You Are Here:
Home -
ပင်မစာမျက်နှာ
,
ဆောင်းပါး
-
ရခိုင့်နိုင်ငံအပေါ် သစ္စာမဲ့မှုနှင့် မျိုးဆက်တို့ဘဝ
ရခိုင့်နိုင်ငံအပေါ် သစ္စာမဲ့မှုနှင့် မျိုးဆက်တို့ဘဝ
Posted by Unknown on 9:58 PM //
(၂၀၁၃-ခုနှစ်
ဇူလိုင်လ ၃၁-ရက်နေ့ထုတ် တိုးတက်ရေးသတင်းလွှာ အတွဲ ၃ အမှတ် ၉ တွင်
ဖော်ပြခဲ့သော ဦးဝေစိန်အောင်၏ ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်အရ
ဖော်ပြပါသည်။)
========
မြောက်ဦးခေတ်လယ်တွင် ဘုရင်မင်းရာဇာကြီးသည် ၁၅၉၃-ခုနှစ်၌ နန်းတက်သည်။
မင်းရာဇာကြီး လက်ထက် ရခိုင့်နိုင်ငံတော်သည် ဂင်္ဂါမြစ်ဝမှ
ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ ရှည်လျားကျယ်ပြန့်သည်။ သားတော်များအနက်
မင်းခမောင်းမှာ သားတော်အကြီးဖြစ်၍ မင်းမာန်ကြီး (မာန်ကြီးမိုးပေါက်)မှာ
သားတော်အငယ်ဖြစ်သည်။ မင်းခမောင်းမှာ ရုန်းရင်းခက်ထန်သူဖြစ်၍
ညီတော်မင်းသာအပေါ် ညှာတာဂရုဏာမရှိခဲ့ချေ။ မင်းခမောင်းက
အိမ်ရှေ့မင်းသားဖြစ်လာပြီး မင်းမာန်ကြီးမှာ စစ်တကောင်း မြို့စားဖြစ်လာသည်။
အနောက် ဘုရင်ဟုလည်းခေါ်သည့် စစ်တကောင်းဘုရင်ခံ ဖြစ်သည်။
၁၆-ရာစုတွင် ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ဓါးပြများ ကျက်စားနေရာ
ရခိုင်ဘုရင်တပ်များ သွားရောက်ချေမှုန်းခဲ့ရသည်။ ပေါ်တူဂီ-စပိန် ကပြား
ပင်လယ်ဓါးပြဗိုလ် ဂွန်ဇာလိစ်တီဘာအို (Gonsalves Tibao) သည် သောင်းတီးကျွန်း
(ခေါ်) ဆင်းဒ၀စ်ကျွန်း (Sandwip) ကို သီမ်းယူ၍ မင်းမူနေသည်။ သူသည်
ပင်လယ်ဓါးပြ တိုက်ခြင်း၊ ကျွန်ကုန်ကူးခြင်းတို့ဖြင့်
ချမ်းသာကြွယ်ဝလာပြီး ခေတ်မီအမြောက်သေနတ်များ၊ တိုက်သင်္ဘောများကို လည်း
ပိုင်ဆိုင်ထားသည်။ ရခိုင်တပ်များ၏ ချေမှုန်းခြင်းမခံရရန်နှင့် တတ်နိုင်လျှင်
ရခိုင်မြေအား ကျူးကျော်ရန်ကြံစည် နေသောကာလဖြစ်သည်။
စစ်တကောင်းဘုရင်ခံမင်းမာန်ကြီးသည် နောင်တော်ရန်ကိုကြောက်ရွံ့သဖြင့်
တီဘာအိုနှင့် မိတ်ဖွဲ့ခဲ့သည်။ တီဘာအိုသည် ပေါ်တူဂီဘုရင်ဂျီဘုန်ကြီး
ဖါသာရာဖေးလ် (Father Rafae) အား စစ်တကောင်းသို့ စေလွှတ်၍ မင်းမာန်ကြီးနှင့်
မဟာမိတ်ဖွဲ့မှု ပိုမိုခိုင်မာရေးကိုဆောင်ရွက်ခဲ့သည်။
စစ်တကောင်းဘုရင်ခံ မင်းမာန်ကြီးနှင့် ဓါးပြဗိုလ်တီဘာအိုတို့
မဟာမိတ်ပြုလုပ်ပြီး (၁၈) လအကြာတွင် သူတို့နှစ်ဦးပူးပေါင်းကာ
ရခိုင်ထီးနန်းကို ပုန်ကန်ခဲ့ကြသည်။ သို့သော် မအောင်မြင်ခဲ့ချေ။ အေဒီ
