You Are Here: Home - ပင်မစာမျက်နှာ , ဆောင်းပါး - မြန်မာဟူသည်...။

မြန်မာ ဆိုတာကြီးကို သေချာမရှင်းဘဲနဲ့တော့ မဖြစ်တော့ဘူး..။

ဒီအတောအတွင်း အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ ပို့စ်တွေ၊ စာစုတွေ ဖတ်လိုက်ရတော့ မစွမ်းရင်းကလဲရှိ.၊ ကန်စွန်းခင်းကလဲညှိ.. ဆိုသလိုပဲ.။ ဆိုင်းသံကြားတဲ့ ဇာတ်ရူးလို ရွပိုးထိုးလာတာ အရင်ဝန်ခံလိုက်ပါတယ်.။ ကိုယ့်ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောခွင့်ရှိတဲ့ ဒီမိုကရေစီခေတ်ကြီးမှာပဲနော့်.။ ဘယ်သူမှ မဖတ်ရင်တောင် ပြောချုင်တာလေး ပြောလိုက်ရတော့ ရင်ချောင်သွားတာပေါ့..။ ဘယ်သူ့ ဘယ်သူကိုမှ ချောင်ပိတ်မေးခွန်းနဲ့ “ဟုတ်ကဲ့ သားတို့ မှားခဲ့ပါတယ်”လို့ အမှားဝန်ခံခိုင်းဖို့လဲ မရည်ရွယ်ပါဘူး..။ နဲနဲ သံဝေဂရပြီး ကိုယ့်လိပ်ပြာ ကိုယ်ပြန်ငဲ့တတ်ရင်ကို ကျနော့်ရေးတာပြောလေးတွေ အရာထင်တယ်လို့ သတ်မှတ်နိုင်မှာပါ..။

ဟုတ်ကဲ့..။ စဉ်းစားကြည့်ကြပါစို့..။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့တိုင်းရင်းသားလူမျိုးတွေနဲ့ တခြားလူမျိုးစုတွေထဲမှာ ဗမာတွေကလွဲပြီး ဘယ်လူမျိုးကများ မြန်မာဆိုတဲ့နိုင်ငံ..၊ မြန်မာဆိုတဲ့ဝေါဟာရမှာ အကျုံးဝင်ခဲ့ပါသလဲ..။ စစ်အစိုးရအဆက်ဆက် မျက်လှည့်ပြခဲ့တဲ့ ပဉ္စလက်ပြကွက်ဆန်းတွေထဲမှာ ဗမာတွေကိုယ်တိုင် မြန်မာဆိုတဲ့ဝေါဟာရကနေ ကန်ထုတ်ခံခဲ့ရတာ.. ဒါမှမဟုတ်ရင် မြန်မာဆိုတဲ့စကားလုံးနဲ့ ၀ါးမျိုခံနေရတာ..၊ ကြာရင် ဗမာလူမျိုးဆိုတာပါ ပျောက်ကွယ်သွားတော့မှာ မြင်မိတဲ့သူတွေ ခပ်ရှားရှားရယ်.။ (ကျနော်ကတော့ သိတာကြာပေါ့..၊ တမင်ကို မပြောခဲ့တာ။)
ကြိုမြင်ခဲ့သူတွေကလဲ “အမျိုးပျောက်လဲ ဘာဖြစ်လဲ..။ ငါတို့ကိုယ်နှိုက်က စုပေါင်းစပ်ပေါင်းဖြစ်လာတာပဲ၊ ဒီအမျိုး နာမည်ပျောက်ရင် နောက်နာမည်တစ်မျိုးနဲ့ လူမျိုးတော့ ပြန်ပေါ်လာမှာပေါ့..။”လို့ သဘောထားကြတယ်ထင်တယ်.။ တကယ်ပါဗျာ..။ ကချင်ကအစ၊ ဗမာအလယ်၊ ရှမ်းအဆုံး လူမျိုးတွေအားလုံးပေါင်းပြီး. မြန်မာ ဆိုတဲ့ လူမျိုးတစ်ရပ် မွေးထုတ်ဖို့ ခြေပုန်းခုတ်ခဲ့တာများ. ဗိုလ်ချုပ်ကိုယ်တိုင် လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်ကို ဖင်ခုထိုင်တဲ့အထိပဲ..။

