတူတကွ ခံပြင်း နာကြည်းကတ်သည်။ အတူတကွ ထောက်ပံ့ကူညီကတ်သည်။ အတူတကွ အဖြေရှာလာကတ်သည်များကို မြင်တွိလာရသည်။ မှန်ပါသည်။ ရခိုင်သည် ရခိုင်ဟု အသံကြားလျှင် ဂေါင်းထောင်တတ်သော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးတိုင်း၏ ခန္ဓာကိုယ်ထဲတွင် ပူနွီးသော အာရီယန်သွီးများ စီးဆင်းနိန်တုန်းပင် ဖြစ်ပါသည်။ ထို့ကြောင့် သိနားလည်မှုကြောင့်ပင်ဖြစ်ဖြစ်၊ မိရိုးဖလာပင်ဖြစ်ဖြစ် ရခိုင်မှန်က အမျိုးကိုချစ်သည်ဆိုသော ဝိသေသမှာလည်း မပြောင်းလဲဘဲ တည်ဟိနိန်ဆဲပင်ဖြစ်သည်။
သို့သော် ရခိုင်ရို့အဖို့မှာ သာမှန်အချစ်နန့်မပြီး တော်ရုံတန်ရုံဝိုင်းဝန်းလာသည်နန့် မလုံလောက်၊ အဆက်အသွယ်လုပ်ဖြစ်လာကတ်သည်ထက် အဆက်အစပ်မိလာအောင်ထိ ကြိုးပမ်းရမည်။ လက်ဟိအခြေ အနိန်တွင် နယ်မြီလုကုလားပြဿနာ၊ မြန်မာနိုင်ငံရေးအပြောင်းအလဲနန့် ၂၀၁၅ ရွီးကောက်ပွဲ၊ စိတ်ကြိုက် ကျုံးယူနိန်ကတ်သော ရှိဟောင်းအမွီအနှစ်နန့် သဘာဝသယံဇာတ၊ ဆင်းရဲမွဲတည်မှုနန့် ပညာရေးနိမ့်ကျမှု၊ အသက်လုထိန်သိမ်းနိန်ရသော စာပီနန့်ယဉ်ကျေးမှု၊ မျိုးခြားသွီးရောမှုနန့် လူဦးရွိတိုး ပွါးနှုန်းဆုတ်ယုတ်လာမှုများ အစဟိသည့် စိန်ခေါ်မှုများပတ်လည်ဝိုင်းနိန်သော ရခိုင်လူမျိုးများအဖို့ ဒေဂနိန့် ဒေအခြေအနိန်မှာသာ စစ်မှန်သော စည်းလုံးညီညွတ်မှုကို မရယူနိုင်ပါက နောင်တချိန်တွင် “တ” ရန် “နောင်တ” ဆိုသည်လည်း မဟိနိုင်ကြောင်းကို ရခိုင်လူမျိုးတိုင်း တစ်ယောက်ချင်းစီက အလေးအနက် သဖောပေါက်ရန်မှာလည်း အသက်တမျှ အရေးကြီးနိန်ပါသည်။
သို့ဖြင့် စစ်မှန်သောစည်းလုံးညီညွတ်မှုကို လိုချင်လျှင် ရှိဦးစွာ National Reconcilliation အမျိုး သားရင်ကြားစိရေး (ဝါ) အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖေါ်ဆောင်ရပါမည်။ အမျိုးသားရင်ကြားစိရေး တည်ဆောက်ရန်အတွက်ဆိုပါက အဆင့် (၄) ဆင့်ကို ကျော်ဖြတ်ရမည် ဖြစ်ပါသည်။
(၁) အသိအမှတ်ပြုခြင်း။ အသိအမှတ်ပြုရာ၌ (က)ရခိုင်လူမျိုးအချင်းချင်း (ဆင်းရဲ ချမ်းသာ၊ ပညာ တတ် ပညာမဲ့၊ စကားတူ စကားမတူ၊ ဒေသတူ ဒေသမတူ) တစ်ဦးကိုတစ်ဦး ခြွင်းချက်မဟိ အသိအမှတ် ပြုခြင်း။ (ခ) ရခိုင်အဖွဲ့အစည်းအချင်းချင်း ( အားကြီး အားနည်း၊ သက်ရင့် သက်နု၊ ဝါဒတူ ဝါဒမတူ) တစ်ဖွဲ့ ကိုတစ်ဖွဲ့ ခြွင်းချက်မဟိ အသိအမှတ်ပြုခြင်းကို ဆိုလိုပါသည်။
