ရခိုင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများ ဖြစ်ပွားစေရန် လှုံ့ဆော်သူများ ရှိသလားဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က မေးခွန်းထုတ်လိုက်သည်။
ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"တချို့ကျတော့ အခြေအနေ မတည်ငြိမ်အောင် လှုံ့ဆော်တာတော့ မဟုတ်ဘူး၊ ထပြီး အော်ချင်တဲ့သူတွေ ရှိတယ်။ အဲဒီလို အော်တဲ့အခါ ကျွန်မတို့ နိုင်ငံအတွက်၊ လူထုအတွက် အကျိုးရှိမလား၊ မရှိဘူးလား ဆိုတာ မဆင်ခြင်ပဲ ထပြီးတော့ အော်မယ်ဆိုရင် အဲဒါလည်း မလိုလားအပ်ဘဲနဲ့ ပြဿနာတွေကို ကြီးထွားလာနိုင် စေပါတယ်။ ဒါကြောင့်နားငြီးလောက်အောင် ဥပဒေစိုးမိုးရေး၊ ဥပဒေစိုးမိုးရေး ဆိုပြီး ပြောနေရတာ။"
အခြေအနေ မတည်ငြိမ်စေရန် တမင်ရည်ရွယ် ဦးတည် ဖန်တီးသူများ၏ ထောင်ချောက်အတွင်းသို့ ၀င်ရောက်သွားနိုင်ပြီး မလိုလားအပ်သည့် ပြသနာများ ဆက်လက်ကြီးထွားစေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်တွင် ထင်ဟပ်နေသည်။
လက်ရှိ အခြေအနေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ သွားရောက်မည့် အချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ပြဿနာ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ သတင်းစာ များ၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက် တာအေးမောင်က ပြောသည်။
"အခုဖြစ်ရပ်က အချိန်ကိုက် ဖြစ်နေတယ်၊ လူမျိုး တမျိုးကို ရက်စက်တဲ့ လူမျိုးဖြစ်အောင် လုပ်နေတာလား၊ ရိုဟင်ဂျာကို တိုင်း ရင်းသားတခု ဖြစ်အောင် ဖန်တီးနေတာလား၊ အစိုးရ သတင်းစာတွေက ဒီဖြစ်ရပ်ကို မီးလောင်ရာလေပင့် မလုပ်သင့်ဘူး။သတင်းစာက ရေးတဲ့ အသုံးအနှုန်းတွေကို ကန့်ကွက်ပါတယ်" ဟု ၎င်းက ဆိုသည်။
အစိုးရ သတင်းစာများ အနေဖြင့် ဆင်ခြင်ချိန်ဆ ရေးသင့်ကြောင်း၊ မဖြေရှင်းနိုင်သေးသည့် ပြဿနာအစစ် အမှန်အား ဖြေရှင်း နိုင်ရေး ကိစ္စသည် အားလုံးတွင် တာဝန်ရှိကြောင်း၊ သမိုင်းကို လိမ်လည်နေကြသည့် ပုဂ္ဂိုလ်များ လည်းရှိကြောင်း၊ အခုပြဿနာ ဖြစ်ပွားရသည့် ရည်ရွယ်ချက် ကို ဖော်ထုတ် ရန်လို အပ်ကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။
ယခုဖြစ်ပွားရသည့် ကိစ္စသည့် အများယူဆနေသကဲ့သို့ ရခိုင်အမျိုးသမီးငယ် တစ်ဦး လူမဆန်စွာ သတ်ဖြတ်ခံရမှု ဖြစ်စဉ် တစ်ခုတည်းမှ စတင်မြစ်ဖျားခံခြင်း ဖြစ်သည်ဟု မယူဆနိုင်ကြောင်း၊ ထိုကဲ့သို့သော လူမသိ သူမသိသေးသည့် အခြားအကြောင်းရပ်ပေါင်း များစွာ ရှိနေကြောင်း၊ ထိုသို့သော ဖြစ်စဉ်များကို ရည်ရွယ်ချက် ရှိရှိဖြင့် စတင် ဖန်တီးလုပ်ကိုင်နေမှုများ ရှိနေပြီး ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီ ဆိုသည့်နှင့် အချိန်ကိုက် သွေးထိုးလှုံ့ဆော်မှုများကို ဖန်တီးလျက်ရှိကြောင်း၊ ထိုင်းအခြေစိုက် မြန်မာ့နိုင်ငံရေး စောင့်ကြည့် အကဲခတ်သူ ကိုဝင်းမိုးက ပြောသည်။