“သောက်ကြီးသောက်ကျယ်နဲ့ ဘာတွေလာပွားနေတာလဲ..၊ မင်းက ဘာကောင်မို့လို့လဲ..။”လို့များ ပြန်မေးချင်သလား.။ ဟုတ်ကဲ့ ကျနော် ဘာကောင်မှ မဟုတ်ပါဘူး.။ ကျနော် သာမန်အရပ်သား ပြည်သူတစ်ယောက်ပါ.။ ဆေးတက္ကသိုလ် (၂)ကျောင်းဆင်းပါ...။ ခေတ်ပညာတတ်လို့ ပတ်ဝန်းကျင်ကသတ်မှတ်ခံထိုက်သူ တစ်ယောက်ပါ.။ ဒါပေမဲ့ ကျနော်ပြောတာတွေ ရေးတာတွေဟာ ပေါက်လွတ်ပဲစား ပညာတတ်မဆန်လိုက်တာလို့ သမုတ်ချင်ရင်တော့လဲ သဘောပါ..။ ကျနော့်ကို ပညာသင်ပေးခဲ့တဲ့ ခေတ်ကာလနဲ့ စနစ်တွေကြောင့် ဖြစ်ပါလိမ့်မယ်..။ ဘာပဲပြောပြော ခုစာကို သာမန်အရပ်သားတစ်ယောက် အနေနဲ့ပဲ ရေးမှာပါ..။ လူပြိန်းတစ်ယောက်လို့ပဲ ဆိုကြပါစို့..။

“နောက်ဆုံတော့လဲ ဒီဘူတာပဲဆိုက်တယ်”လို့ အပြောမခံရအောင် ဒီဘူတာကနေ စလိုက်ပါတယ်.။ ဟုတ်ကဲ့..။ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကအရေးအတီးပြိုင်ပွဲ ဆိုတာကြီးပါ..။ ဘာလဲဗျ.. မြန်မာယဉ်ကျေးမှုဆိုတာ..။ မြန်မာဆိုတဲ့ အသုံးဟာ ဗမာတိုင်းရင်းသာတစ်နွယ်တည်းအတွက် မဟုတ်ဘဲ လူမျိုးအားလုံးအတွက် ဖြစ်တယ်ဆိုပြီး ၁၉၄၈ ကတည်းက အတည်ပြု သုံးနှုန်းခဲ့ကြတာပဲ..။ အင်္ဂလိပ်လို Burma..၊ ဗမာလိုတော့ မြန်မာဆိုတာ အားလုံးနဲ့ဆိုင်တဲ့ နာမည်ရယ်. .။ ဟုတ်တယ် မဟုတ်လား.။
ဒီတော့ မြန်မာယဉ်ကျေးမှုဆိုတာထဲမှာ ကချင်ယဉ်ကျေးမှုကော..၊ မွန်ယဉ်းကျေးမှုကော. ဗမာနဲ့ ရှမ်း..၊ ၀၊ ပလောင် စတဲ့ လူမျိုးအားလုံးရဲ့ ယဉ်ကျေးမှုတွေကို စုစည်းခေါ်ဆိုမှု မဟုတ်ဘူးလား..။
“အဲဒီလို မှတ်လို့ မရဘူးလေကွာ..။ မြန်မာဆိုတာ နိုင်ငံအနေနဲ့သာ အားလုံးနဲ့ဆိုင်တာလေ.။ ယဉ်ကျေးမှု..၊ စာပေ.၊ စကား စတာတွေကတော့ ဗမာတွေနဲ့ပဲ ဆိုင်တာပါ... မင်း ဒါလေးတောင်မသိဘူးလား... ငတုံး.။”
ဒီလိုတော့ ဘုကန့်လန့်မတိုက်လောက်ပါဘူးနော်....။

