You Are Here: Home - စီးပွားရေး , ပင်မစာမျက်နှာ , အင်တာဗျူး , ဒေါက်တာအေးမောင် - ဘာတွေပြောင်းပြီလဲ၊ဘယ်သူတွေအတွက်လဲ
ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
အစိုးရတက်ပြီးနောက် နိုင်ငံရေးအနေနဲ့တော့ ပြောင်းလဲမှုအနည်းငယ်ရှိပါတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံ ဆွေးနွေးပြီးနောက် အမျိုးသားရင်ကြားစေ့အောင်လုပ်ဖို့ဆိုတဲ့ခြေလှမ်းကို တက်ပြီးတော့လှမ်းတယ်။ နောက် နိုင်ငံရေးပါတီတွေကိုလည်း အသိအမှတ်ပြုလာတဲ့သဘောကိုတွေ့လာတယ်။ ဆန္ဒထုတ်ဖော်တာတွေကိုလည်း အတိုင်းအတာတစ်ခုထိခွင့်ပြုလာတာကိုတွေ့ရတယ်။ ပြီးတော့ အတိုက်အခံပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကိုလူထုယုံအောင်လုပ်လာတယ်။ လူထုဆန္ဒကိုလိုက်လျောပြီးတော့ ဖွဲ့စည်းပုံ ကိုတောင်ပြင်ဖို့ဆိုတဲ့စကားကို သူတို့ဘက်ကစတင်ပြီးတော့ကမ်းလှမ်းလာတယ်။ ဒါတွေက နိုင်ငံရေးအားဖြင့် ပြောင်းလဲလာမှုတွေပါ။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ၊ နိုင်ငံရေးအကျဉ်းသားဆိုပြီးတော့ အသိအမှတ်ပြုတာတွေ တွေ့လာရပါတယ်။ နိုင်ငံရေး အဲဒီလိုတွေ့ဆုံကြိုးစားတာတွေက ဘာတွေကိုရအောင် သူတို့ကြိုးစားလဲဆိုရင် ပိတ်ဆို့မှုတွေကို အတိုင်းအတာ တစ်ခုထိထွက်ပေါက်ရအောင် သူတို့ကြိုးစားနိုင်ခဲ့တယ်။အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေပါ။ အဲဒီမှာ အစိုးရရဲ့ အအောင်မြင်ဆုံးလို့ပြောနိုင်တဲ့အရာက အတိုက်အခံပါတီခေါင်းဆောင်အပါအ၀င် လူပုဂ္ဂိုလ်တချို့ကို ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော် ထဲကိုဆွဲတင်နိုင်ခဲ့တယ်။ ဒါတွေက သူတို့ရဲ့ နိုင်ငံရေးအောင်မြင်မှုလို့ အကြမ်းအားဖြင့်ပြောလို့ရတယ်။
တိုက်ရိုက်အကျိုးသက်ရောက်မှုက လူထုအပေါ်ရောက်တယ်လို့ မတွေ့ ရဘူး။ အစိုးရရဲ့ပြောင်းလဲမှုတွေဟာ တိုက်ရိုက်အကျိုးသက်ရောက်သွားတာက တော့ လူထုက အငြိုးအတေးထားတဲ့အခွင့်ထူးခံတွေ၊ တစ်နည်းအားဖြင့် ပြီးသွားတဲ့ အစိုးရလက်ထက်က နည်းမျိုးစုံနဲ့ ငွေကြေးရှာဖွေထားနိုင်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို အတိတ်မှာချန်ထားနိုင်ခဲ့အောင်၊ တစ်နည်းအားဖြင့် မေ့ပျောက်နိုင်အောင် ဒီလိုအပြောင်းအလဲတွေက ဖန်တီးနိုင်ခဲ့တယ်။ အဓိကပြုပြင်ဖို့လိုတာတွေက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုပတ်ဝန်းကျင်ပါ။ အစိုးရဟာ အထူးသဖြင့် ယခင်က နိုင်ငံခေါင်းဆောင်လုပ်တဲ့လူတွေက လူထုကို တိုက်ရိုက်စကားမပြောဘူး။ လက်ရှိ အစိုးရ ပြည်သူကြောက်နေတဲ့ယခင်ခေတ်ကို ပြောင်းပြန်လှန်ဖို့ကြိုးစားတယ်။ နိုင်ငံတော်အခြေပြမိန့်ခွန်းတွေမှာ သူတို့ရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူကို တင်ပြတာတွေကိုတွေ့ရတယ်။