လူများစုအနေဖြင့် လူနည်းစု အပေါ် အနိုင်ကျင့်မှုများ မဖြစ်သင့်ကြောင်း မြန်မာ့ဒီမိုကရေစီ နှင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ရှင်းပြသည်။
"ကျွန်မ အမြဲ ပြောတယ်။ လူများစု ဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာ ထားရမယ်။ အဲဒါကို ကျွန်မ သတိထားဖို့ ပြောတာပါ။ ကျွန်မ ပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမှာဘဲ။
လူများစု ဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား။ အများစုအင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထား ကြီးတတ်ရမယ်။ ဂရုဏာ ဝင်အောင် ထားနိုင်ရမယ်။ ကျွန်မတို့ နိုင်ငံမှာ ရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်သူပြည်သား အားလုံး တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ အေးအေးချမ်ချမ်း နေစေချင်တယ်။"
ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် မရည်ညွှန်းသော်လည်း လူဦးရေ ၉၅ ရာခိုင်နှုန်းအထိ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီ လူများစု နေထိုင်ရာ ရခိုင်ပြည်နယ် အနောက်ဖက် နယ်စပ် မောင်တောမြို့နယ် တွင် လူနည်းစု ရခိုင်များကို လူများစု ဘင်္ဂါလီများက အနိုင်ကျင့်မှုများ ရှိကြောင်း၊ ရခိုင်ဒေသခံ တစ်ဦးက သုံးသပ်သည်။
ရိုဟင်ဂျာ ဆိုသူ ဘင်္ဂါလီများ အနေဖြင့် လူဦးရေ သန်းပေါင်း ၁၅၀ ၀န်းကျင့် ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီ လူများစုကို အားကိုး အားထားပြုလျက် လည်းကောင်း၊ အာရပ်ကမ္ဘာမှ ဘာသာတူသူများ၏ ငွေကြေး ထောက်ပံ့မှု အင်အားကို အသုံးပြုလျက်လည်းကောင်း လူဦးရေ ၃ သန်းခန့်သာ ရှိသည့် လူနည်းစု ရခိုင်ပြည်သူများ အပေါ် စော်ကား အနိုင်ကျင့်မှုများ ရှိကြောင်း၊ ထိုနည်းတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း နေထိုင်ကြပြီး ဘင်္ဂါလီ လူဦးရေ ၏ တစ်ရာခိုင်နှုန်းအောက် တွင် ရှိသော လူနည်းစု ရခိုင်မျိုးနွယ်စုဝင်များ အနေဖြင့်လည်း ဘင်္ဂါလီများ၏ ရက်စက်စွာ သတ်ဖြတ်မှုများကို နေ့စဉ်နှင့် အမျှ ကြုံတွေ့နေရကြောင်း ၄င်းက ဆိုသည်။
"အခု ပဋိပက္ခ ဖြစ်စဉ် တစ်ခုလုံးကတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို လှုံ့ဆော်သူများရဲ့ စတင် ဖန်တီးမှုလို့ ယူဆပါတယ်။ ဖြစ်ရပ်တွေက ဒေါ်စုရဲ့ ဥရောပ ခရီးစဉ်နဲ့ အချိန်ကိုက် ဖြစ်နေတယ်။ ရိုဟင်ဂျာ ဘင်္ဂါလီတွေက မုဒိမ်းမှု တစ်ခု စတင် ဖန်တီးတယ်။ သူတို့ ဖန်တီးနေတဲ့ လူမသိ သူမသိ ဖြစ်စဉ်တွေ ကတော့ အများကြီးပဲ။ ထားပါတော့။ အခု မုဒိမ်းမှု ဖြစ်တော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး တရားခံတွေကို လူလဲမယ်။ လာဘ်ထိုးမယ်။ ပြစ်ဒဏ်က လွတ်အောင်လုပ်မယ် စသည်အားဖြင့် အမျိုးစုံ ဖန်တီးပြီး လူတွေကို သွေးဆူအောင် ဖန်တီးတာ သူတို့ပါပဲ။"
