You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ဥပဒေရေးရာ အကာအကွယ် ပေးမှုများ အပါအဝင် အကူအညီများ ပေးနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်သို့ သွားရောက်မည်

ရန်ကုန်၊ ဇူလိုင် ၅

ဆူပူ အကြမ်းဖက်မှုများ၊ နေအိမ်မီးရှို့ ခံရမှုများကြောင့် ဒုက္ခကြုံတွေ့ နေရသည့် ရခိုင်ပြည်နယ်သို့ ဥပဒေရေးရာ အကာအကွယ် ပေးရန်၊ ဒေသခံများ အတွက် လိုအပ်သော အကူအညီ ပေးနိုင်ရန်နှင့် ပြည်သူများနှင့် ထိတွေ့နိုင်ရန် တို့အတွက် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တို့မှ ကိုယ်စားလှယ်များ ရွေးချယ်ကာ စေလွှတ်သွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိ ရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခကြုံတွေ့ နေရသည့် ရခိုင် ဒုက္ခသည်များအား ပြည်သူ့လွှတ်တော် လွှတ်တော် အမတ်များက ၎င်းတို့၏ သုံးရက်စာ စရိတ်ကို စုပေါင်း လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က ယနေ့ အတည်ပြု လိုက်သည်။

ယင်းကဲ့သို့ ရခိုင်ပြည်နယ်သို့ လွှတ်တော် ကိုယ်စားလှယ်များ သွားရောက်မည့် ကိစ္စနှင့် လွှတ်တော်အမတ်များက ၎င်းတို့၏ သုံးရက်စာ စရိတ်ကို ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံသို့ စုပေါင်း လှူဒါန်းကြမည့် ကိစ္စတို့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

ယင်းအဆိုကို ကြားဖြတ်အရေးပေါ် အစီအစဉ်ဖြင့် အမ်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး မြစ်ကြီးနား မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ထောက်ခံ ဆွေးနွေးခဲ့ကာ လွှတ်တော် ကိုယ်စားလှယ် အားလုံးက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၄၄၀ ဦး ရှိပြီး အချို့ကိုယ်စားလှယ်များမှာ ယင်းသုံးရက်စာ အသုံးစရိတ်အပြင် အလှူငွေပါ ထပ်ဆောင်း လှူကြမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိ ရသည်။
Blogger Widgets