ဆိုတော့ကာ......။ ၁၉၄၈ ကတည်းက အားလုံးနဲ့ဆိုင်တယ်လို့ သတ်မှတ်ထားတဲ့ ဒီစကားလုံး ၁၉၉၂ ကစပြီး ကိုယ်ရောင်ဖျောက် ရုပ်ဖျက် စင်ပေါ်တက်လာပုံက ညက်ညက်ညောင်းညောင်းလေးရယ်..။ အနှီ “မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကအရေးအတီးပြိုင်ပွဲ” ဆိုတာနဲ့ပါ..။ ဆိုလိုက်၊ ကလိုက်နဲ့ ရိုးရာအမွေထိန်းသိမ်းကြပုံများ ကျနော့်မှာ မုဒိသာပွားလို့..။ မြန်မာဆိုမှတော့ အားလုံးပါမယ် မျှော်လင့်တာကိုး..။ တစ်နှစ်ပြီး တစ်နှစ်..။ ဗမာသီချင်းကြီးတွေကို ကချင်ဝတ်စုံဝတ်ပြီး တက်ဆိုတဲ့ အထက်တန်းကျောင်းသူ ကချင်မလေးသာ လင်ရပြီး ကပြားလေးတွေ မွေးသွားတယ်.။ တောင်ပေါ်သားရှမ်းကလေးသာ မြေပြန့်မှာ အိမ်ထောင်ကျကျန်ခဲ့တယ်...။ (ဥပမာပေးခြင်းသာ ဖြစ်ပါသည်.။ တစ်လွဲဆံပင်ကောင်းမနေဖို့ မေတ္တာရပ်ခံပါသည်..။) ဗမာယဉ်ကျေးမှုတစ်ခုတည်းနဲ့တင် မြန်မာယဉ်ကျေးမှုကြီး ၀ါးလုံးခေါင်းထဲလသာနေပါရောလားဗျို့....။ အော် ကျနော်လဲ ဖာသိဖာသာပေါ့ဗျာ..။ ကျန်တဲ့လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေမြင့်တင်ပေးဖို့ အချိန်မရသေးလို့ပါ..။ ကျန်တာတွေ နောက်တဖြည်းဖြည်းလာမှာပါပေါ့..။ ဖြည့်စွက်တွေးပေးနေပါသေးတယ်..။  တော်တော်လေးကြာတော့မှ... လား .. လား.. ညောင်မြစ်တူးရင်း ဖွတ်ဥတွေ ပေါ်လာပါတော့တယ်..။။

ကဲ ဗမာနောင်တော်တွေကို မေးချင်ပါတယ်..။ ကချင်တွေမှာ ကချင်ယဉ်ကျေးမှု..၊ ကချင်စကား..၊ ကချင်စာ ရှိပါတယ်.။ ကျန်တဲ့ လူမျိုးတွေမှာလဲ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကိုယ်စီနဲ့ပါ..။ ဒါပေမဲ့ ဗမာတွေမှာကော..။ ဘယ်မှာလဲ ဗမာစာ.၊ ဗမာယဉ်ကျေးမှု၊ ဗမာစကား..။ ကျနော်ကတော့ မြန်မာစာ၊ မြန်မာစကား၊ မြန်မာယဉ်ကျေးမှုတွေပဲ မြင်မိတယ်..။  နောင်တော်တို့ရဲ့ ယဉ်ကျေးမှု မြန်မာမှုပြုခံနေရပြီဆိုတာ သတိကောထားမိကြရဲ့လား.။ အဲလိုမဟုတ်ဘူးလို့ စွတ်စပ်မငြင်းနဲ့ဦးနော်..။ အောက်ကမေးခွန်းတွေကို အရင်ဖတ်လိုက်ဦး..။ လူမျိုးအနေနဲ့သာ ဗမာ.. ကျန်တဲ့အပိုင်းတွေမှာကတော့ မြန်မာဆိုတဲ့ စကားလုံးပဲ ဆက်သုံးနေကြတာမျိုးလား..။ ဒီလိုဆို မြန်မာနာမည်အောက်မှာ စုစည်းနေကြတဲ့ ကျန်လူမျိုးတွေက ဗမာတွေရဲ့ နောက်မြီးဆွဲ လူမျိုးစုအစွယ်အပွားတွေပဲလို့ အဓိပါယ်သက်ရောက်မသွားဘူးလား.။ တကယ်ပဲ အဲလိုဖြစ်အောင် ကြိတ်ကြံနေကြတာလား..။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေတနာကို မျက်ကွယ်ပြုထားကြတာလား.။