၁၆၁၂-ခုတွင် ရခိုင်ဘုရင်မင်းရာဇာကြီး၏တပ်များ စစ်တကောင်းသို့ စစ်ချီခဲ့သည်။ အိမ်ရှေ့မင်းသား မင်းခမောင်းကိုယ်တိုင် ဦးစီး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တကောင်းတိုက်ပွဲတွင် ဘုရင်ခံမင်းမာန်ကြီး ကျည်သင့်သေဆုံးပြီး
မြို့အလုံးကို ရခိုင်တပ်များက သိမ်းယူရရှိခဲ့သည်။ တီဘာအိုသည် မင်းမာန်ကြီး၏
သားတော်၊ သမီးတော်တို့ကို ကယ်ယူပြီးနောက် ဟူဂလီ (Hugli) သို့ပို့၍
ထိန်းသိမ်းစောင့်ရှေက်ထားခဲ့သည်။
စစ်တကောင်းမြို့သိမ်းပိုက်မခံရမှီ မဟာမိတ်ပြုကာလ၌ မင်းမာန်ကြီး၏အကြီးဆုံးသမီးတော်နှင့် တီဘာအို၏ သားတော်တို့ကို လက်ထပ်ထိမ်းမြှားနိုင်ရေးအတွက်
တီဘာအိုက ပေါ်တူဂီဘုန်ကြီး ဖါသာ ရာဖေးလ်ကို စစ်တကောင်း သို့စေလွှတ်ခဲ့သည်။
သမီးတော်အား ခရစ်ယာန်ဘာသာသို့ သွတ်သွင်းရေး ကိုလည်း ဘုန်းကြီးဖာသာရာဖေးလ်က
ဆောင်ရွက်ခဲ့သည်။ မင်းသမီးငယ်အား ခရစ်ယာန်ဘာသာသို့ သွတ်သွင်းရန်
အားထုတ်ခဲ့ပုံကို ပေါ်တူဂီဘုန်းတော်ကြီး မန္နရိတ် (Manrique)
မှတ်တမ်းမှထုတ်နှုတ်၍ စာရေးဆရာကြီး မောရစ်ကောလစ် (M.collis) က
အောက်ပါအတိုင်း ရေးသားခဲ့သည်။
''နန်းတော်ထဲသို့
ဝင်ရောက်လာသောအခါ ဖာသာရာဖေးလ်အား ဘုရင်ခံ၏သားတော်၊ သမီးတော်တို့နှင့်
မိတ်ဆက်ပေးသည်။ အကြီးဆုံးမှာ ပထမဆုံးဘာသာကူးပြောင်းရမည်ဖြစ်သော ရခိုင်မင်းသမီးငယ်ဖြစ်သည်။ အငယ်မှာ လေးနှစ်အရွယ်သာရှိသေးသော ဘုရင်ခံ၏အမွေခံသားတော်ဖြစ်ပြီး
ဘုရင်မင်းရာဇာကြီး၏ မြေးတော်မင်း သားဖြစ်သည်။ ဖါသာရာဖေးလ်က မင်းသမီးငယ်အား
အရစ်ယာန် ဘာသာင်တစ်ယောက်ဖြစ်ရန် ဆန္ဒရှိသလားဟု မေးသည်။ ဤအမေးကို
မင်းသမီးငယ်က အကန့် အသတ်ဖြင့် ဖြေကြားသည်။ သူမက ခရစ်ယာန်ဘာသာအယူဝါဒကို
အသေးစိတ်ရှင်ပြစေလိုကြောင်း ဖါသာ၏ဟောပြောရှင်းပြချက်များကို နားထောင်ရန် အချိန်လိုအပ်ကြောင်း တောင်းဆိုခဲ့သည်။
ထိုစဉ် ဘုရင်ခံသည် မိန်းမစိုးအကြီးအကဲကို ဆင့်ခေါ်၍ ဖါသာအား
မင်းသမီးငယ်၏အခန်းထဲသို့ အချိန်မရွေး ၀င်ထွက်ခွင့်ပြုရန် အမိန့်ချမှတ်သည်။
'အထက်ကောင်းကင်မှ လုံလောက်သော ကူညီခြင်းကို ခွင့်ပြုမှုအတွက်
ကျေးဇူးတင်ရှိကြောင်း' မန္နရိတ်က မှတ်တမ်းပြုခဲ့သည်။ သာသနာ့ဝန်ဆောင်ကြီးသည်
မင်းသမီးငယ်၏ ကန့်ကွက်ပြော ဆိုချက်ကို ချက်ချင်းနှုတ်ငြိမ်စေပြီး၊
မင်းသမီးငယ်အား ဆက်လက် ရှင်းပြကာ သိမ်းသွင်းနိုင်ခဲ့သော်လည်း ငရဲဘုံ၏ နှိပ်စက်ကလူပြုမှုများကို အသေးစိတ်ဖော်ပြမှု တွင်မူ သူ၏ကိုယ်ကျင့်တရားကို မထိန်းသိမ်းနိုင်ခဲ့ချေ။
