ဇွန်လ ၁၉ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်း၌ သေကြေပျောက်ဆုံးသွားသည့်အလောင်းများအား ယနေ့ နံနက် ၄နာရီခန့်တွင် ၈လောင်းနှင့် ညနေ ၃နာရီခန့်တွင် ၁ လောင်းကို ဘင်္ဂလီမူဆလင်များထံမှ ပြန်လည်၍ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ကူတောင်ရွာ အဓိကရုဏ်းကြောင့် သေဆုံး၍ပျောက်ဆုံးသွားသူများအား ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ သဂြိုလ်ရန်အတွက် သင်္ဃာတော် အပါး ၃၀၊ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် စစ်တပ်တို့မှ ဘင်္ဂလီမူဆလင်းများကို နည်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးမှ အလောင်း၉လောင်းကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
“ပထမတော့ ဘင်္ဂလီမူဆလင်တွေက သူတို့မလုပ်ဘူး၊ မဟုတ်ဘူးဆိုပြီး ဘူးခံ ငြင်းတာ၊ သင်္ဃာတော်တွေကလည်း ဘင်္ဂလီမူဆလင်ရွာသားတွေကို ဘာမှမလုပ်ဘူး၊ အခုအဲဒီအလောင်းတွေကို ဗုဒ္ဓဘာသာအရ သဂြိုလ်ပေးရမယ် အဲဒါကြောင့် အလောင်းတွေကို ထုတ်ပေးပါဆိုပြီး တောင်းကြတယ်၊ စစ်တပ်နဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးတွေကလည်း ကူတောင်ရွာက မျက်မြင်သက်သေတွေကို ခေါ်ပြီး အလောင်းတွေကို ထုတ်ပေးဖို့ တောင်းကြတယ်၊ မျက်မြင်သက်သေတွေရှိနေတော့ သူတို့လည်း တစ်ခုခုပြန်ပြီးအရေးယူခံရမှာ ကြောက်တော့ မနက် ၄နာရီလောက်မှာ အလောင်း ၈ လောင်းကိုထုတ်ပေးခဲ့တယ်”ဟု ကူတောင်ရွာသားတစ်ဦးက ပြောပြသည်။
ဘင်္ဂလီမူဆလင်များသည် ယင်းအလောင်း ၈လောင်းကို ဖျက်ဆီးပြီး ဂုန်နီအိတ်ဖြင့်ထုတ်၍ အိမ်များအလယ်တွင် တွင်းတူးမြုပ်နှံ့ထားကာ ဦးဖြူချေ အလောင်းကိုမူ မီးရှို့လိုက်ကြောင်း သိရှိရသည်။
“မနက်က ဂုန်နီအိတ်တွေနဲ့ ထုတ်ပေးတဲ့ အလောင်းတွေကို ဟိုတစ်စ၊ ဒီတစ်စ ဆက်ကြည့်ကြတော့ ၈လောင်းဘဲဖြစ်တယ်။ အဲဒီတော့ နောက်တစ်လောင်းဘယ်မှာလဲဆိုပြီး သွားတောင်းကြတော့ မရှိတော့ဘူးဘဲငြင်းနေတာ၊ ဒီနေ့ နေ့လည် ၃နာရီလောက်မှဘဲ မီးရှို့ခံလိုက်ရတဲ့ ဦးဖြူချေ အရိုးတွေကို ထုတ်ပေးမယ်လို့ ဘင်္ဂလီမူဆလင်တွေကပြောလို့ အခုသွားယူနေကြတယ်။ သုသာန်မှာလည်း အလောင်းတွေစုံမှ သဂြိုလ်မှာဖြစ်တဲ့အတွက် လူတွေလည်းစောင့်နေရတယ်။”ဟု ၄င်းရွာသားမှ ဆက်လက်ပြောပြသည်။
အဓိကရုဏ်းတွင် သေဆုံးသူ ကျောင်းဆရာ ဦးသိန်းဟန်အလောင်းကို ဇွန်လ ၁၉ရက်နေ့ကတည်းက ရရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၁၀ဦးထဲမှ ၁ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ယင်းရွာသားပြောပြချက်အရ သိရှိရသည်။