ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ် တောင်းဖူးကျေးရွာမှ ဦးမောင်စံဝင်း၏ သား မောင် ဦးလှဝင်း အသက် (၁၆) နှစ် မှာ ကလေးစစ်သား အဖြစ် ထားဝယ် ခလရ (၄၀၉) တွင် အမည်ပြောင်းလဲ ပေးထားပြီး တပ်မတော် သားအဖြစ် စုဆောင်းထားသည်ဟု သတင်းရရှိသည်။
ဒီလို ကလေးစစ်သား စုဆောင်းခံရမှုနှင့် ပတ်သက်ပြီး  လူ့အခွင့်ရေး ကာကွယ်မြှင့်တင် သူများ ကွန်ယက် (HRDP) ရခိုင်ပြည် မှ တာဝန်ရှိသူ ဦးမြထွန်းအား Arakan Review မှ မေးမြန်းချက်အရ “ ဟုတ်ပါတယ် ကျွန်တော်တို့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူ များ ကွန်ယက် (HRDP) ရခိုင်ပြည် သို့ ဇန်န၀ါရီလ (၂၇) ရက်နေ့က မောင် ဦးလှမင်း ရဲ့ အဖေ ဦးမောင်စံဝင်း လာရောက် တိုင်ကြားခဲ့ပါတယ်။
ကလေး အသက် က (၁၆) နှစ်ပဲ ရှိပါသေးတယ်။ အဲဒီအတွက် ကျွန်တော်တို့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) ရခိုင်ပြည် မှ စုံစမ်းလိုက်တော့ ကလေး က အခုအချိန်မှာ ထားဝယ် ခလရ (၄၀၉) မှာရှိတယ်လို့ သတင်းရပါတယ်။ သို့ပေမဲ့ ကျွန်တော်တို့ကို တိုင်းကြားထားတဲ့ ကလေးအမည်တော့ မဟုတ်တော့ပါဘူး ကလေး ရဲ့ အမည်ကို ပြောင်းလိုက်ပါပြီ။ မိဘတွေကတော့ သူတို့ရဲ့ ကလေးကို ပြန်လိုချင်ကြတာပေါ့။ ကလေး ကလည်း ငယ်သည်းတယ်။ စစ်မှုထမ်းဖို့အရွယ် လည်း မဟုတ်ဘူး။ အခုတလော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့လည်း အစိုးရတပ်တွေက အမြဲလိုလို တိုက်ပွဲဖြစ်နေကြ တာဆိုတော့ မိဘတွေအနေနဲ့ စိတ်ပူတဲ့ သဘောလည်း ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က နိုင်ငံတော်အဆင့် အထိရောက်အောင် တဆင့်ချင်း တဆင့်ချင်းလိုက် လံ အကြောင်းကြားထားပါတယ်။ အခုထိတော့ အဖြေမရသေးပါဘူး။ သတင်းစာရှင်းလင်းပွဲတွေမှာတော့  ဒုတိယ ကာ ကွယ်ရေး ဦးစီးချုပ် ပြောတဲ့ စကားတစ်ခွန်းတော့ရှိတယ်ဗျ။
အသက် (၁၈) နှစ် မပြည့်ရင် စစ်မှုထမ်းခွင့် ဘယ်သူကမှ မပေးဘူးလို့ တော့ပြောသွား ခဲ့တာတွေရှိတယ်။ ပြောတဲ့ အတိုင်းတော့ လုပ်ကြမလား မလုပ်ကြဘူးလားတော့မသိဘူး။ အခု ကျွန်တော်တို့ ရခိုင်ပြည်နယ်က  မောင်ဦးလှဝင်း အပါ အ၀င်ပေါ့လေ အသက် မပြည့်သေးတဲ့ ကလေးတွေ တော်တော်များများတော့ ကလေးစစ်သား အဖြစ် စုဆောင်းခံနေရတယ် လို့တော့ သတင်းတွေ အမြဲ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) ရခိုင်ပြည် အဖွဲ့မှ အမြဲမပြတ်လေ့ လာစောင့်ကြည့်နေပါတယ်။ အခုတိုင်ကြားထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အဖွဲ့မှ ကြေငြာချက် တစ်စောင်လည်း ထုတ်ထားပါတယ်။ ” လို့  Arakan Review သို့ ပြောသွားခဲ့ပါတယ်။