(၂) အသိပီးခြင်း (acknowledgment)။ အသိပီးခြင်း၌ (က) ရခိုင်သမိုင်းကို (စာအုပ်၊ ရုပ်သံတိတ် ခွေ၊ ဟောပြောပွဲ၊ ယှင်းလင်းပွဲ၊ ဆွေးနွေးပွဲများဖြင့်) ကျယ်ပြန့်စွာ မျှဝီအသိပီးခြင်း။ (ခ) ချိုးနှိမ်မှု၊ အတင်စီးမှု များကို လုပ်ဆောင်ခကတ်သူ အသီးသီးမှ လုပ်ဆောင်ခံခရသူများကို အရိုးသားဆုံး ဖွင့်ဟဝန်ခံခြင်းကို ဆိုလိုပါသည်။
(၃) Contrition ဖြစ်ရပ်များကိုတာဝန်ယူမှု၊ နောင်တရမှု၊ တောင်းပန်မှု ပြုလုပ်ခြင်း။ ဤအဆင့်၌ (က) အမှားကျူးလွန်ဖူးသူများသည် မိမိ၏လုပ်ရပ်များကို တာဝန်သိခြင်း၊ တာဝန်ခံခြင်း။ (ခ) မိမိအမှားကို မိမိကိုယ်တိုင် နားလည်သဖေါပေါက်လာအောင် စနစ်တကျ ဆင်ခြင်သုံးသပ်ခြင်း။ (ဂ)အမှားပြုဖူးသူအနိန်ဖြင့် အဖုအထိုက် မှန်သမျှအား အကြီးအငယ်မရွီး၊ အကျိုးအပြစ်ကို ထည့်မတွက်ဘဲ အတ္တကိုခါဝါချလျှက် တောင်းပန်မှုပြုခြင်း၊ နည်းလမ်းများဖြင့် ချီးမြှောက်ခြင်းများကို ဆိုလိုပါသည်။
(၄) (forgiveness) ခွင့်လွှတ်ခြင်း။ ခွင့်လွှတ်ခြင်း၌ တစုံတခုကို တနည်းနည်းဖြင့် တစုံတရာအထိ အပြုခံရဖူးသူများမှ မိမရို့၏ နာကျဉ်းချက်၊ အစာမကြေမှု၊ ဒဏ်ရာဟောင်းများအားလုံးကို သင်ပုန်းခြေပြီး အမြစ်ပြတ်ခွင့်လွှတ်နိုင်ခြင်းကို ဆိုလိုပါသည်။
အချုပ်အားဖြင့် ပြောရလျှင် ဒေဂနိန့် လုပ်ရပ်သည် အနာဂတ်၏ သမိုင်းဖြစ်သည်။ နောင်အနှစ် တစ်ရာ ကမ္ဘာ့သမိုင်း၌ ရခိုင်လူမျိုးတစ်မျိုး ပရုပ်လုံး(ပျူလူမျိုး)ကဲ့သို့ လုံးပါးပါးလားခြင်း (သို့မဟုတ်) အစ္စရေးကဲ့သို့ အောင်မြင်စွာကျော်ဖြတ်လာခြင်း ဆိုသော အဖြေနှစ်ခုထဲက တစ်ခုကို ဒေဂနိန့်ရခိုင်များကသာ အဆုံးအဖြတ် ပီးနိုင်ပါသည်။ ထို့ကြောင့် အဆုံးဖြတ်ပီးနိုင်သူများလက်နန့် လှပသာအနာဂတ်ကို လှပသောလက်ရီးများဖြင့် အချိန်မလွန်မီ ထုဆစ်ရီးခြစ်ကတ်ပါဖိလို့ အရေးပေါ် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။
အမျိုးသားသွီးစည်းညီညွတ်ရေးအတွက် တပ်ဦးမှချီတက်ရန် သန္နိဌာန်ဖြင့်

ရက္ခအလင်းတန်းအဖွဲ့(ဗဟို)
Blogger Widgets