You Are Here: Home - သတင်း - မြစ်ရေတိုက်စားမှုကြောင့် ပန်းမြောင်းနှင့် အပေါက်ဝတွင် ဆိုင်ခန်းများ မြစ်ထဲပြိုကျ(ဗမာ၊မြန်မာဘာသာ)

စံလင်း
--------
ရခိုင်ပြည်နယ် အတွင်းရှိ အဓိက မြစ်ကြီးများ ဖြစ်ကြသည့် ကုလားတန်နှင့် လေးမြို့မြစ် ကမ်းပါးများ ပြိုကျနေသဖြင့် မင်းပြားမြို့နယ်နှင့် ကျောက်တော်မြို့နယ် ရှိ ကျေးရွာတချို့တွင် ဈေးဆိုင်များ မြစ်ထဲ ပါသွားကြောင်း သတင်း ရရှိသည်။

ကုလားတန်မြစ်ရေ တိုက်စားမူကြောင့် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာရှိ ဈေးဆိုင်များကို ပြောင်းရွေ့နေရသလို မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင်မူ ဆိုင်ခန်း ၁၃ ခန်း မြစ်ကမ်းပြိုကျသဖြင့် ရေထဲပါသွားကြောင်း သိရသည်။
Pan-Mraung

ပန်းမြောင်းရွာသား တစ်ဦးက မြစ်ရေတိုက်စားမှုကြောင့် ဆိုင်ခန်းများ မြစ်ထဲ ပါသွားကြောင်းကို ယခုလို ပြောသည်။

"ဒီလ ၁၅ ရက်နေ့ကနေ့ ဒီနေ့ထိ ကမ်းပါးပြိုကျတဲ့ အတွက် ပန်းမြောင်းဈေးက ဆိုင်ခန်း ၁၃ ခန်း မြစ်ရေထဲ ပါသွားပါတယ်။ နောက်ထပ်လည်း ပြိုကျနိုင်ပါတယ်။ ပြိုကျမယ့် အခြေအနေ တွေ ဖြစ်နေလို့ တခြား ဆိုင်ခန်းတွေ ကိုလည်း မြစ်နဲ့ ဝေးတဲ့ နေရာကို ပြောင်းရွေ့နေရတယ်" ဟု ပြောသည်။

မြစ်ကမ်းပြိုကျ၍ လူအသေပျောက် မရှိသော်လည်း ပျက်စီး ဆုံးရှုံးမှု များကြောင်း သိရသည်။ ၎င်းအပြင် ကျောက်စာတိုင် ဘုန်းကြီးကျောင်း အုတ်တံတိုင်းများလည်း မြစ်ထဲကို ပြိုကျသွားခဲ့ပြီး ပန်းမြောင်းမြို့ဈေး ဆိုင်းဘုတ်လည်း မြစ်ထဲကို ပါသွားကြောင်း သိရသည်။

" ဈေးက အခုဆို မြစ်ရေတိုက်စားလို့ သုံးပုံတစ်ပုံလောက်သာ ကျန်တော့တယ်။ ပန်းမြောင်းဈေးက ဈေးဧရိယာ အကျယ်ဝန်းက တော်တော်ကြီးပါတယ်။ ဒါပေမယ့် အခုအခါ မြစ်ရေတိုက်စားတဲ့ အတွက် တဖြည်းဖြည်နဲ့ ဈေးဧရိယာက ကျဉ်းလာပြီး ဈေးသည်တွေလည်း အခု လမ်းမများပေါ်တက်ပြီး ရောင်းချ နေကြရပါတယ်" ဟု ပြောသည်။

မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမူမှာ နှစ်စဉ် ဖြစ်ပွားနေသော်လည်း တာဝန်ရှိသူ အာဏာပိုင်များက ကမ်းပါးပြိုကျမှု ကာကွယ်ရန် စီစဉ် ဆောင်ရွက်ပေးမှုများ မရှိကြောင်း သိရသည်။

ပန်းမြောင်းရွာသည် လေးမြို့မြစ် အထက်ပိုင်း မြောက်ဦး မြို့နယ်နှင့် မင်းပြား မြို့နယ် အစပ်တွင် တည်ရှိပြီး စီးပွားရေးကောင်းသော ကျေးရွာကြီး တရွာဖြစ်ကာ ပန်းမြောင်းဈေးမှာလည်း ဒေသခံ ပြည်သူ ထောင်သောင်း များစွာ အသုံးပြုနေရသော ဈေးဖြစ်သည်။

ပန်းမြောင်းဈေးကဲ့သို့ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင်လည်း အလားတူ မြစ်ရေ တိုက်စား မှုကြောင့် ရွာကမ်းပါးများ ဆက်တိုက်ပြိုဆင်းနေသဖြင့် သာသနိက အဆောက်အအုံများ၊ ရွာဈေးဆိုင်များ ခြိမ်းခြောက် ခံနေရသည်ဟု သိရသည်။

