You Are Here:
Home -
ပင်မစာမျက်နှာ
,
ဆောင်းပါး
-
ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်စီးကြောင်းနှင့် ရခိုင်ပြည်နယ်
ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်စီးကြောင်းနှင့် ရခိုင်ပြည်နယ်
Posted by Unknown on 1:39 AM //
By U Wai Sein Aung
စစ်တွေ ၊ ၂၀ ဇွန်လ ၂၀၁၃ ၊ Coral Arakan News ၊ [ ဆောင်းပါး ]
----------------------------( ဦးဝေစိန်အောင် ရေးသားသော ဤ ဆောင်းပါးမှာ ၂၀၁၃-ခုနှစ် မေလ (၃၁) ရက်နေ့ထုတ် တိုးတက်ရေးသတင်းလွှာ အတွဲ (၃)၊ အမှတ် (၇) တွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်။ စာရေးသူ၏ ခွင့်ပြုချက်အရ Coral Arakan News တွင် ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်။ )-----------------------------------ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာမှီခိုနေရသောတိုင်းပြည်များနှင့် ကိုလိုနီများ၏ အညှင်းဆဲခံတိုင်းသူပြည်သားတို့အနေဖြင့် ကိုလိုနီလောင်းရိပ်အောက်မှ လုံးဝခွဲထွက်ခွင့် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအဖြစ် သီးခြားရပ်တည်နိုင်ခွင့်ဖြစ်သည်။ လူမျိုးတစ်မျိုးအနေဖြင့် မိမိကံကြမ္မာကိုမိမိကသာဖန်တီးနိုင်ခွင့်ဖြစ်သည်။ လူမျိုးတစ်မျိုး၏အရေးတွင် အခြားမည်သည့်လူမျိုးကမှ အနိုင်အထက်ဝင်ရောက် စွက်ဖက်ခွင့်မရှိစေရ။
လူမျိုးတစ်မျိုး၏ အယူအဆ၊ ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကိုတစ်ခြားလူမျိုးတစ်မျိုးကဖျက်ဆီးခြင်း၊ ချိုးဖောက်ခြင်း၊ သိမ်ငယ်အောင်ပြုခြင်း၊ အခွင့်အရေးမဲအောင်ပြုပြင်ခြင်းမရှိစေရ။
လူမျိုးတစ်မျိုးအနေဖြင့် မိမိစိတ်ဆန္ဒအတိုင်းမိမိဘာသာကိုစီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးအခြေပြု၍ မိမိဘ၀ကို စီမံပိုင်ခွင့်ရှိသည်။ အခြားသောလူမျိုးများနှင့် ပြည်ထောင်စုအရဆက်ဆံ ပါဝင်မှုများ ( Federal relations) ပြုခွင့်ရှိသည်။ လူမျိုးအားလုံးတို့သည် တန်းတူရည်တူရှိကြရမည်။
ပထမကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် စစ်ပြေငြိမ်းရေးစာချုပ်တစ်ရပ်ကိုဗာဆိုင်းတွင် ချုပ်ဆိုခဲ့ကြသည်။ အဖိနှိပ်ခံတို့အတွက် တိုက်ပွဲခေါ်သံတစ်ရပ်ဖြစ်သောအယူအဆသစ်တစ်ခုကိုလည်းကမ္ဘာ့စင်မြင့်သို့ တင်ပေးလိုက်ကြသည်။ အမေရိကန်ပြည်ထောင်စုသမ္မတ ၀ီလ်ဆင် (Wilson)သည် သူ၏ ကျော်ကြားလှသောအချက် (၁၄)ချက်ပါ ကြေငြာချက်တစ်ရပ်ကိုအံ့သြ ဖွယ်ကောင်းစွာထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်တွင် မိမိတို့၏ အစိုးရတစ်ရပ်ကိုရွေးချယ်ရန်လူသားအားလုံးတို့တွင် မွေးရာပါအခွင့်အရေးများရှိသည်ဟုဖော်ပြထားသည်။ ကိုယ်ပိုင်ပြဌာန်းခွင့် (Self- determination)သည် နိုင်ငံရေးသဘောတစ်ရပ်အဖြစ် နိုင်ငံရေးကြိုးဝိုင်းထဲသို့ ၀င်ရောက်လာခဲ့သည်။
ယင်းသဘောတရားကသီးခြားလွတ်လပ်သောအမျိုးသားနိုင်ငံများဖွဲ့စည်းရန် မည်သည့်လူနည်းစုလူမျိုး (Minority)၏ အခွင့်အရေးကိုမဆိုခွင့်ပြုသည်။ တိုင်းပြည်မည်မျှကြီးသည် ငယ်သည်မှာအကြောင်းမဟုတ်ဘဲကိုယ်ကိုင်ပြဌာန်းခွင့်သည့် လူနည်းစုလူမျိုး၏ အခွင့် အရေးကို မြှင့်တင်ရန် နိုင်ငံရေးလက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ဘော်လကန်ဒေသများတွင် ထွက်ပေါ်လာသောအစိုးရများသည် ဤသဘောတရားကိုဖော်ပြသည်။
ဥရောပတွင် ဘာသာစကားအမျိုးမျိုးပြောသောလူမျိုးအသီးသီးတို့လည်းသူတို့၏ သီးခြားကိုယ်ပိုင်လက္ခဏာများကိုကြေငြာခဲ့သည်။ ကိုယ်ပိုင်ရွေးချယ်သောအစိုးရများ ဖြစ်ပေါ် လာရေးအတွက် တောင်းဆိုခဲ့ကြသည်။ ယင်းအစိုးရများသည် လူမျိုးဆိုင်ရာဘာသာစကား၊ ကိုးကွယ်မှုနှင့် သမိုင်းဆိုင်ရာအမွေအနှစ်များပေါ်တွင် အခြေခံခဲ့သည်။ ချက်များ (czeks)၊ ခရိုအေးရှန်း (croations)နှင့် ဆလိုဗက်များ (Slovaks)မှာဖိနှိပ်သူများထံမှ လွတ်မြောက်လာခဲ့ကြ သည်။ လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးလုပ်ဆောင်လာခဲ့ကြသည်။ လူနည်းစုလူမျိုးများ၏ ပြဿနာကိုဖြေရှင်းနည်းအချို့ပေါ်လာခဲ့သည်။ အကြောင်းနှစ်ချက်ဖြင့် ဖော်ပြကြသည်။
ပထမအချက်မှာ နိုင်ငံ၏ကွဲပြားသောအစိတ်အပိုင်းများအတူတကွ ရပ်တည်ကြရမည်ဟူသောအချက်ဖြစ်သည်။ ဒုတိယအချက်မှာလူနည်းစုလူမျိုးမျာကိုကိုယ်စားပြုသောဖယ်ဒရယ်အစိုးရစနစ်တစ်ရပ်ကိုထုတ်ပြန်ကြေငြာခဲ့မှုကြောင့်ဖြစ်သည်။ ရုရှားနှင့် ယူဂိုဆလက်ဗီးယားနိုင်ငံတို့ရှိလူမျိုးစုတို့သည် အမျိုးအနွယ်၊ ယုံကြည်ကိုးကွယ်မှုနှင့် ဘာသာစကားကွဲပြားခြားနားမှုတို့ကိုတစ်ခုတည်းသောအမျိုးသားအကျိုးစီးပွားပေါ်တွင် ပေါင်းစပ်မှသာခိုင်မာတောင့်တင်းမည် ဟူသောသဘောတရားကိုသိမြင်လာပြီးပေါင်းစည်းခဲ့ကြသည်။
