You Are Here: Home - ပင်မစာမျက်နှာ , အရေးကြီးသတင်းများ , ဆောင်းပါး - ရခိုင်ပြည်တွင် စပါးဈေးကျဆင်းမှုကြောင့် လယ်သမားများ အခက်အခဲဖြစ်



မြတ်နိုးခင် (သတင်း)

လွန်ခဲ့သော ၃ နှစ်ခန့်ကစ၍ ရခိုင်ပြည်တွင် စပါးဈေးနှုန်းများ ကျဆင်းနေသောကြောင့် လယ်သမားများ ၀င်ငွေ၊ ထွက်ငွေ မမျှတဖြစ်ကာ မိသားစုစားဝတ်နေရေး ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စပါးဈေးနှုန်းများမှာ ယခင်နှစ်ကများထက် ကျဆင်းနေပြီး ကောက်သစ်စပါး (ပထမဆုံးပေါ်စပါး) တစ်ရာလျှင် အများဆုံးဈေးနှုန်းမှာ ကျပ် (၈၀၀၀၀) ၀န်းကျင်းခန့်သာ ရှိနေကြောင်း မြောက်ဦးမြို့နယ်၊ ဘာညိုကျေးရွာမှ လယ်သမားတစ်ဦးလည်းဖြစ်၊ စပါးအရောင်းအ၀ယ် လုပ်ငန်းရှင်း တစ်ဦးလည်းဖြစ်သော ဦးထွန်းကျော်က ပြောသည်။

" အခုကောက်ရင် (စပါးသစ်)က ရှစ်သောင်းဝန်းကျင်လောက်ပဲ ရှိပါတယ်။ စပါးဟောင်းတွေတောင်မှ တစ်သိန်း တစ်သောင်းဝန်းကျင်ပဲ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ဈေးနှုန်းကတော့ အဲဒီအတိုင်းပဲ ရှိနေပါတယ်။ တက်မလား ကျမလားတော့ မသိသေးပါဘူး။ မြောက်ဦးမြို့ပေါ်မှာလည်း ဒီဈေးပါပဲ။ လယ်သမားအနေနဲ့က စပါးတစ်ရာကို တစ်သိန်းတောင် မရဘူးဆိုတော့ ၀င်ငွေ၊ ထွက်ငွေက မမျှတဘူး ဖြစ်နေတယ်။ စားဝတ်နေရေးတွေလည်း အဆင်မပြေကြဘူး။ တစ်ချို့ဆိုရင် တခြားနေရာတွေကို သွားပြီးတော့ အလုပ်လုပ်နေရတဲ့ လယ်သမားတွေလည်း ရှိကြပါတယ်။ " ဟု ပြောသည်။

ကျောက်တော်မြို့ရှိ ဆန်စက်ပိုင်ရှင်တစ်ဦးကလည်း စပါးဈေးနှုန်းကျဆင်းမှုကြောင့် ကျောက်တော်မြို့နယ်ရှိ လယ်သမားများမှာ စားဝတ်နေရေး အခက်အခဲအပြင် စပါးစိုက်ပျိုးရန် အသုံးပြုထားသော အရင်းအနှီး များပြားပြီး အမြတ်ငွေ နည်းပါးသောကြောင့် နောက်ထပ် စပါးစိုက်ပျိုးရန်အတွက် အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် အရည်သွေး မကောင်းသော စပါးများရရှိခြင်း၊ လယ်သမားများ အနေဖြင့် အလုပ်လုပ်ရာတွင် မနိုင်မနင်းဖြစ်ကာ အခက်အခဲများ ရှိနေခြင်း၊ စပါးဈေးနှုန်းများ ယခင်ကထက် ကျဆင်းသွားခြင်း၊ ဘူးသီးတောင်၊ မောင်တောဘက်တွင် စပါးဈေးကွက်များ အားနည်းလာသောကြောင့် စပါးဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်ကြောင်း စပါးကုန်သည်များအချို့ ပြောဆိုနေကြသည်။

" အရင်တုန်းက စပါးဈေးနှုန်း ကျတယ်ဆိုရင်လည်း ၁ သိန်းနှင့် အထက်မှာရှိတယ်။ ခုလိုမျိုးတစ်သိန်း အောက်ကို ကျသွားတာတွေ မရှိဘူး။ နောက်ပြီးတော့ အရင်က ဘူးသီးတောင်၊ မောင်တောကစပါး ဈေးကွက်က ကောင်းတော့ စပါးတွေ ဈေးကောင်းရတယ်။ အခုက အဲဒီမှာလည်း ၀ယ်ယူသူတွေ နည်းသွားတယ်။ " ဟု မြောက်ဦးမြို့နယ် ၀က်လှကျေးရွာမှ ကိုအောင်အောင်က ပြောသည်။

စပါးစပေါ်ချိန်တွင် ရွှေဝါထွန်းစပါးနှင့် သီရိတုန်စပါးတို့ စပေါ်လေ့ရှိပြီး စပါးအရည်သွေးအလိုက် စပါးဈေးနှုန်းများမှာ ကွာခြားမှုရှိကြောင်း၊ ယင်းအပြင် စပါးဈေးကွက် မတည်ငြိမ်မှုကြောင့် စပါးဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှုရှိကြောင်းလည်း လယ်သမားများ ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်တွင် စပါးဈေးနှုန်းများ ကျဆင်းသည့်အပြင် စပါးဈေးကွက်မှာလည်း မတည်ငြိမ်မှုများရှိနေပြီး ဈေးကွက်ကို ထိန်းသိမ်းပေးသော ကုန်သည်ကြီးများအသင်းမှာ စစ်တွေမြို့တွင် ရှိသော်လည်း စပါးဈေးကွက်များကို စစ်ဆေးခြင်းမရှိသောကြောင့် ဈေးကွက်တည်ငြိမ်ရန် တိကျစွာသတ်မှတ်ထားသော ဈေးနှုန်းများမရှိကြောင်း၊ ထို့ကြောင့် ရောင်းချလိုသူများနှင့် ၀ယ်ယူလိုသူများသည် နီးစပ်ရာနေရာ များတွင်သာ ရောင်းချနေရကြောင်း သိရသည်။
Blogger Widgets