"ဒီလို သွေးဆူအောင် ဖန်တီး လှုံ့ဆော်မှုတွေ လုပ်ပြီးတာနဲ့ ပြည်မဘက်က အစ္စလာမ်ဘာသာဝင် မြန်မာ-မူစလင် တွေကို စတေးလိုက်တာပါ။ ရိုဟင်ဂျာနိုင်ငံရေး သမားတွေ အနေနဲ့ မိမိတို့ ရိုဟင်ဂျာ အရေးကိစ္စကို အချိန်ကိုက် ဆောင်ရွက်ရင်း မြန်မာ-မူစလင်တွေကို သူတို့ ထောက်ချောက်ထဲ ထည့်ပြီး ဆွဲစိ လိုက်တဲ့ ပုံစံမျိုးပါ ။ဖြစ်စဉ်တစ်ခုလုံးက အကွက်ချ စီစဉ်ထားတယ် ဆိုတာ သိသာပါတယ်။ ရိုဟင်ဂျာ နိုင်ငံရေးသမား တစ်စုရဲ့ နိုင်ငံရေး အမြတ်ထုတ်ဖို့ လုပ်ဆောင်မှုထဲ ဘာသမိ ညာမသိတဲ့ အပြစ်မဲ့ မြန်မာ-မူစလင်တွေ အစတေးခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီလို ဖန်တီးလိုက်ခြင်းဖြင့် ရခိုင်လူမျိုးဆိုတာ နိုင်ငံတကာမှ ရက်စက်တဲ့ လူမျိုး ဖြစ်သွားမယ်။ ဥရောပကို ဒေါ်အောင်ဆန်းစုကြည် ရောက်တာနဲ့ ဒါတွေကို ထောက်ပြပြီး ရိုဟင်ဂျာတွေ တိုင်းရင်းသားတောင်းမယ်။ လူများစုရဲ့ အနိုင်ကျင့်တာ ခံနေရတယ်လို့ ၀ါဒဖြန့်မယ်။ သူတို့ရဲ့ နိုင်ငံရေး ထောင်ချောက်ထဲ မြန်မာ့ နိုင်ငံရေးလောက ပုဂ္ဂိုလ်ကြီးတွေ မ၀င်မိစေဖို့ အလွန် အရေးကြီးပါတယ်" ဟု ကိုဝင်းမိုးက ဆိုသည်။
တောင်ကုတ်ပဋိပက္ခဖြစ်စဉ်များ ပြီးလျှင်ပြီးချင်း ရိုဟင်ဂျာ-ဘင်္ဂါလီများ၏ နိုင်ငံရေး ထောက်ချောက်အတွင်း အစတေးခံလိုက်ရသည့် မြန်မာ-မူစလင်များ၏ ကြေကွဲဖွယ် ဓာတ်ပုံများစွာကို အင်တာနက် လူမှုကွန်ယက်များမှနေ၍ ၀ါဒဖြန့် လှုံ့ဆော်မှုများ အကြီးအကျယ် ပြုလုပ်ကာ ရခိုင်လူမျိုးကို ရက်စက်သည့် လူမျိုးအသွင် ဆောင်စေရန် အချို့သော ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီ နိုင်ငံရေး အမြတ်ထုတ်လိုသူများက ၀ါဒဖြန့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လာသည်ကို တွေ့နေရကြောင်း ၄င်းက ဆိုသည်။
"တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင် တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမူစလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြော ချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေးခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန် တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။" ဟု ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ဆိုသည်။
တောင်ကုတ် ပဋိပက္ခနှင့် ပတ်သက်၍ လက်သင့်ခံနိုင်သော လုပ်ရပ်မဟုတ်ကြောင်း၊ သေဆုံးခဲ့ရသည့် မြန်မာ-မူစလင်များ အပေါ်တွင်လည်း စိတ်မကောင်း ဖြစ်ရကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အပါအ၀င် ရခိုင် အဖွဲ့အစည်း အချို့က ကြေညာချက်များ ထုတ်ပြန်ထားသည်။
Source: သစ်ထူးလွင်၊ ဧရာဝတီ၊ Messenger News Journal
You Are Here: Home - ကုလား(သို့)ဘင်္ဂလီ , ပင်မစာမျက်နှာ , ဆောင်းပါး - ရိုဟင်ဂျာတွေ သွေးထိုး လှုံ့ဆော်တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