You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးတွင် နှစ်ဦး နှစ်ဘက် နားလည်မှုဖြင့် ပူးပေါင်းလုပ်ဆောင်က ပိုမိုမြန်ဆန်နိုင်ကြောင်း ခိုင်သုခပြော



300411 140842356059054 346251938 n








ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ရခိုင်ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့် ပါတီ နှစ်ဦးနှစ်ဖက် နားလည်မှုဖြင့် ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက လုပ်ငန်းများပိုမို မြန်ဆန်နိုင်မည်ဖြစ်ကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ခိုင်သုခက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
" ကျနော်တို့ပါတီက နယ်စပ်ဒေသတလျှောက်မှာ ကျန်းမာရေးစောင့်ရှောင့်မှုတွေ လုပ်နေပါတယ်။ အထူးသဖြင့် ဘူးသီးတောင်မြို့နယ် အထက်ပိုင်း၊ အိန္ဒိယ-ရခိုင်နယ်စပ် ပလက်ဝမြို့နယ်အထဲက ကလက်ချောင်းနှင့် ပီချောင်းအဖျားပိုင်းက ရွာတွေမှာ ပါတီရဲ့ ကျန်းမာရေးဌာနက အတတ်နိုင်ဆုံး ကျန်းမာရေးစောင့်ရှောင့်မှုတွေ ပေးနေပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးမှာ တတ်နိုင်သမျှ ပူးပေါင်းပါဝင် လုပ်ဆောင်သွားမယ့် အစီအစဉ်ရှိတယ်။ ဒါပေမယ့် အစိုးရဘက်က ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ " ဟု ခိုင်သုခက ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ၏ ပထမဦးဆုံး ဆက်ဆံရေးရုံးကို ကျောက်တော်မြို့၌ စက်တင်ဘာ (၃) ရက်နေ့ နံနက်(၉)နာရီတွင် ဖွင့်လှစ်ပြီး လူဦးရေ (၇၀၀)ခန့် တက်ရောက်ကာ (၉) နာရီ ၄၅ မိနစ်ခန့်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
" ဆက်ဆံရေးရုံး အနေနဲ့ကတော့ အစိုးရနှင့် ALP ကြားမှာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့အတွက် ပြောဆို ဆက်ဆံသွားမယ်။ ALP ပါတီဝင်တွေ ခရီးသွားလာတဲ့အခါ ချောချောမောမောဖြစ်အောင် အကူအညီ ပေးသွားမယ့် ကိစ္စတွေကို စပြီးဆောင်ရွက်သွားမယ်။ နောက်ပြီး ပြည်တွင်းထဲမှာရှိတဲ့ ရခိုင်နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားနိုင်အောင် ဆက်ပြီး ကြိုးစားသွားမယ်။ " ဟု ခိုင်သုခက ပြောသည်။
ALP ပါတီအနေဖြင့် ပလက်ဝနှင့် စစ်တွေတွင် ဆက်ဆံရေးရုံးများ ဆက်ဖွင့်နိုင်ရန် သက်ဆိုင်ရာအစိုးရမှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် ALP က လက်ခံခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်တပ်များ ဧပြီလ(၆)ရက်၊ ၂၀၁၂ နေ့မှစ၍ အပြန်အလှန် ပစ်ခတ်မှုများအား ရပ်စဲထားရန်၊ ပလက်ဝနှင့် ကျောက်တော်မှာ ALP ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရန်၊ သတ်မှတ်ထားသော နေရာများတွင် နှစ်ဘက်တပ်များ လက်နက်ကိုင်ဆောင် သွားလာမှုကို နှစ်ဘက်တိုင်ပင်ပြီးမှ ပြုလုပ်ရန်၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီအနေဖြင့် မြန်မာတစ်ပြည်လုံးကို လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုရန်၊ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးကို နှစ်ဦးနှစ်ဘက် တိုင်ပင်ဆွေးနွေးပြုလုပ်ရန် ဟူသော အချက် (၅) ချက်ဖြင့် ဧပြီလ (၅) ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ( ALP) ကို ၁၉၆၇ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် စတင်တည်ထောင်ပြီး ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာတွင် ဗမာဘုရင် မတရားကျူးကျော် ၀င်ရောက်သိမ်းပိုက်ခြင်းကြောင့် ဆုံးရှုံးသွားခဲ့သော ရခိုင်ပြည် အချုပ်အခြာ အာဏာရရှိရေးကို အဓိကရည်းမှန်းချက်ချမှတ်ကာ ရခိုင်တိုင်းရင်းသားတို့၏ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ လူမျိုးစု အခွင့်အရေး၊ လူနည်းစု အခွင့်အရေးများကို အာမခံနိုင်သည့် ရခိုင်ပြည်သူ့ သမ္မတ နိုင်ငံတည်ထောင်ရန် ရည်ရွယ်ပြီး န၀တ၊ နအဖ အုပ်စုမှ ကျင့်သုံးနေသော မဟာ ဗမာလူမျိုးကြီးဝါဒ တစ်ပါတီ စစ်အာဏာရှင်စနစ် ဖက်ဆစ်စနစ် ကျင့်သုံးမှုများကို အဓိက ရန်သူအဖြစ် သတ်မှတ်ခဲ့သည်။
ALP
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ သုံးနိုင်ငံနယ်စပ်တွင် အခြေစိုက်လှုပ်ရှားကာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၆၇ ခုနှစ်မှ စတင်ကာ အစိုးရအဆက်ဆက်အား နှစ်ပေါင်း ၄၀ ကျော်ကာလအထိ လက်နက်ကိုင် တော်လှန်ခဲ့ပြီးနောက် ဦးသိန်းစိန် အစိုးရမှ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ်တွင် ပါတီဝင်နှင့် လက်နက်ကိုင် အင်အား (၃၀၀၀) ခန့်ဖြင့် သဘောတူ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး (၅)လ ခန့်အကြာတွင် ပါတီ၏ ပထမဦးဆုံး ဆက်ဆံရေးရုံးကို စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။
Blogger Widgets