ဤအဖွဲ့များ ထဲမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ (WLB) Women’s League of Burma နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) Arakan Liberation Party တို့ကိုလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ (Grand Four Wings Hotel) ၌ သီးခြားစီ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။
“ အဓိက ကတော့ အမျိုးသမီးတွေ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်လို့ရနိုင်မလဲ၊ အမျိုး သမီးတွေရဲ့ ပါဝင်မှုတွေနဲ့ ပါတ်သတ်တဲ့ အချက်အပေါ်မှာ ကျမတို့ ဆွေးနွေး သွားပါတယ်။ အမျိုးသမီးတွေ ပါဝင်လာခြင်း အားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပိုမို ထိရောက်မှု ရှိနိုင်မယ်။ IDP refugee ကိစ္စ တွေမှာလည်း သူတို့ကိုပြန်လည် နေရာချထားရာမှာ သူတို့ရဲ့ စိတ်ဆန္ဒကို ဦးစားပေးဖို့ ပြောခဲ့ပါတယ်။”ဟု WLB အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက ပြောပါသည်။
ဦးအောင်မင်းသည်၊ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်လာရန် နှင့် ကျားမ တန်းတူညီမှု ကိစ္စ များတွင် ပါဝင် လုပ်ဆောင်သင့်သည်ဟု အကြံပြု သွားပါသည်။ ထို့ပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နိုင်ငံတော် အစိုးရ၌ တာဝန် ရှိသည်ဟု ဆိုသော်လည်း အခြားသော လက်နက်ကိုင် အင်အားစုများနှင့်ရော၊ ဒီမိုကရေစီ အင်အားစု များနှင့်ပါ နှစ်ဖက်စလုံး ကပိုပြီး ယုံကြည်မှု ထားရှိရန် အမျိုးသမီးအဖွဲ့များက ဝိုင်းဝန်း တွန်းကြဖို့ လိုအပ်သည်ဟု ဦးအောင်မင်းက ပြောဆိုခဲ့ပါသည်။
WLB နှင့် တွေ့ဆုံမှုသည် ပထမ အကြိမ် အလွတ်သဘော တွေ့ဆုံမှုဖြစ်ပြီး ဘန်ကောက်မြို့ ရှိ (Grand Four Wings Hotel) ၌မနက် (၁၀) နာရီမှ (၁၁) နာရီ မိနစ် (၃၀)ထိ ဆွေးနွေးခဲ့ပါသည်။ အလားတူ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ကိုလည်း ဒုတိယ အကြိမ် အလွတ်သဘော ဆွေးနွေးခဲ့ပါသည်။
“ကျနော်တို့ကတော့ ပဏာမ ဆွေးနွေးပွဲတုန်းက သဘော တူညီချက်တွေ အပေါ်မှာပဲ ပြန်ပြီး ဆွေးနွေးကြတာပါ။ အဲဒီအ ပေါ်မှာ လက်တွေ့ အကောင်အထည်ဖော်ဖို့၊ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ဆက်သွယ်ရေးရုံးဖွင့်မယ့် ကိစ္စတွေ၊ ပြည်တွင်း သွားလာခွင့် ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်” ဟု ဥက္ကဌဖြစ်သူ ဦးခိုင်စိုးနိုင်အောင်က ဆိုပါသည်။
ဦးအောင်မင်းသည်၊ ရခိုင်ပြည်နယ်၌ ဘင်ဂါလီများ နောက်ထပ် မဝင်ရောက်နိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြော ပါသည်။ ပြည်တွင်းသို့ ရခိုင်လွတ်မြောက်ရေး ပါတီဝင်များ သွားလာခွင့်ရှိသည့် အခါ မှတ်ပုံတင်ပြုလုပ်ပေးရေး၊ ဆက်သွယ် ရေးရုံးတည်နေရာနှင့် စီးပွာရေးရုံး ထားရှိမည့်တည်နေရာများကို တင်ပြရန် တိုက်တွန်းသွားပါသည်။
နောက်ထပ် တွေ့ဆုံမှုကို လာမည့် ဇူလိုင်လကုန်လောက် သို့မဟုတ် သြဂုတ်လဆန်းကို ချိန်းဆိုထားပါသည်။ ပထမ အကြိမ် ပဏာမ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီတို့ သဘောတူထားခဲ့သည်မှာ
(၁) တပ်မတော်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့သည် ၂၀၁၂ ခုနှစ် ဧပြီလ (၆)ရက်နေ့မှစ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန်
(၂) နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆို၊ ဆက်ဆံ၊ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် နှစ်ဖက် သဘောတူညီသော အောက်ဖော်ပြပါ နေရာများတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ရန်
(က) ပလက်ဝ
(ခ) ကျောက်တော်
(၃) အပစ်အခတ် ရပ်ဆိုင်းထားစဉ်ကာလအတွင်း နှစ်ဦးနှစ်ဖက် သဘောတူညီထားသော နေရာများမှအပ နယ်မြေ ကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်
(၄) အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီဝင်များအား လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုရန်
(၅) ပြည်ထောင်စု အစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဖွဲ့စည်း သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့များသည် နှစ်ဦးနှစ်ဖက် သဘောတူညီသောနေရာ၊ သဘောတူညီသော အချိန် ကာလတွင် ရခိုင်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကိစ္စရပ်များ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြ ညှိနှိုင်းဆွေးနွေးကြရန်
ဤသဘော တူညီချက်ကို ၂၀၁၂ ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေဟိုတယ် ၌ ရခိုင်ပြည်နယ် အစိုးရနှင့် လက်မှတ် ထိုးခဲ့ကြပါသည်။
.................................
http://phophtaw.org/burmese/index.php/news/internation-news/1792-2012-06-28-12-42-54.html