" ကမ်းပါးပြိုကျမှုကို အချိန်မှီ မကာကွယ်မပြုပြင်နိုင်ဘူးဆိုရင် မျာမကြာမီ ကာလတခု အတွင်းမှာဘဲ ချောင်းဝ ဘုန်းတော်ကြီး ကျောင်း၊ သောက်ရေကန်တွေ၊ ဈေးဆိုင်တွေ ပျက်စီးမည့်အခြေအနေ ရှိနေပါတယ်။ ဒါ့အပြင် ကမ်းပါးပြိုနေတဲ့ အတွက် ရွာဈေး ဆိုင်ခန်းများကို အမြဲတမ်း ပြောင်းရွေ့နေကြရပါတယ်" အပေါက်ဝကျေးရွာမှ ဆိုင်သည် တစ်ဦးက ပြောသည်။

အပေါက်ဝတွင် ကမ်းပါး ပြိုနေသဖြင့် ရွာဧရိယာမှာ တဖြည်းဖြည်း ကျဉ်းလာပြီး မြစ်ပြင်မှာ ကျယ်လာနေသည်ဟု သူက ပြောသည်။

၂၀၀၅ ခုနှစ်မှစတင်ပြီး ကမ်းပါးပြိုကျမှု အန္တရယ်မှ ကင်းဝေးစေရန်အတွက် ရေအရင်း အမြစ်ဌာနမှ အင်ဂျင်နီယာများက မြေထိန်း နံရံ တည်ဆောက်ပေးခဲ့သော်လည်း ခိုင်ခံသေချာမှု မရှိသည့်အတွက် အကျိုးမရှိဘဲ မြစ်ကမ်း ဆက်လက် ပြိုကျနေသည်ဟု သိရသည်။

အခုလို ရေတိုက်စား ကမ်းပါးပြိုကျမှုကို မကွယ်မတားဆီးနိုင်ပါက မြစ်ကမ်းဘေးတွင် တည်ရှိသော ကျေးရွာများ ပျက်စီးနိုင်သည့် အခြေအနေ ရှိသဖြင့် ပန်းမြောင်းနှင့် အပေါက်ဝ ဒေသခံများက မြေထိန်း နံရံများ ခိုင်ခန့် သေချာအောင် ပြုပြင် ပေးစေလိုနေကြသည်ဟု သိရသည်။

သို့သော်လည်း လက်ရှိ အစိုးရအနေဖြင့် မြစ်ကမ်းများ ပြိုကျနေသည်ကို ထိန်းသိမ်းရန် အစီအစဉ် မရှိကြောင်းကို သမ္မတ ဦးသိန်းစိန်က ယခုလို ပြောကြားသွားခဲ့သည်ဟု မင်းပြား ဒေသခံ တစ်ဦးက ပြောသည်။

" သမ္မတကြီးရောက်လာတဲ့ အခါ မင်းပြားဆိပ်ကမ်းက ပြိုနေတဲ့ အတွက် နိုင်ငံတော် အစိုးရက လုပ်ဆောင် ပေးဖို့ တင်ပြပါတယ်။ အဲသလို တင်ပြတဲ့အခါ ကိုယ့်ပြည်တွင်းမှာ ကမ်းပါးပြိုတာ ဖြစ်တဲ့ အတွက် တဘက်ပြိုရင် တဘက်ကို ကမ်းဆန်းတဲ့အတွက် သူများ တိုင်းပြည်ကို မြေတွေ ရောက်သွားတာ မဟုတ်ဘူး။ ဒီလို ပြိုနေတာက ဧရာဝတီမှာလည်း ပြိုနေတယ်။ ချင်းတွင်း အပါအ၀င် တခြားမြစ်တွေမှာလည်း ပြိုနေတဲ့ အတွက် မြစ်ကမ်းပါးပြိုတာကို လုပ်ဆောင်ပေးဖို့ဆိုတာ လက်တွေ့မှာ သိပ်မလွယ်ဘူးလို့ ပြောသွားပါတယ်" ဟု ပြောသည်။

လေးမြို့ မြစ် အထက်ပိုင်းတွင် မြစ်အတွင်းမှ ကျောက်များကို ဖေါ်ယူပြီး ကျောက် ထုတ်လုပ်နေသဖြင့် ရေကြာင်း ပြောင်းလဲမူများ ဖြစ်ကာ ရေတိုက်စားသဖြင့် မင်းပြားမြို့တွင်လည်း အကြီးအကျယ် ကမ်းပါးများ ပြိုကျနေသည်ဟု သိရသည်။
narinjara
Blogger Widgets