ကျေးဇူးပြုပြီး မျက်စိကို ဖွင့်ထားကြစမ်းပါ..။ အမှန်ကို မြင်စေချင်ပါတယ်..။ လူကိုလူမျိုဖို့ လုပ်နေကြတယ်ဆိုတာ သိဖို့လိုနေပါပြီ..။ တိုင်းရင်းသားအားလုံးကို မြန်မာဆိုတဲ့ လူမျိုးတစ်မျိုးတည်း ဖြစ်အောင် သွတ်သွင်းနေတာပါ..။ လူမျိုးကြီးတစ်ခုလုံး ၀ါးမျိုခံလိုက်ရတာ မြန်မာ့သမိုင်းမှာ အသိသာကြီးပါ.။ ပျူ၊ သက်၊ ကမ်းယံဆိုတာတွေ ခုနေ မြေလှန်ရှာလို့မှ အရိုးစုပဲတွေ့တဲ့အဖြစ်ရောက်နေတာ အားလုံးအမြင်ပါ..။ (လက်ရှိ)မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံးကို တစ်ချိန်က အုပ်စိုးခဲ့ကြတဲ့ မွန်၊ ကရင်လူမျိုးတွေ တဖြည်းဖြည်း အစွန်အဖျားတွန်းပို့ခံနေရတာ လက်တွေ့ မငြင်းနိုင်တဲ့ သာဓကပါ..။ ဗမာတွေမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ကိုယ့်မင်းကိုယ့်ချင်းနဲ့ အောင်လံလွင့်ခဲ့တဲ့ ရခိုင်လူမျိုးတွေ ရိုဟင်ဂျာနဲ့ ယိုးစွပ်ခံနေရပါပြီ.။ ပျူတွေ ပျောက်သွားတာ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် ဧရာမမီးဘေးကြောင့်လို့ ဆိုကြပေမဲ့ လူမျိုးကို လူမျိုးဝါးမျိုသွားတာ အဓိကပါ..။ လွတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းမှာ ကရင်သွေးပါတယ် ဆိုပြီး ပြောတာ သတိထားလိုက်မိပါတယ်..။ ပြောတဲ့သူက မြန်မာပြည်ကြီးမှာ တိုင်းရင်းသားတိုင်း အခွင့်အရေးတန်းတူညီမျှရှိကြောင်း လူမျိုးရေး ခွဲခြားခြင်း မရှိကြောင်း ထောက်ပြချင်တာပါ...။ ရှေ့ဖုံး နောက်ပေါ်.. သူပြောမှပဲ လူမျိုးကွဲတွေညားပြီး ကပြားမွေးရာကနေ လူမျိုးပျောက်တာမဲ့ကိစ္စအထိ ပေါ်တော်မူလာပါရော...။ (တစ်နွယ်ငင် တစ်စင်ပါ ပြောလိုက်ပါဦးမယ်..။ “စောင့်လေမျိုးနွယ်” ဆိုတာ သားသမီးကျင့်ဝတ်မှာ အတိအလင်းပါပါတယ်.။ ဒါပေမဲ့ တစ်ချို့တတ်စွမ်းသူ အင်အားရှိသူတွေကတော့ လက်နက်အဖြစ်ကို သုံးနေသလားပဲ..။ ကိုယ်ကလွှမ်းမိုးမဲ့၊ ကိုယ့်လူမျိုးဖြစ်လာမဲ့နေရာမှာတော့ လူမျိုးခြားလဲ ရဲရဲသာယူကြ.။ ကပြားလေးတွေ မွေးကြ..။ ကိုယ်က ပျောက်သွားမဲ့ကိစ္စဆိုရင်တော့ ကြပ်ကြပ်ကာကွယ်ကြ..။ ဒါမှမဟုတ် နိုင်ငံရေးတိုက်ကွက်အနေနဲ့ အသုံးပြုပြီး ချောက်ချကြ.. အဲသလိုများ ညွှန်ကြားထားလေသလားပဲ..။)