''ရေဖျန်းမင်္ဂလာ မပြုသူများသည် သေသောအခါ ငရဲကျခံရမည်ဖြစ်ကြောင်း သာသနာ့
ဝန်ဆောင်ကြီးက ထပ်ဆင့်ပြောကြားသည်။ ဤအချက်က မင်းသမီးငယ်အား
တုန်လှုပ်ချောက်ချားစေပြီး မျက်ရည်ယိုစီးငိုချခဲ့သည်။ ချက်ချင်းပင်
ရေဖျန်းမင်္ဂလာပြုလုပ်ပေးရန် မင်းသမီးငယ်က ပြောကြားသည်။ ဖာသာရာဖေးလ်က
အလျင်မလိုရန် ဟန်ဆောင်ပြောကြားပြီး ဆင်းဒ၀စ်ကျွန်းသို့ ရောက်သောအခါတွင်
ရေဖျန်းမင်္ဂလာပြုမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ သို့သော်လည်း သူမသည် ငရဲ၏မီးတောက် မီးလျှံများကို
စဉ်းစားမြင်မိ၍ အထိတ်တလန့်ဖြစ်ပြီး 'ရေလမ်းခရီးမှာ ကျမသေသွားမှာ
စိုးလို့ပါ' ဟု အော်ဟစ်ငိုကြွေးခဲ့သည်။ သူမက ရေတစ်ပုံး ချက်ချင်းယူလာရန်
အထိန်းတော်မိန်းခလေးအား ပြောကြားသည်။ ဖာသာရာဖေးလ်အားလည်း သူမကို
ရေဖျန်းမင်္ဂလာပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင်
ဖာသာရာဖေးလ်သည် သူ၏အစီအစဉ်အတိုင်း မင်းသမီးအား ဆင်းဒ၀စ်ကျွန်းသို့
ယူဆောင်သွားခဲ့သည်။
ဒေဒီ ၁၆၁၉-ခုနှစ်၊ တနင်္ဂနွေတစ်နေ့တွင် မင်းသမီး မောင်နှမအား ခရစ်ယာန်ဘာသာသို့ သွတ်သွင်းခဲ့သည်။ ခရစ်ယာန်ဘာသာသို့ဝင်အပြီးတွင်
မင်းသမီးငယ်အား ပက်ထရိုနီလာ (Petronilla) ဟု အမည်ပေးခဲ့ပြီး
သူမ၏မောင်ငယ်မင်းသားကို ဒွမ်မာတင် (Don Martin) ဟု
ပေါ်တူဂီအမည်ခံယူစေခဲ့သည်။ အစ်မတော် ပက်ထရိုနီလာမှာ ပေါ်တူဂီလူကုန်တံ
မိသားစုတစ်ခုမှ မွေးစားခံရပြီး သူကောင်းမျိုးတစ်ဦးနှင့် လက်ထပ်လိုက်ရကာ
ဇာတ်မြုပ်သွားခဲ့သည်။ မောင်ငယ်မင်းသား ဒွမ်မာတင်မှာ ဂိုအာ (Goa) ရှိ
ပေါ်တူဂီ ရေတပ်တွင် ရဲရင့်အောင်မြင်သော စစ်ဗိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
အကယ်၍သာ စစ်တကောင်းဘုရင်ခံမင်းမာန်ကြီးသည်
ပေါ်တူဂီဓါးပြဗိုလ် တီဘာအိုနှင့် မဟာမိတ် မဖွဲ့ မပူးပေါင်းခဲ့လျှင်
(သို့မဟုတ်) နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမမဲ့ခဲ့လျှင် စစ်တကောင်းမြို့မှာ
ရခိုင်တပ် များ၏ တိုက်ခိုက်ခြင်းကို ခံရမည်မဟုတ်ချေ။ မင်းသမီးငယ်မှာလည်း
ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခံရရန် အကြောင်း မရှိချေ။ မင်းသမီးမှာ
မြောက်ဦးနန်းတော်တွင် ဗုဒ္ဓဘာသာဝင် သူတော်စင် တစ်ဦးအဖြစ်
တစ်ထောင့်တစ်နေရာမှ ပါဝင် ခဲ့မည်သာဖြစ်သည်။
