You Are Here: Home - သတင်း - ဗိုလ်မှူး မောင်သိန်းတင် ဈာပန တော်လှန်ရေး အခမ်းအနားဖြင့် ပြုလုပ်

ရခိုင်ပြည်တပ်မတော် ဒုစစ်ဦးစီးချုပ်ဟောင်း၊ လက်ရှိ NUPA ကာကွယ်ရေးဌာန တာဝန်မခံ ဗိုလ်မှူး မောင်သိန်းတင် အသုဘ အခမ်းအနားအား ဒီဇင်္ဘာလ ၁၇ ရက်နေ့က ကော့စ်ဘဇား ခရိုင် မြစ်နားရွာတွင် ပြုလုပ်ရာ သူ၏ လုပ်ဖေါ် ကိုင်ဘက်များနှင့် တော်လှန်ရေး ရဲဘော်များက တော်လှန်ရေး အခမ်းအနားဖြင့် ဂုဏ်ပြုကာ သဂြိုလ်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Maung-Thein-tin-funneral
"တော်လှန်ရေးထဲက ရဲဘော်ရဲဘက် ၂၀ လောက်က တက်ရောက်ပြီး အလေးပြုတယ်။ ဂုဏ်ပြု ပန်းခွေချတယ်။ သေတမ်းစာ ဖတ်တယ်။ ကျေးရွာတစ်ခုမှာ ပြုလုပ်တဲ့ အသုဘ ဖြစ်ပေမယ့် တော်လှန်ရေးနယ်မြေထဲက အတိုင်းဘဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်" ဟု မြစ်နားရွာတွင် နေထိုင်သူ ကိုကျော်သိန်းက ပြောသည်။

ဗိုလ်မှူး မောင်သိန်တင် အသုဘအား အဆိုပါနေ့ နေ့လည် ၂ နာရီတွင် စတင်ခဲ့ပြီး သူ့အလောင်းအား ရဲဘော်များက သူ့၏ နေအိမ်မှ သချိုင်းရှိရာသို့ သယ်ယူခဲ့ပြီး အဆိုပါ ဂုဏ်ပြုပွဲအား မြစ်နားရွာတွင် သချိုင်္င်း ကွပ်လပ်တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

" အရပ်သားတွေနဲ့ သူရဲ့ မိသားစု မိတ်ဆွေတွေ ရာချီပြီး တက်ရောက်တဲ့ အခမ်းအနားမှာ တော်လှန်ရေး ရဲဘော်တွေက တော်လှန်ရေး အခမ်းအနားနဲ့ သဂြိုလ်တော့ အရပ်သားတွေက စိတ်ဝင်တစားနဲ့ ကြည့်ခဲ့ကြတယ်။ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီက သေတမ်းစာ ဖတ်တဲ့အခါမှာတော့ လူတွေ မျက်ရည် ကျသွားခဲ့ကြရတယ်။ တော်လှန်ရေး အတွက် တဘ၀လုံး ပေးဆပ်လာတဲ့သူ တစ်ယောက်ကို ဘာဘဲ ဖြစ်ဖြစ် ကျနော်တို့ ဦးညွှတ် ဂါရ၀ ပြုပြီး သဂြိုလ်လိုက်ရတဲ့ အတွက် ကျနော်တို့ အထိုက်အလျောက်တော့ သူ့အတွက် ဂုဏ်ယူမိပါတယ်" ဟု သူက ပြောသည်။

ဗိုလ်မှူး မောင်သိန်းတင် ဈာပန အခမ်းအနားသို့ စစ်တကောင်းမှ ဦးဝေကျော်၊ နယ်သာလန်မှ ကိုချိုဇံ၊ ANC စစ်ရေး တာဝန်ခံ ဦးပေါ်လင်း၊ ALAE ဥက္ကဌ ဦးဖိုးလှ၊ ရခိုင်ယဉ်ကျေးမူ အနုပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်မင်း၊ AA အဖွဲ့ဝင်ဟောင်း ဦးနီမင်း၊ AASYC မှ တွဲဘက် အတွင်းရေးမှူး ကိုကံမြင့်၊ ယခင်အဖွဲ့ဟောင်း တစ်ဦးဖြစ်သူ ဦးစိုးလင်းနှင့် နိရဉ္စရာမှ အယ်ဒီတာ ကိုခိုင်မြတ်ကျော် တို့လည်း တက်ရောက်ခဲ့သည်။