ဘာလူမျိုးလဲ မေးရင် မြန်မာပါလို့ ဖြေတဲ့ဗမာတွေ ထင်ရှားငုတ်တုတ် ရှိနေကြပါသဗျ...။ တက္ကသိုလ်ကျောင်းဆင်းတွေထဲမှာကို ပါပါတယ်.။ ဒီလို ရောရောထွေးထွေး ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင်လဲ တမင်ကို မျက်ခြေဖြတ် လှည့်စားထားကြတာကိုး..။ ဗမာနဲ့ မြန်မာ မကွဲမပြားလုပ်ထားကြတယ်.။ (ဗမာတွေကို မြန်မာလို့လဲခေါ်တာ အရင်တစ်ခေတ်ကတော့ ဟုတ်ပါလိမ့်မယ်.။ ဒါပေမဲ့ ခုတော့ အားလုံးနဲ့ ဆိုင်တယ်လို့ သတ်မှတ်ပြီးပြီလေ..။ အားလုံးကို ကိုယ်စားပြုနိုင်အောင် လုပ်ရမှာပေါ့.။) ဘောလုံးပွဲတွေမှာ ကိုယ့်နိုင်ငံအသင်းကိုယ်အာပေးခဲ့တာပဲ..။ ကျနော်ဆိုရှေ့ဆုံးက..။ “မြန်မာ..မြန်မာ”လို့လဲ ကုန်းအော်ခဲ့ဖူးတယ်.။ ဒါပေမဲ့ အတူအော်နေတဲ့လူတစ်ချို့ကို မေးကြည့်တော့ လူမျိုးနဲ့ နိုင်ငံ ဘာကိုအစွဲပြုအားပေးနေမှန်း သေချာ မပြောတတ်..။ ဥပမာ အင်္ဂလန်အသင်းကို သူ့ပရိသတ်အားပေးနေသလိုလား.။ အိုလံပစ်ပွဲဝင်မဲ့ ဂရိန်ဗြိတိန်အသင်းကို အားပေးတာလား မကွဲတဲ့ပုံမျိုး..။ သြော် လူမျိုးနဲ့ ယဉ်ကျေးမှု နိုင်ငံသားဖြစ်မှုနဲ့ Identity တွေ ရောထွေး သမမွေခံနေရပါပြီကော..။ ဗမာသီချင်းကြီးတွေ တခြားတိုင်းရင်းသားဝတ်စုံဝတ်ပြီး တက်ဆိုတာကို မြန်မာ့ယဉ်ကျေးမှုတဲ့..။ ၁၉၉၂ ကနေခုထိဆို နှစ် ၂၀ ရှိပြီ..။ အဲဒီကာလကမွေးတဲ့ ကလေးတွေ အခု မဲပေးလို့ရနေပြီ..။ ဒါက သမိုင်းကို ပြင်ရေးဖို့ ကြိုးစားတာ မဟုတ်လို့.. ဘာလဲ..။ မြန်မာဇာတ်သွင်းတာ မဟုတ်လို့ ဘာလဲ..။

ကျနော်တို့ လူမျိုးတွေအားလုံး ဗမာအပါအ၀င် အားလုံးဟာ မြန်မာဇာတ်သွင်းခံနေကြရတာပါ..။ တိုင်းရင်းသားတွေ မှေးမှိန်သွားပြီး မြန်မာဆိုတဲ့ လူမျိုးလိုလို၊ နိုင်ငံသားလိုလို.၊ လူတန်းစားတစ်ရပ်လိုဟာကြီး ပေါ်ထွန်းလာအောင် Myanmarization အလုပ်ခံနေရတာပါ..။ နှစ်ပေါင်းများစွာ ကိုယ့်သမိုင်းနဲ့ကိုယ် အခိုင်အမာ တည်ရှိခဲ့တဲ့ ဘယ်လူမျိုးမှ ဒီကိစ္စကို အဖြစ်မခံနိုင်ပါဘူး..။ ဗမာတွေအတွက်ကတော့ ကုလားကြီးကနေ အရာကြီးနာမည်ပြောင်းရုံသာမို့ သိပ်မသိသာပေမဲ့ လူနဲစုတိုင်းရင်းသားတွေအတွက်ကတော့ မျိုးဖြုတ်စစ်ဆင်ရေးလိုပါပဲ..။ သမိုင်းတလျှောက် မွန်၊ ကရင်တွေ တဖြည်းဖြည်းနဲ့ နောက်ဆုတ်ပေးခဲ့ရတယ်.။ ၁၉၄၈ လွတ်လပ်ရေးရတော့ မြန့်မာတပ်မတော်တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးစမစ်ဒွန်း..၊ ကြည်းဦးစီးချုပ်က ဗိုလ်မှူးချုပ်စောကြာဒိုး..၊ လေတပ်ချုပ်က ဗိုလ်မှူးကြီးစောရှီးရှောပါ.။ ဗိုလ်မှူးချုပ်နေ၀င်းကတော့ အဲဒီတုန်းက မြန်မာပြည်အထက်ပိုင်း တိုင်းမှူး..။ ပြည်မမှာ ကရင်တွေကို ထိုက်သင့်တဲ့ တန်ဖိုးထားလေးစားမှု မပေးနိုင်တော့၊ ဘေးကို ဖယ်ထုတ်လိုက်ကြတယ်.။ ဒီလိုနဲ့ ကရင်တွေ သူပုန်ထတော့ အထက်ပါ ကရင်တပ်မှူးတွေလဲ နှုတ်ထွက်လိုက်ရရော..။