ဗုဒ္ဓ၏အဆုံးအမသည် အစွန်းနှစ်ဖက်ကိုပယ်၍ မဇ္စျိမပဋိပဒါအလယ်အလတ်လမ်းစဉ်ကျင့်သုံးပြီး
နိဗ္ဖာန်ချမ်း သာသို့ ကူးရန်ရှင်းပြသည်။ (၃၁) ဘုံတွင် လူ့ဘ၀ကို
အထွက်အမြတ်အဖြစ်ပြ၍ လူ့လောက လူ့ဘ၀တွင် ဒုက္ခသစ္စာကို မြင်တွေ့နိုင်ကြောင်း
သင်ပြသည်။ အိုရာ၊ နာရာ၊ သေရာကို ကြုံတွေ့နိုင်ကြောင်း ထင်ထင်ရှားရှားသိစေ
သည်။ မင်္ဂဖိုနိဗ္ဗာန်ကိုရရန် မိမိကိုယ်တိုင်ကျင့်ကြံရမည်။
မိမိကိုယ်ကို အားကိုရန်မှတစ်ပါး အခြားမရှိ။ အမျိုးဘာသာ သာသနာအတွက်လည်း
မိမိတို့ကိုယ်တိုင်သာ လုပ်ဆောင်ကြ ရမည်။ ရခိုင်မင်းသမီးမှာ
ဘာသာကူးပြောင်းမှုမခံရခဲ့ပါက
ဗုဒ္ဓဘာသာဝင် သူတော်စင် တစ်ဦးသာ ဖြစ်ခဲ့မည်။ သို့သော် သူမနှင့်
မျိုးဆက်တို့ဘ၀မှာ ဗုဒ္ဓသာသနာတော်မှ ကင်းဝေးသောဘ၀တွင် နေထိုင်သွားခဲ့ရသည်။
မင်းသားဒွမ်မာတင်မှာလည်း သူရသတ္တိရှိသူတစ်ယောက်ဖြစ်သည့်အပြင် တိုက်ခိုက်ရေးတွင် ထူးချွန်ပြောင် မြောက်သဖြင့် ပေါ်တူဂီရေတပ်လောက၌ ထင်ရှားသောဗိုလ်မှူးတစ်ဦးဖြစ်ခဲ့သည်။
၁၆၂၇-ခုနှစ်၊ မလက္ကာတိုက်ပွဲ၊ ၁၆၂၉-ခုနှစ် အာချေတိုက်ပွဲ၊ ၁၉၃၀-ခုနှစ်
စင်္ကပူရေလက်ကြားတွင် အင်္ဂလိပ်၊ ဒတ်ခ်ျတို့နှင့် တိုက်ပွဲတို့၌ အောင်ပွဲ
အလီလီရခဲ့သည်။ မင်းသားဒွမ်မာတင်သည် မြောက်ဦးဘုရင် နရပတီကြီးလက်ထက်
ရခိုင်နန်းတွင်းရေးရှုပ်ထွေးညံ့ဖျင်း ကြောင်း ကြားသိရ၍ ၁၆၄၂-ခု၊ သက်တော် (၃၆) နှစ်တွင် ပေါ်တူဂီဘုရင်ဂွန်မင်း၏ခွင့်ပြုချက်ဖြင့်
လူအင်အား၊ လက်နက်အင်အား၊ သင်္ဘောအင်အား အပြည့်အစုံဖြင့် ပင်လယ်ခရီးမှ
ရခိုင်ထီးနန်းကို ရယူရန် ချီခဲ့သည်။ သို့သော် ပင်လယ်လမ်းခရီးတွင်
ပြင်းထန်စွာဖျားနာ၍ ကံကုန်ခဲ့သည်။
(သို့မဟုတ်ပါက)
ရခိုင်သမိုင်းတွင် တစ်မျိုးတစ်ဖုံပြောင်း လဲကောင်း ပြောင်းလဲသွားနိုင်သည်။
ရခိုင်နန်းဆက်တွင်လည်း ဒွမ်မာတင်မျိုးဆက်တို့ဘ၀ ရှင်သန်ကောင်း ရှင်သန်ခဲ့
မည်သာဖြစ်သည်။
(ဦးဝေစိန်အောင်)
====================
ဆောင်းပါးနှင့် ပူးတွဲဖော်ပြထားသော ပန်းချီကားမှာ ၁၈၂၆-ခုနှစ်တွင် Thomas
Prinsep (1800-1830) ရေးဆွဲခဲ့သော 'Mugh boats' (ရခိုင် လောင်းလှေများ)
ပန်းချီကားဖြစ်သည်။ ရခိုင်ပြည် သို့မဟုတ် စစ်တကောင်းဒေသတွင် ဆိုက်ကပ်ထားသော
ရခိုင်လှေကြီးများ ကို သရုပ်ဖော်ထားခြင်း ဖြစ်သည် ဟု ဆိုသည်။
စစ်တွေ ၊ ၀၄ သြဂုတ်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သမိုင်းဆောင်းပါး ]