You Are Here: Home - သတင်း - မြန်မာ ဒုကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ ဘင်္ဂလားဒေခ်ျ့သို့ လည်ပတ်

တာကလူး
---------
မြန်မာ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၄ ဦးပါ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့သည် ဘင်္ဂလားဒေခ်ျ့နိုင်ငံသို့ လည်ပတ်ရန် ယမန်နေ့မှ စတင် ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

ဒုဗိုလ်ချုပ်ကြီး စိုးဝင်း၏ ခရီးစဉ်နှင့် ပတ်သတ်၍ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ယခုအချိန်အထိ သတင်းတစုံတရာ ထုတ်ပြန်ခြင်းမရှိသေးသလို ဒေသ သတင်းစာများကလည်း တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။


Gen-Soe-Wang-Myanmar ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ သွားရောက်မည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းအား နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်စဉ်၊ (ဓါတ်ပုံ- ကြေးမုံ)
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယနေ့ထုတ် မြန်မာအစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဘင်္ဂလားဒေခ်ျ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် အဘ္ဒူမူဘိန်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း ရေသားဖေါ်ပြထားသည်။

ယခု ခရီးစဉ်အတွင်း ဒုကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချူပ်ထွန်းနေလင်းလည်း လိုက်ပါလာကြောင်းသိရသည်။

အဆိုပါ ဒုကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့မှာ ဘင်္ဂလားဒေခ်ျ့ အရှေ့တောင်ဘက် မြန်မာနယ်စပ်ရှိ ကော့စ်ဘဇား (ခေါ်) ဖလောင်းချိတ်မြို့သို့လည်း နိုဝင်ဘာလ (၂၅) ရက်နေ့တွင် လာရောက်လည်ပတ်ကြမည်ဖြစ်ပြီး၊ ဒေသခံ ရခိုင်လူမျိုးများ တည်ထားကိုးကွယ်သည့် မဟာသိမ်တော်ကြီးကျောင်းတော်သို့လည်း လာရောက် ဖူးမျှော်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

" မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ လာမယ့် သောကြာနေ့မှာ ကျွန်တော်တို့ မဟာသိမ်တော်ကြီးကို လာဖူးမယ်။ ရဟန်းသံဃာတော်တွေကို အလှူအတန်းပေးမယ်။ ဒါကြောင့် ပြင်ဆင်ထားကြပါဆိုပြီး ဘင်္ဂလားဒေခ်ျ့ စစ်တပ်ကနေ လာအကြောင်းကြားထားပါတယ်" ဟု မဟာသိမ်တော်ကြီး ကော်မတီမှ ဥက္ကဌ ဦးမောင်ကျော်သိန်း က ပြောသည်။

၎င်းအပြင် ဘင်္ဂလားဒေခ်ျ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ DGFI ကလည်း လွန်ခဲ့သောအပတ်က ကော့စ်ဘဇားမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် မြန်မာ့အရေးလှုပ်ရှားနေသူများကို ဘုန်းကြီးကျောင်းများတွင် တည်းခို မနေကြရန် နှင့် မြန်မာစစ်ဘက်ဆိုင်ရာ အကြီးအကဲများလာရောက်လည်ပတ်စဉ် ဆန္ဒမပြကြရန် လာရောက် ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။

" ယခင်အပတ် သောကြာနေ့ ညနေပိုင်းမှာ DGFI က အမှုထမ်းနှစ်ဦး ကျွန်တော်လက်ရှိ တည်းခိုနေတဲ့ ဒီတောကျောင်း ဘုန်းကြီးကျောင်းကို လာပြီးတော့ မြန်မာ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ဘုန်းကြီးကျောင်းတွေကို လာလည်မယ်။ မင်းတို့ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေလို့ မရဘူး။ ပြီးတော့ ဆန္ဒ လုံးဝမပြရဘူး ဆိုပြီး ဟန့်တားသွားပါတယ်" ဟု မြန်မာ့အရေးလှုပ်ရှားနေတဲ့ အမျိုးသားရေး ကိုနိုင်နိုင်က ပြောသည်။

မြန်မာ ဒုတိယ စစ်ဦးစီးချုပ် လာရောက် လည်ပတ်ခြင်းမှာ ချစ်ကြည်ရေး ခရီးစဉ်ဟု ဆိုသော်လည်း အိမ်နီးချင်း နှစ်နိုင်ငံ အနေဖြင့် စစ်ရေး ဆိုင်ရာ ကိစ္စရပ်များကို အဓိက ဦးစားပေး ဆွေးနွေးဖွယ် ရှိကြောင်း သိရသည်။ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတွင် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမူများ ရရှိထားပြီး ထိုအထဲတွင် စစ်ရေး လေ့ကျင့်မူများ ပူးတွဲ ပြုလုပ်ရန်နှင့် အပြန်အလှန် စစ်သင်တန်းသားများ စေလွှတ်ရန်လည်း သဘောတူညီမူများ ရရှိထားကြောင်း သိရသည်။

ယခု ဗိုလ်ချုပ်စိုးဝင်း၏ ခရီးစဉ်မှာ ဧပြီလ နောက်ဆုံးအပတ်က လာရောက်လည်ပတ်ခဲ့သော လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ ခရီးစဉ်ပြီးနောက် ပေါ်ပေါက်လာသော စစ်ဘက်ဆိုင်ရာ အဆင်မြင့် ခရီးစဉ် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ ဆက်ဆံရေးမှာ သိသိသာသာတိုးတက် ကောင်းမွန်နေရာ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည်လည်း ဒီဇင်္ဘာလ ပထမ အပတ်တွင် မြန်မာနိုင်ငံသို့ သူမ၏ ပထမဆုံး ခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ စစ်ဘက်ဆိုင်ရာအကြီးအကဲများ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်အတွင်း ကော့စ်ဘဇားမြို့ရှိ ရခိုင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများသို့ လာရောက်လည်ပတ်မည် ဖြစ်သဖြင့် ဒေသခံ ပြည်သူများက စိတ်ဝင်တစား ရှိနေကြပြီး ရခိုင် ရိုးရာ အကများဖြင့်လည်း ဖြေဖျော်ကပြကြမည်ဟု သိရသည်။

ထိုကဲ့သို့ ကော့ဘဇားမြို့သို့ လာရောက် လည်ပတ်မူ အပေါ် ရခိုင် အရေး လူပ်ရှားသူ ဦးစံမြအောင်က ယခုလို ပြောသည်။

" အခု ကော့စ်ဘဇားက ဘုန်းတော်ကြီးကျောင်းတွေကို လာရောက်လည်ပတ်တာကတော့ ရခိုင် တော်လှန်ရေး သမားတွေ အမြဲ တည်းခို နေထိုင်နေတဲ့ ကော့စ်ဘဇားက ဒေသခံ ရခိုင်တွေကို စည်းရုံးဖို့ "တချက်ခုတ် နှစ်ချက်ပြတ်" သဘော အနေနဲ့ ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်း လုပ်တဲ့ သဘောပါ" ဟု ပြောကြားသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ
Blogger Widgets