ရခိုင်ပြည်နယ်အတွင်း နအဖ စစ်အစိုးရလက်ထက် တပ်မတော်အကြီးအကဲ၊ ခယက၊ မယက နှင့် စစ်ထောက်လှမ်းရေးတို့ ပူးပေါင်းပြီး ဆင်းရဲသား တောင်သူလယ်သမားများ၊ မသိနားမလည်သော ရွာသူရွာသားများကို နားလှည့်၊ ပါးရိုက် ခြိမ်းခြောက် ပြီး မြေကွက်များ၊ စားကျက်မြေများ၊ ကန်းပိုင် (ကျွဲ၊ နွားရေသောက်ရန်ထားသည့် အင်း၊ အိုင်၊ ချောင်း၊ မြောင်းများ၊ ဆည်၊ မြောင်း၊) တာတမံများကို ပုဇွန်ကန်းပိုင် (ပုဇွန်တာ) ပြုလုပ်ထားကြသူများကို မြို့နယ်ကျေးရွာအလိုက်အား နိုင်ငံတော် အစိုးရနှင့် ပြည်သူသို့ တင်ပြခြင်း။
(၁) ပေါက်တောမြို့နယ်၊ ဒုံရွာ၊ ဆင်ပိုက်နယ်မြေရှိ ဆည်မြောင်း တာတမံများ အတွင်းတွင်ရှိသော လယ်ယာမြေများကို အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် (ဒုတိယ ဗိုလ်ချုပ်ကြီး အတွင်းရေးမှုး-၃)နှင့် နီးစပ်မှုယူပြီး စစ်တွေမြို့ပေါ်မှ ဦးသန်းရွှေ (ရွှေသဇင် ဟိုတယ်)၊ ပေါက်တောမြို့ပေါ်မှ ဦးမောင်ထွန်းမြ၊ ဦးခင်မောင်သိန်း ယခုလက်ရှိ (ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး – ပေါက်တောမြို့) တာဝန်ထမ်းဆောင် နေသောသူတို့မှ ယခင်လက်ရှိ ထွန်ယက် လုပ်ကိုင် စားသောက်နေသည့် ဒေသခံပြည်သူများအား နိုင်ထက် စီးနင်းလုပ်ကာ ပုဇွန်တာပြုလုပ်ခြင်း၊ နေလှမ်းဆားပြုလုပ်ခြင်း များကို လုပ်ဆောင်နေမှုအပေါ်  စီစစ်ဖေါ်ထုတ် အရေးယူပေးရန်။
(၂) ပေါက်တောမြို့နယ် သ၀င်ချောင်း၊ တောင်းဖူးနယ်မြေရှိ အစိုးရ ဆည်မြောင်း တာတမံများအတွင်းမှာ လုပ်ကိုင်နေသော လယ်သမား ဆင်းရဲသားများကို စစ်တွေခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဒု-ဗိုလ်မှူးကြီးမြင့်သန်းနှင့် နီးစပ်မှုယူပြီး သ၀င်ချောင်း ကျေးရွာတွင်နေထိုင်သူ ကျောင်းဆရာဇော်ဝင်း (ကာယ-အထက (ခွဲ) သ၀င်ချောင်း)၊ ကျောင်း ဆရာ အောင်ကျော်ဝင်း (စုတ်တံ)၊ ဦးကျော်ညွန့် (နားပဲ့)၊ ဦးရွှေသာ (ရယက ဥက္ကဌ ဟောင်း) တို့နှင့် တောင်းဖူးကျေးရွာမှ ဦးထွန်းကျော်ခိုင် (ယရက စာရေး)၊ ဦးအောင်ကျော်သိန်း၊ ဦးထွန်းလှ၊ ကျော်ဝင်းမြတို့မှ နိုင်ထက်စီးနင်းလုပ်၍ လယ်ယာမြေ များကို ပုဇွန်တာအဖြစ် လုပ်ဆောင်မှုကြောင့် မသိနားမလည်သော လယ်သမားများ လယ်မြေအတွင်း ဆားငံ (ဒီရည်) ရောက် မှုကြောင့် မိမိလယ်မြေများကို လက်လွှတ် ဆုံးရှုံး ခဲ့ရသည့် အမှုများကို စီစစ်၊ စုံစမ်း ဖော်ထုတ် အရေးယူပေးရန်။
