
အခုတလော မိုးရေ အဆက်မပြတ်ရွာသန်းမှုကြောင့် ရခိုင်ပြည်နယ် - ဘင်္ဂလားဒေခ်ျ့နယ်စပ်တွင်ရှိသော ဘူးသီးတောင်မြို့တစ်ခုလုံးသည် မေယုတောင်မှကျသောရေနှင့် မြစ်ရေ လွှမ်းမိုးမှုကိုခံနေရသဖြင့် မြို့တွင်းရှိ ဒေသခံများ နေရေးထိုင်ရေးနှင့် စားရေးသောက်ရေး အခက်တွေ့နေကြောင်း သတင်းရရှိသည်။
မိုးရေအဆက်မပြတ် ရွာသန်းမှုကြောင့် ဘူးသီးတောင်မြို့ဒေသခံများ ဒုက္ခရောက်နေကြောင်းနှင့် အစားအစာလုံလောက်မှုမရှိသည်ကို ဘူးသီးတောင်မြို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇော်သန်းက အခုလိုပြောသည်။
" မိုးက လုံးဝအဆက်မပြတ်ရွာတာဆိုတော့ ရေကြီးလာပြီး ဒေသခံတွေက နေလို့မရတော့ဘူးလေ။ ဒါကြောင့် မြို့သူမြို့သားတွေက ရေမကြီးတဲ့နေရာကို သွားပြီး ကိုယ့်အသိမိတ်ဆွေတွေဆီမှာ နေကြရပါတယ်။ နေရေးထိုင်ရေးနှင့် စားရေးသောက်ရေးကတော့ ကိုယ်အိမ်မဟုတ်တဲ့အတွက်ကြောင့် အခက်အခဲ အများကြီးရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရေစကြီးတာနဲ့ ယောင်လည်လည်နှင့် ထွက်ပြေးတာဆိုတော့ ဘာတစ်ခုမှယူဖို့မရခဲ့ဘူးလေ။ မြို့တစ်ခုလုံး ရေကြီးတာကြောင့် ဒုက္ခသည်တွေကတော့ များပါတယ်။ ကယ်ဆယ်ရေးနှင့် နေရေးစားရေးကတော့ အကူအညီအများကြီးလိုအပ်နေပါတယ်။ " ဟု သိရသည်။
ဆက်လက်ပြီး အခုရေကြီးနေတဲ့အခြေနေကို သူက " အင်္ဂါနေ့ နေ့လည် ၁ နာရီလောက်ကတည်းက စပြီးရေကြီးတာပါ။ မိုးကလုံးဝအဆက်မပြတ်ရွာတာဆိုတော့ မြစ်ရေက မြို့တစ်ခုလုံးကို လွှမ်းမိုးသွားတာပေါ့။ ရေမရောက်တာဆိုလို့ ဘူးသီးတောင်မြို့ ရပ်ကွက် ၅၊ ၆၊ ၇ ရပ်ကွက်တွေသာ ကျန်ပါတယ်။ နောက် ကျန်တဲ့ ရပ်ကွက်တွေကတော့ အကုန်လုံး ရေမြုပ်နေပါတယ်။ အိမ်တစ်ဆောင်လုံးမြုပ်သွားတဲ့ရပ်ကွက်တွေကတော့ ၂၊ ၃၊ ၄ ရပ်ကွက်တွေ ပါတယ်။ နောက်ပြီး ဘူးသီးတောင်စစ်တပ် တပ်မက အသက် ၂၀ကျော် စစ်သားတစ်ယောက် မြို့ထဲကိုအလာမှာ ရေစီးပြင်းတဲ့ကြာင့် မြစ်ရေနှင့် မျှောပါသွားပါတယ်။ အခုထက်ထိရှာလို့မရ ဖြစ်နေပါတယ်။ မြစ်ရေစီးနှုန်းက ဒီနေ့မှ အနည်းငယ်လောက်ပဲ ကျပါတယ်။ ခန့်မှန်းခြေပြောရမယ်ဆိုရင် ၁၀လက္မကနေ ၃၀ လက္မထိဘဲ ကျသေးတယ်။ " ဟု ကိုဇော်သန်းက ပြောသည်။
ဘူးသီးတောင်မြို့တစ်မြို့လုံး ရေကြီးနေသောကြောင့် ဒုက္ခသည်များမှာ ကယ်ဆယ်ရေးဒုက္ခစခန်း အခြေခံအလယ်တန်းကျောင်း အ.လ.က(၁)မှာ ၃၃၄ ဦး၊ သုဓမ္မရုံကျောင်းနှင့် ရွှေကျင်ကျောင်းမှာ ၅၈၈ ဦးနှင့် ပြင်ဆက်(ဆက်သွယ်ရေးရုံး)မှာ ၄၅ ဦး ဖြစ်ပြီး ၄င်းဒုက္ခသည်များကို မ.ယ.က(အထွေထွေအုပ်ချုပ်ရေးမှုး)၊ အထွေထွေကျောင်းအုပ်နှင့် ကိုယ်ထူကိုယ်ထ စေတနာရှင်များက ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အကူအညီပေး နေကြောင်း သိရှိရသည်။
ဘူးသီးတောင်မြို့သည် ၂၀၁၀ ခုနှစ် ၆ လပိုင်း ၁၅ ရက်နေ့ကလည်း မေယုတောင်မှကျသောရေနှင့် မိုးရွာသွန်းမှုပြင်းထန်သောကြောင့် အခုလိုမျိုး ဒုက္ခရောက်ခဲ့ဖူးကြာင်းလည်း သိရှိရသည်။