ဟုတ်ပါတယ်... သမိုင်းတလျှောက်လုံး ကျနော်တို့ ဗမာနဲ့အတူ ယှဉ်တွဲနေထိုင်ခဲ့ကြပါပြီ..။ တစ်လျှောက်လုံးလဲ သည်းခံတဲ့ဘက်ကနေပဲ ဆုတ်ပြီးရင်း ဆုတ်နေခဲ့တာ ခုဆို နယ်စပ်နယ်နိမိတ်လိုင်းပေါ်တောင် ရောက်နေပါပြီ..။ ဗမာတွေထဲမှာ ရိုးသားဖြူစင်သူ၊ စိတ်ထားဖြောင့်မတ်သူတွေ အများကြီးပါ..။ ဒါပေမဲ့ မသမာသူတွေလဲ ပေါပါတယ်.။ တစ်ချို့ကပြောတယ်..။ ဗမာတွေက တခြားတိုင်းရင်းသားတွေကို ဖိနှိပ်ခဲ့တာ မဟုတ်ပါဘူး..။ အာဏာရူး တဇောက်ကန်းတစ်ချို့ကသာ ဗမာရော တခြားလူမျိုးတွေပါ အားလုံးကို ဖိနှိပ်ခဲ့တာပါတဲ့..။ မှန်သင့်သလောက် မှန်ပါတယ်..။ ဒါပေမဲ့ အဲဒီအာဏာရူးတွေဟာ တခြားလူမျိုးမဟုတ်ဘဲ ဗမာလူမျိုးဖြစ်နေတာက ဆိုးပါတယ်.။ လွတ်လပ်ရေးရပြီးကတည်းက အာဏာရူးတစ်ယောက်ပြီး တစ်ယောက် ပေါ်လာခြင်းက ပိုပြီးဆိုးပါတယ်...။ ဗမာတိုင်းရင်းသားတွေထဲကပဲ စစ်အာဏာရှင် တဏှာရူးတွေ တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပေါ်လာခြင်းက သိပ်တော့ ရိုးတဲ့ပုံမပေါ်ဘူးနော့်...။ ဒါတော့ လက်ခံလိုက်...။

အဲသလို.. အဲသလို ပေါ့ဗျာ..။ မြန်မာနိုင်ငံထဲ ပါပါရက်နဲ့.. “ကဲ မင်းက ခွေးကတက်မှာ ထိုင်.။ မင်းက အိမ်ရှေ့ကပြင်မှာ နေရာယူ၊ မင်းက နောက်ဖေးပေါက်မှာအိပ်” ဆိုပြီး နေရာပေးခံရ..၊ မြန်မာဆိုတဲ့ စကားလုံးနဲ့ ဝေးသထက်ဝေးလာ.၊ ကိုယ့်ပြည်ထောင်စုမှာမှကိုယ် ကိုလိုနီလက်သစ်အောက် ကျွန်သဘောက်ဘ၀ရောက်ရတော့ တိုင်းရင်းသားအားလုံး ပြည်ထောင်စုက ခွဲထွက်ချင်စိတ်ပေါ်လာကြတာ မဆန်းပါဘူး.။ အစ်ကိုကြီး အဖအရာ ထားပါရက်မှ စောက်သုံးမကျ.. လက်ဝါးကြီးအုပ်လာရင်တော့ နရင်းအုပ်ထားဖို့သာကောင်းတယ်..။ မြန်မာပြည်မှာ ရှိသမျှ တိုင်းရင်းသားလူမျိုးအားလုံးနီးပါးမှာ လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ရှိနေတာက အစ်ကိုကြီးအပေါ် ညီငယ်တွေ ဘယ်လောက် ယုံကြည်အားထားလဲ.၊ ဘယ်လောက်ကျေနပ်လဲဆိုတာကို ဖော်ပြနေပါတယ်..။ တစ်နည်းပြောရရင် အစ်ကိုကြီးက ညီငယ်တွေပေါ် ဘယ်လောက်တရားသလဲ ဆိုတာကို ဖော်ပြနေပါတယ်..။ လူမျိုးတစ်စု သူပုန်ထတယ်ဆို ဖြစ်နိုင်ပါသေးတယ်. လူမျိုးကြီးဝါဒနဲ့ ပြည်ထောင်စုက ခွဲထွက်ချင်လို့...။ လူမျိုးနှစ်မျိုး..၊ အင်း ဖြစ်နိုင်သေးတယ်..။ အဲ.ရှိသမျှ လူမျိုးအားလုံး တော်လှန်လာကြတာကိုမှ  “အစ်ကိုကြီးက တရားတုန်းပါပဲ..။ ညီငယ်တွေကသာ ရင့်ကျက်မှုမရှိဘဲ စေတနာကို နားမလည်ကြတာ” လို့ဆက်ပြောရင်တော့ ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ်..။ အလျှော့ပေါ့ဆုံး ပြောရရင်တောင် တိုင်းရင်းသားတွေကို ပြည်ထောင်စုထဲမှာ နေပျော်အောင် မလုပ်ပေးနိုင်တာ..၊ ခွဲထွက်ချင်စိတ်တွေ ပေါ်လာအောင် လုပ်တာဟာ အစ်ကိုကြီးတို့ ညံ့တာပါခင်ဗျား...။