(၃) ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာနေ (ဘ) ဦးလူဝေ၏သား ဦးမောင်ထွန်းဦးဆိုသူမှာ ထောက်လှမ်းရေး (၁၀) မှ မြို့ နယ်တပ်ဆွယ်မှူးဟောင်း တပ်ကြပ် စောလွင်နှင့် နီးစပ်မှုယူပြီး ရွာသားပိုင်သည့် ကန်းပိုင် (ခ) အင်းအိုင်၊ ချောင်းမြောင်းများကို တစ်ဦး တစ်ယောက်တည်း ပိုင်ဆိုင်မှုရယူပြီး ပုဇွန်မွေးမြူရေးကန် ပြုလုပ်နေခြင်းကြောင့် ကျေးရွာရှိ တောင်သူလယ်သမားပိုင် သည့် ကျွဲ၊ နွားများ သောက်သုံးရန် ရေအခက်အခဲ (မလုံလောက်မှု) များဖြစ်နေရ၍ ယင်းကိစ္စအားစုံစမ်းဖော်ထုတ်အရေးယူပေး ရန်။
(၄) ပေါက်တောမြို့နယ် သ၀င်ချောင်းကျေးရွာနေ (ဘ) ဦးကျော်ထွန်းအောင်၏သား ဦးလှဖော်ဇံဆိုသူသည် ရယက အဖွဲ့ဝင် တာဝန်ထမ်း ဆောင်စဉ်ကာလ ကျေးရွာပိုင်သည့် ကန်းပိုင်(ခ)အင်းအိုင်တစ်ခုကို အာဏာ အလွဲသုံးစားလုပ်ပြီး တဦးတယောက် တည်း ပုဇွန်ကန်းပိုင် လုပ်ကိုင်နေမှုကြောင့် ကျေးရွာရှိ တောင်သူလယ်သမားများပိုင်သည့် ကျွဲ၊ နွားများသောက် သုံးရန် ရေ အခက်အခဲရှိနေပါသဖြင့် ယင်းကိစ္စအား စုံစမ်းဖော်ထုတ်အရေးယူပေးရန်။
(၅) ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင် မယက ဥက္ကဋ္ဌ ဦးကျော်ဇောလှ လက်ထက်က ရွာသားတစ်ချို့နှင့် ပူးပေါင်းပြီး ရွာသားပိုင်သည့် ကျွဲ၊ နွား စားကျက်မြေအား ပုဂ္ဂလိကပိုင်အဖြစ်သို့ရောင်းစားခဲ့၍ တောင်သူလယ်သမားများ၏ ကျွဲ၊ နွားများစား ကျက် အခက်အခဲကြုံနေရသဖြင့် စီစစ်ဖော်ထုတ်အရေးယူပေးရန်။
(၆) ပေါက်တောမြို့နယ် မင်းဘာကျေးရွာတွင် ယခုလက်ရှိအုပ်ချုပ်နေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရွာသားပိုင် စားကျက်မြေ များအား တဦးတယောက်ပိုင် ပုဂ္ဂလိကလက်ထဲသို့ ငွေကြေးလာဘ်ထိုးပြီး လယ်ယာမြေလုပ်ကိုင်ရန် အမိန့်ချမှတ်ထားမှုကြောင့် လယ်သမားများ ၏ ကျွဲ၊ နွားများအတွက် စားကျက်မြေ အခက်အခဲ ပြဿနာကြုံတွေ့နေရ၍ စုံစမ်း ဖော်ထုတ် အရေးယူပေးရန်။
(၇) ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်တွင် မယက ဥက္ကဋ္ဌ ဦးကျော်ဇောလှ တာဝန်ထမ်းဆောင် နေစဉ်အတွင်း မြို့ပေါ်ရှိမြေကွက် (ယခု အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချင်းပျံလမ်းရှိ ဦးမောင်ထွန်းဝင်းနေထိုင်သည့် မြေနေရာ၊ အမှတ်(၂) ရပ်ကွက် ဦးဝေဇံဖြူ၊ ဦးမောင်သန်းဝင်း၊ ဦးအ၀င်းချေ တို့နေထိုင်သည့် မြေနေရာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးသန်းမောင်ကြီး နေထိုင်သည့် မြေနေရာ) စသည်တို့ကို မိမိကိုယ်ကျိုးအတွက် ရောင်းစားခဲ့မှုအပေါ် စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးပါရန် Arakan Review မှတဆင့် နိုင်ငံတော် အစိုးရနှင့် ပြည်သူသို့ အသိပေးတင်ပြ အပ်ပါသည်။
ကျွဲကူးသား