-----------
စစ်တွေတွင် ပြုလုပ်မည့် နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် ဘင်္ဂလားဒေ့ခ်ျ့မှ အဖွဲ့ဝင် ၁၃ ဦးပါ ကိုယ်စားလှယ် တစ်ဖွဲ့သည် ယမန်နေ့က တက်ကနက်- မောင်တော နယ်စပ်မှ တဆင့် စစ်တွေသို့ ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး တက်ကနက်မြို့နယ် မြစ်နားရွာမှ ကိုကျော်ဇောအောင်က နိရဉ္စရာသို့ ယခုလိုပြောသည်။
"သူတို့က မေလ ၂၈ရက်နေ့ ညနေ ၂နာရီမှာ တက်ကနက်ကနေ မော်တော်ဘုတ်နဲ့ မောင်တောကို ထွက်ခွာသွားကြတယ်။ သူတို့ စုစုပေါင်းက ၁၃ယောက်ပါ။ အဲဒီအထဲမှာ ကော့စ်ဘာဇာ ခရိုင် ဒုတိယ ကော်မရှင်နာ ဆေယတ် မိုဟာမောက်နရူ၊ တက်ကနက် အခြေစိုက် UNOအဖွဲ့က ခေါင်းဆောင်တဦး ဖြစ်တဲ့ နာဇိမ်း ယိမ်၊ တက်ကနက် အခြေစိုက် ဘီဂျီဘီအမှတ် (၄၂)က တာဝန်ရှိတချို့နဲ့ တက်ကနက် စီးပွားရေဇုန် အဖွဲ့က ခေါင်းဆောင်တွေ ပါသွားတယ်" ဟုပြောသည်။
အဆိုပါ အဖွဲ့သည် မေလ ၂၉ ရက်နေ့တွင် စစ်တွေမြို့ နယ်စပ် ကုန်သွယ်ရေး ခန်းမတွင် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် နယ်စပ် စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ဘက်မှ မြန်မာနှင့် သင်္ဘောလိုင်း ပြေးဆွဲရေးကို အဓိက ဦးစားပေး ဆွေးနွေးမည် ဖြစ်ပြီး မြန်မာဘက်မှ ကုန်ပစ္စည်းများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံပိုင် သင်္ဘောများဖြင့် သယ်ယူရန် လိုလား နေကြသည်။
၎င်းအပြင် နယ်စပ် ကုန်သွယ်ရေးတွင် ဖြစ်ပေါ်နေသော ပြဿနာ အရပ်ရပ်ကို ဆွေးနွေးကြမည် ဖြစ်ပြီး ထိုအထဲတွင် ငွေလဲလှယ်မူကို အချိန်တို အတွင်း ဆောင်ရွက်နိုင်ရေး အတွက် ဘဏ်များ ဖွင့်လှစ် နိုင်ရေးကိုလည်း ဆွေးနွေးကြမည်ဟု ဆိုသည်။ ၎င်းပြင် အခွန်ကိစ္စ၊ မူးယစ်ဆေးဝါး ကိစ္စ၊ မှောင်ခို နှိမ်နှင်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည်ဟု သိရသည်။
အလားတူ မေလ ၂၇ရက်နေ့ကလည်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ် မြစ်နား ရွာ၌ နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူများ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေးတွင် နစက နယ်မြေ အမှတ် (၅)မှ ဗိုလ်မှူး မဲသိန်းဦး ဆောင်သော အဖွဲ့ဝင် ၇ ဦးနှင့် အမှတ် (၄၂) ဘီဂျီဘီအဖွဲ့မှ ဗိုလ်မှူး ဇော်ဇော်မီယာ ဦးဆောင် သောအဖွဲ့ဝင် ၈ဦး တို့ တက်ရောက်ခဲ့ ကြပြီး ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နစ်မြစ်ထဲတွင် နယ်မြေ ကျူးကျော် ငါးဖမ်းဆီးမှု ကိစ္စ၊ နွားခိုး မှုကိစ္စရပ်များနှင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များ အလေးထား ဆွေးနွေးခဲ့ ကြသည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်မူတွင် ၂၀၁၀- ၂၀၁၁ ခု ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလာဘက်မှ ပို့ကုန် ပမာဏမှာ အမေရိကန် ဒေါ်လာ ၉ ဒဿမ ၆၅ သန်းဖိုး ရှိပြီး မြန်မာမှ သွင်းကုန် ပမာဏမှာ အမေရိကန် ၁၇၅ ဒဿမ ၇၂ သန်းဖိုးရှိကြောင်း သိရသည်။
...................
နိရဉ္စရာ