ဗိုလ်မှူး မောင်သိန်းတင် သည် ဒီဇင်္ဘာ ၁၅ ရက် မွန်းလွဲ အချိန်တွင် သူနေထိုင်ရာ မြစ်နားရွာ နေအိမ်တွင် ရင်တွင်း ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူး မောင်သိန်းတင် ၁၉၇၀-ခုနှစ် မတ်လတွင် “ရခိုင်ပြည်လွတ်လပ်ရေး အဖွဲ့(AIO)”၏ လက်နက်ကိုင်တပ်မတော်ဖြစ် သော “ရခိုင်ပြည်လွတ်လပ်ရေး တပ်မတော်(AIA)” ကိုစတင် ၀င်ရောက်ခဲ့သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ တပ်မဟာ(၁)နယ်မြေတွင် စစ်ရေးသင်တန်းများ တက် ရောက်ခဲ့သည်။

၁၉၇၁-ခု၊ နိုဝင်္ဘာလတွင် ရခိုင်ပြည်သို့ ဆင်းလာသော AIA ပထမ စစ်ကြောင်းတွင် ပါဝင်ခဲ့သည်။ စတင် တာဝန်ထမ်းဆောင်ချိန်မှ စပြီး ကွယ်လွန်သည့် အချိန်ထိ တော်လှန်ရေး၏ ကြမ်းတမ်းခက်ထန်လွန်းလှသော ခရီးကြမ်းတွင် နှစ်ပေါင်း (၄၁)နှစ်တိုင်တိုင် မငြိုမငြင်ဘဲ တာဝန်ထမ်းဆောင်ခဲ့သာ မျိုးချစ်၊ပြည်ချစ် ရဲဘော်ကောင်း တစ်ဦးဖြစ်သည်။

Maung-Thein-tin-funneral
ဗိုလ်မှူး မောင်သိန်းတင်သည် ရခိုင်ပြည်လွတ်လပ်ရီးတပ်မတော်(AIA)တွင် ၁၉၇၀-မှ-၁၉၈၈-ခုထိ၊ ရခိုင်ပြည်အမျိုးသားညီ ညွတ်ရေးတပ်ဦး(NUFA)ကာလ ရခိုင်ပြည်သစ်တည်ဆောက်ရေး တပ်မတော်(NACA)မာ ၁၉၈၈-ကပင်-၁၉၉၀-ခုထိ၊ ဗိုလ်ခိုင် ရာဇာဦးဆောင်သော ရခိုင့်တပ်မတော်(AA)တွင် ၁၉၉၀-ကပင် ၁၉၉၃-ခုထိ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၏ ရခိုင်ပြည်တပ်မတော်(AA)တွင် ၁၉၉၄မှ ၂၀၁၁-ခုထိ တာဝန် ထမ်းဆောင်ခဲ့သည်။

သူ၏ တော်လှန်ရီးအပေါ်သစ္စာရှိမှု၊ တာဝန်ကျေပြွန် မူတို့ကြာင့် ရဲဘော်အဆင့်မှ AA ဒု-စစ်ဦးစီးချုပ်အဆင့်ထိ၎င်း၊ နောက်ဆုံး NUPA ၏ ကာကွယ်ရေး ဌာနတာဝန်ခံ အဆင့်သို့ထိ အဆင့်ဆင့် တာဝန် တိုးမြှင့်ခံခဲ့ရသော သစ္စာရှိ တော်လှန်ရေး ရေးဘော်ကောင်းတဦးဖြစ်ကြောင်း သိရသည်။

သူကွယ်လွန်ချိန်တွင် အသက် (၆၁) နှစ်ရှိပြီး ဇနီး ဒေါ်ပုလုနှင့် အရွယ် မရောက်သေးသော သားသမီး (၃) ဦး ကျန်ရှိခဲ့သည်။
http://www.narinjara.com/burmese.asp

 .: နိရဉ္စရာမှ
Blogger Widgets