ဒီလို ကမ္ဘာရွာခေတ်ကြီးမှာ ကိုယ့်လူမျိုးလူနဲစုကို ပြည်ထောင်စုက ခွဲထုတ်ပြီး တရုတ်နဲ့ အိန္ဒိယ ကျားနှစ်ကောင်ကြား မျက်စိသူငယ်နားသူငယ်နဲ့ ထားဖို့ဆိုတာ ဘယ်ပညာတတ်ပုဂ္ဂိုလ်ကမှ စဉ်းစားမှာ မဟုတ်ပါဘူး..။ အင်မတန် မိုက်မဲတဲ့ အိုင်ဒီယာပဲ ဖြစ်မှာပါ..။ ဒါပေမဲ့ ကျနော့်တို့ စိတ်ထဲမှာ တစ်ခါတစ်လေ ခွဲထွက်ချင်စိတ်ပေါက်အောင် မိုက်ရူးရဲဆန်ဆန် ဒေါခီးမိတာ အမှန်..။ ဒါပေမဲ့ပေါဗျာ..။ စည်းလုံးခြင်းသည် အင်အားပဲ မဟုတ်လား.။ စစ်မှန်ပြီး မေတ္တာအရင်းခံစည်းလုံးမှုဟာ လောလောဆယ် အရေးအကြီးဆုံးပါ..။ ရုတ်ရုတ်သဲသဲ ကမ္ဘာကြီးထဲမှာ ကိုယ်တစ်ယောက်တည်း ထွက်ရပ်ဖို့ဆိုတာ Tom & Jerry ကာတွန်းကားလို မသေနိုင်တဲ့ဘ၀တွေ ရထားမှ ဖြစ်မှာ..။ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး.။ ကချင်တွေသာ သီးခြားလွတ်လပ်ရေး ယူသွားရင် တရုတ်က နှစ်အနဲငယ်အတွင်း လုံး၀၀ါးမျိုသွားမှာ သေချာပါတယ်..။ တရုတ်တပ်တွေ ကချင်ပြည်ထဲရောက်လာပြီး. တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး.။ ကချင်လက်တစ်ဆုပ်စာအတွက် တရုတ်သန်းတစ်ထောင်ကျော်တွေမှာ ဒီထက်သိမ့်မွေ့တဲ့ နည်းဗျူဟာတွေ ရှိပါတယ်.။ ဒါတွေ ပြောနေရတာက ကချင်နဲ့ တခြားတိုင်းရင်းသားတွေဟာ ပြည်ထောင်စုကနေ ခွဲထွက်ရအောင် မမိုက်မဲပါဘူးဆိုတာ ပြောချင်လို့ပါ....။

ကဲ နောက်ဆုံးမေးခွန်းလေးတွေ မေးပါတော့မယ်..။

၁။ ဗမာမဟုတ်သော တခြားတိုင်းရင်းသားများသည် ဗမာများ၏ လက်အောက်ခံ ပဏ္ဌာဆက် နောက်မြီးဆွဲ အစွယ်အပွား လူမျိုးများ ဟုတ်ပါသလား.။ အဲလိုမြင်ပါသလား.။

၂။ သို့မဟုတ် သမိုင်းအစဉ်အလာအရရော.. နယ်မြေဒေသစိုးမိုးမှုအရပါ ဗမာလူမျိုးနဲ့ တန်းတူညီမျှတဲ့ လူမျိုးများ ဖြစ်ပါသလား..။