အဲဒီပြောင်းလဲမှုလုပ်တာတွေက တချို့တစ်ဝက်တွေက အောင်မြင်နိုင်တယ်။ တချို့ကျတော့လည်းအောင်မြင်ဖို့ခက်တယ်။ သူတိုရဲ့ စီးပွားရေး၊ လူမှုရေးပြောင်းလဲမှု၊ နိုင်ငံရေးပြောင်းလဲမှုတွေကိုကြည့်တဲ့အခါ နိုင်ငံရေးပြောင်းလဲမှုတွေနည်းနည်းတွေ့လာရတယ်။ အတိုက်အခံ တွေအပေါ်မှာလေးစားမှုနဲ့ သူတို့ပြောတဲ့တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးယဉ်ကျေးမှုသစ်ဆိုတာတွေကို သူတို့ကြိုးစားတယ်။ ဒါပေမဲ့ အာဏာကို ရတဲ့နည်းနဲ့လက်လွှတ်မခံဘဲနဲ့ရတဲ့နည်းနဲ့ယူသွားမယ်ဆိုတဲ့ သူတို့ရဲ့ရည်မျော်ချက်တွေကိုလည်းတွေ့ရတယ်။ လူမှုရေးပိုင်းတွေကိုတော့ သူတို့က ကြိုးစားတည်ဆောက်နေတယ်လို့ယူဆတယ်။ အထူးသဖြင့် လူမှုအဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ၊ ကျယ်ကျယ်ပြန့်ပြန့်ရှိမှပဲ ဒီမိုကရေစီစနစ်ကို အထောက်အကူပြုဖို့ဆိုတာကို သူတို့သဘောပေါက်တယ်။ စီးပွားရေးအနေနဲ့ကျတော့ သူတို့မျော်မှန်းတဲ့အဆင့်ကိုရောက်ဖို့အတွက် တော်တော် အလှမ်းဝေးနေသေးတယ်။ အထူးသဖြင့် စီးပွားရေးမှာ ယခင်ခေတ်ကအခြေအနေနဲ့ အခုအခြေအနေမတူဆိုတာကို သူတို့သဘောပေါက် ပါတယ်။ ယခင်ကငွေကြေးကို ပုဂ္ဂိုလ်တစ်ဦးရဲ့အမိန့်နဲ့ အတိုင်းအဆမဲ့သုံးစွဲနိုင်တယ်။ အဲဒီလိုသုံးစွဲပြီးနောက် ဖြစ်လာတဲ့စီမံကိန်းမအောင်မြင် မှုတွေ၊ လူထုထောက်ခံမှု၊ လူထုပြဿနာတွေကို နားလည်စပြုတယ်။ အဲဒါအတွက် သူတို့ကြိုးစားတယ်။ သို့သော်လည်းပဲ သူတို့ရဲ့အတွင်း ပဋိပက္ခရှိတယ်။ အထူးသဖြင့် ဦးစားပေးတည်ဆောက်မှုပြဿနာပေါ့။ အဲဒီပြဿနာမှာ ကျွန်တော်တို့ အသက်ပေးတာဟာ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ဦးတည်ချက်ကို သွားနေတုန်းပါ။ အဲဒီတော့ အခြေခံကျန်းမာရေး၊ ပညာရေးတည်ဆောက်မှု၊ အထူးသဖြင့် ကျေးလက် လူများစုဖြစ်တဲ့ လယ်သမားတွေရဲ့ဖွံဖြိုးတိုးတက်မှုကို ဦးစားပေးကူညီမှုအပိုင်းမှာ စိတ်ကူးယဉ်မှုအပိုင်းပဲရှိသေးတယ်။ မြေယာပြုပြင်ပြောင်း လဲမှုနဲ့ပတ်သက်လို့ သူတို့ ကြိုးစားဖို့လုပ်တယ်။ အထူးသဖြင့် စက်မှုလယ်ယာကို သူတို့သွားဖို့လုပ်နေတယ်။ လုပ်တဲ့ကာလမှာလည်း ပွင့်ပွင့် လင်းလင်းပြောရင် တာဝန်ယူရတဲ့ဝန်ကြီးတွေရဲ့အမြင်ကျယ်မှုမရှိတဲ့အခါမှာ ဒီဟာတွေဖြစ်တယ်။ ကျွန်တော်တို့ကတော့ မြေယာပြုပြင်မှု အပိုင်းကိုလက်ခံတယ်။ ဒါပေမဲ့ ဟိုးခေတ်အဆက်ဆက်ကလုပ်လာတဲ့ ပြည်ပဗဟိုပြုတဲ့ ဖွံဖြိုးတိုးတက်မှုဆိုတဲ့ ပြည်မဗဟိုပြုတဲ့ စိုက်ပျိုးရေး ၀ါဒပေါ့။ အဲဒီလိုမျိုးသွားနေတုန်းပဲ။အဲဒါကြောင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်လို့ ထည့်သွင်းတဲ့ဘတ်ဂျက်အားလုံးနီးပါးလောက်ကို ပြန်ကြည့်ရင် မြေယာပြုပြင်ပြောင်းလဲမှုအားလုံးဟာ ပြည်မပတ်ဝန်းကျင်လောက်မှာပဲရှိတယ်။ ပြည်နယ်၊ တိုင်းဒေသတချို့တွေကို ဖွံ့ဖြိုးအောင် မလုပ်ပေးနိုင်သေးဘူး။
ဒါကြောင့် လယ်ယာကဏ္ဍမြှင့်ဖို့အတွက် အစိုးရမှာ အဓိကပေါ်လစီတစ်ခုလိုပါမယ်။ လယ်ယာမြေနဲ့ပတ်သက်ပြီးတော့ အဓိက ပေါ်လစီတစ်ခုကိုမလုပ်နိုင်ရင် ၇၀ ရာခိုင်နှုန်းရှိတဲ့ လယ်သမားတွေရဲ့ဘ၀ကို မမြှင့်တင်နိုင်ရင် မြန်မာ့စီးပွားရေးတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက် မှုကို အနှောင့်အယှက်ပေးတယ်လို့ယူဆတယ်။ လာမယ့်အစိုးရတိုင်းလည်း မြန်မာ့စီးပွားရေးကို ပြန်လည်မြှင့်တင်ချင်တယ်၊ သင့်တင့်တဲ့ ငွေကြေးသုံးစွဲမှုကို လည်ပတ်မှုများစေချင်တယ်ဆိုရင် လယ်ယာကဏ္ဍကိုမြှင့်ဖို့လိုပါမယ်။ လယ်သမားတွေလက်ထဲကို ငွေရောက်ဖို့လိုပါတယ်။ လယ်သမားတွေနဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်ကုန်အပေါ်မှာ အကျိုးခံစားခွင့်နဲ့အချိုးတစ်ခု မြင့်မြင့်မားမားရအောင်လုပ်ဖို့လိုပါမယ်။ ပိုလျံတဲ့ ငွေကြေးတွေနဲ့ လယ်သမားတွေ ၀ယ်ခြမ်းသုံးစွဲလာတာတွေကိုမြှင့်တင်နိုင်မယ်။ အဲဒါကြောင့် လက်ရှိသုံးစွဲနေတဲ့ငွေကြေးကို အဆင့်မြှင့်ပြီးတော့ စီးပွားရေးကိုဖွံ့ဖြိုးအောင်လုပ်နိုင်တယ်။ အစိုးရရဲ့အဓိကအားနည်းချက်က လယ်ယာကဏ္ဍမှာလည်းရှိတယ်။ တခြားဟာတွေကတော့ အောင်မြင်မြင်ရှိတယ်ဆိုတာ ပြောရခက်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကဏ္ဍကိုကြည့်တဲ့အခါမှာလည်း ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ မှာ သုံးဆလောက်ရင်းနှီး မြှုပ်နှံမှုကိုမြှင့်တင်နိုင်တယ်လို့ကြားရတယ်။ ဒါပေမဲ့ အလားအလာက နည်းပါသေးတယ်။
ခြုံပြီးပြောရရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေကိုတည်ငြိမ်အောင်တော့ထိန်းထားနိုင်တယ်။ ဒါပေမဲ့ မြေယာပြဿနာတွေ၊ ပြီးခဲ့တဲ့အစိုးရလက်ထက်က မြေယာသိမ်းဆည်းမှုတွေ၊ နောက်အခြေခံဝန်ထမ်းတွေရဲ့လစာနှုန်းထားပြဿနာ၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ အိုးမဲ့အိမ်မဲ့ပြဿနာတွေကို ရေရှည်မဖြေရှင်းနိုင်ရင် ကျွန်တော်ထင်ပါတယ်။ မြန်မာ့စီးပွားရေးနာလန်ထဖို့ကတော့ အတော်လေးကို ကြိုးစားရဦးမယ်။
(Myanmar B2B Management Magazine,July 2014)
Coming soon...