၃။ အခြားတိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုများသည် မြှင့်တင်ပေးရန် မလိုအပ်ဘဲ မြန်မာယဉ်ကျေးမှုအတွင်း ပျော်ဝင်ပျောက်ကွယ် သွားရမည့် အဖြည့်ခံများ ဖြစ်ပါသလား..။

၎။ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ပြည်ထောင်ဒေသများတွင် တိုင်းရင်းသားစာပေကို တရာဝင်ရုံးသုံးစာ သတ်မှတ်ခြင်း၊ ယဉ်ကျေးမှုမြင့်တင်ခြင်းများ ပြုလုပ်ပါက တိုင်းရင်းသာများ၏ လူ့အခွင့်အရေးဖော်ဆောင်ရာရောက်ပြီး ပိုမိုအနှစ်သာရပြည့်ဝသည့် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးရရှိသည်ဟု မြင်ပါသလား.။

၅၊ ထိုသို့ Autonomy ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးသင့်သည်ဟု ယူဆပါသလား.။ ယူဆလျှင် (သို့) မယူဆလျှင် အဘယ့်ကြောင့် ဖြစ်ပါသလဲ.။

၆။ ဗမာတို့သည် အခြားလူမျိုးများကို မိမိတို့လောက် ယဉ်ကျေးလိမ္မာမှုမရှိ..၊ ပညာမတတ်၊ တစ်ဆင့်နိမ့်သည့်အမျိုးဟု ယူဆပါသလား.။ သာတူညီမျှဆက်ဆံသင့်သည်ဟု မယူဆပါဘူးလား..။ မိမိတို့ကဲ့သို့ ကိုယ်ပိုင်လွတ်လပ်ရေးဖြင့် ပြည်ထောင်အုပ်ချုပ်ခွင့်မရှိဟု ယူဆပါသလား..။

၇။ ပြည်နယ် ပြည်ထောင်ဒေသများတွင် ပြည်မမှ လက်မလွတ်နိုင်သည့် အရာ ဘာများရှိနေလို့ပါလဲ..။

၈။ ဗမာအပါအ၀င် လူမျိုးများအားလုံး တိမ်ကောသွားပြီး မြန်မာလူမျိုးဟု ပေါ်ထွက်လာမှာကို ဘယ်လိုခံစားမိပါသလဲ..။ သဘောတူပါသလား...။

၉။ ဗမာလူမျိုတို့သည် ဗီဇအရသော်လည်းကောင်း၊ လက်ရှိတွင်လဲ အင်အားကြီး လူမျိုးဖြစ်သည့်အတွက်သော်လည်းကောင်း..၊ အခြားတိုင်းရင်းသားများနှင့် ဒွေးရောယှက်တင်နေထိုင်ပါက အခြားလူမျိုးများကို အနိုင်ကျင့်ရာ ၀ါးမျိုရာ ရောက်သွားမည်ဟု ထင်မြင်မိပါသလား..။

၁၀။ မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၆၀ ကျော်ကြာပြည်တွင်းစစ် ပဋိပက္ခကို ခ၀ါချရန် မည်သည် ပြည်ထောင်စုပုံစံသည် အသင့်တော်ဆုံး ဖြစ်မည် ထင်ပါသလဲ..။

၁၁။ ဗမာတို့သည် အခြားတိုင်းရင်းသားတို့အပေါ် စေတနာ၊ မေတ္တာထားပါသလား..။

၁၂၊ မြန်မာဆိုတာကို ဘယ်လိုနားလည်ပါသလဲ..။

ကျနော်ကတော့ လူ့စည်း၊ ဘီလူးစည်း ခွဲသင့်ပြီထင်ပါတယ်..။ ကိုယ်မှားတာ၊ ကိုယ်အကျင့်ယုတ်ထားတာတွေ မြင်ပြီး (ရှက်တတ်လို့ ရှိရင်ပေါ့လေ..။) လိပ်ပြာလုံလုံနဲ့ မှန်ကန်တဲ့ အဖြေကို ထောက်ခံသင့်ပါပြီ..။ ပြိုင်တူတွန်းရင် ဘာမဆို ရွေ့နိုင်ပါတယ်.။

အမေစုကိုလဲ တိုက်တွန်းပေးကြပါဦး..။ တိုင်းရင်းသားအရေး ဦးစားပေးပေးပါလို့....။

အားလုံး စိတ်ချမ်းသာကြပါစေ...
ကျနော်ဇော်ခွန်နော်ပါ..။

United Myanmar Federation
Zaw Khun Naw facebook
Blogger Widgets