မြန်မာနိုင်ငံတွင်လည်းအကြိတ်အနယ်တိုက်ယူခဲ့ရသောလွတ်လပ်ရေး၏အစောပိုင်း နှစ်များတွင် သွေးစွန်းသောပြည်တွင်းစစ်ဖြင့် ဒဏ်ရာထင်စေခဲ့သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်းရုပ်ပြက်ဆင်းပျက်ဖြစ်စေခဲ့သည်။ ကရင်ကဲ့သို့သောလူနည်းစုလူမျိုးများ၏ အချို့သောတောင်းဆိုချက်များကိုဗမာလူများစုလူမျိုးက ဖြည့်စွက်ရန်မတတ်နိုင်ခဲ့ချေ။ ယင်းကာလကရခိုင်တွင် ပြောက်ကျားများအဖြစ် လှုပ်ရှားခဲ့သောဘင်္ဂလီမူဂျာဟစ်များသည်သူတို့အရေးကိစ္စတွင်တိုင်းရင်းသာမျာအကူအညီကိုမရရှိခဲ့ကြချေ။ သူတို့သည် အစ္စလာမ် (Islam)ဘာသာရေး နိုင်ငံတည်ဆောက်ရေးသို့ တိမ်ညွှတ်ပြီးရန်ဘက်အင်အားစုများသာ ဖြစ်ခဲ့သည်။
အစိုးရတစ်ရပ်သည် လူနည်းစုလူမျိုးများကိုဖိနှိပ်လျှင်၊ တရားဥပဒေမှတဆင့် တန်းတူညီမျှမှု၏ အခြေခံကိုမလိုက်နာလျှင် လူများစုလူမျိုးအစိုးရသည် လျင်မြန်စွာကျဆင်းသွားရတော့ သည်။ လူအားလုံးတို့သည် တရားသောနည်းလမ်းဖြင့် မအောင်မြင်တော့သောအခါ တော်လှန် ရေးကိုအားကိုးအားထားပြုလာကြသည်။ အာဏာသည် သေနတ်ပြောင်းဝမှထွက်သည် ဆိုသောသဘောတရားကိုစိတ်ကူးလာကြသည်။ သို့သော် ဥပဒေအတိုင်းရလာခြင်းမဟုတ်သောအာဏာသည် ပြဿနာများကိုအမြဲချန်ထားတတ်ပြီးတည်ငြိမ်သောတိုင်းပြည်တစ်ခုအဖြစ် ကြာရှည်စွာထိန်းထားနိုင်ခြင်းမရှိချေ။
ရခိုင်လူမျိုးတို့မှာ နှစ်ပေါင်းထောင်ချီဘုရင့်နိုင်ငံအဖြစ် ထီးထီးမားမားရပ်တည်ကာကိုယ့်ကကြမ္မာကိုယ် ဖန်တီး၍ နေလာခဲ့ကြသည်။ ၁၇၈၄ခုနှစ်တွင် အချုပ်အခြာအာဏာဆုံးရှုံးပြီး
သူ့ကျွန်ဘ၀ရောက်ခဲ့ရသည်။ ၁၉၈၄-ခု၊ မြန်မာနိုင်ငံလွတ်လပ်ရေးရခါနီးတွင် ဖဆပလအဖွဲ့ဝင် ရခိုင်ခေါင်းဆောင်တချို့သည်ဗိုလ်ချုပ်အောင်ဆန်း (ဦးအောင်ဆန်း)နောက် တကောက်ကောက် လိုက်ပါခဲ့ကြသော်လည်းရခိုင်ပြည်နယ်ကိုပင် ရယူမပေးနိုင်ခဲ့ပါ။ ရခိုင်ပြည်နယ်ကိစ္စ လတ်တလောမတောင်းဆိုရန် ချွေးသိပ်နှုတ်ပိတ်ခံခဲ့ရသည်။
၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုသောပင်လုံစာချုပ်အရပြည်ထောင်စုမြန်မာနိုင်ငံကိုတည်ထောင်ခဲ့ကြသည်။ ၁၉၄၇ခု၊ ဖွဲ့စည်းပုံဥပဒေသည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတုခွင့်ကိုမပေးစွမ်းနိုင်ခဲ့ချေ။ ရခိုင်တို့မှာဗမာလူမျိုးနှင့် ရောကျိုခံရပြီး မြန်မာပြည်မ (Proper Burma)တွင် ပါဝင်ခဲ့ရသည်။ ပြည်နယ်များနှင့် ပြည်မကိုခွဲခြားထားပြီးလူမျိုးဆိုင်ရာတန်းတူညီမျှမှု ကိုယင်းအခြေခံဥပဒေကမပေးနိုင်ခဲ့ချေ။
ပြည်ထောင်စုစနစ်ဆိုသည်မှာတန်းတူညီမျှမှုမရှိသောလူမျိုးများ၏ပြည်နယ်အချင်းချင်းပူးပေါင်းထားသောစစ်မှန်သောပြည်ထောင်စုသာ ဖြစ်ရမည်။ ဖယ်ဒရယ်မှုအရလူမျိုးများ၊ လူမျိုးစုများပေါင်းစုထားသော ပြည်ထောင်စုသာ ဖြစ်ရမည်။ ဖယ်ဒရယ်မှုကို ``ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များအကြားအာဏာကန့်သတ်ခွဲဝေမှုရှိသောမှု´´ ဟုအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ၎င်းတွင် ခွဲထွက်ခွင့် (secession)ကိုဖော်ပြမထားချေ။ မခွဲထွက်ရဟူ၍လည်းအဓိပ္ပါယ်ကန့်သတ် မထားချေ။ တန်းတူရည်တူစုပေါင်းနေထိုင်ရေးကိုဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ၁၉၆၁ခုနှစ်တွင် ဖယ်ဒရယ်မှုကိစ္စပေါ်ပေါက်လာရာရခိုင်တို့မှာ ပြည်နယ်တစ်ခုဖြစ်ဖြစ်မြောက်မြောက်ရရှိရန် တောင်းဆိုနေရဆဲကာလဖြစ်သည်။ ရခိုင်ပြည်နယ် တောင်းဆိုနေဆဲကာလမှာပင် ၁၉၆၂ ခုနှစ်၌ စစ်အစိုးရအာဏာသိမ်းပိုက်လိုက်သဖြင့် ရခိုင်ပြည်နယ် ရရှိရေးဇာတ်မျှောခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် ဆိုရှယ်လစ်ဖွဲ့စည်းပုံအရတောင်းယူတိုက်ယူရန်မလိုဘဲရခိုင်ပြည်နယ်တစ်ခုရရှိခဲ့သည်။ သို့သော် ကိုယ်ပိုင်ပြဌာန်းခွင့် မရှိသော၊ ကိုယ့်ကကြမ္မာကိုယ်ဖန်တီးခွင့်မရှိသော အနှစ်မပါအကာသာရှိသည့် ရခိုင်ပြည်နယ်သာ ဖြစ်ခဲ့သည်။
တစ်ကမ္ဘာလုံးတွင် ဖယ်ဒရယ်စနစ်ကိုကျင့်သုံးသောနိုင်ငံပေါင်း (၂၈)နိုင်ငံရှိသည်ဟုဆိုရသော်လည်းဖယ်ဒရယ်ပြည်ထောင်စုစစ်စစ် နိုင်ငံအနည်းငယ်သာရှိသည်။ ဖယ်ဒရယ်စနစ်ဖြင့် နိုင်ငံတည်ဆောက်ကြရာ၌ အတိတ်ကာလကဆိုဗီယက်ယူနီယံကဲ့သို့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ပြည်ထောင်စုဝင်လူမျိုးစု ပြည်နယ်များဖြင့် တည်ဆောက်ကြရသည်။ ဆိုဗီယက်ယူနီယံသည် လူမျိုးပေါင်းစုံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဆိုဗီယက်ယူနီယံပြည် ထောင်စုဝင်သမ္မတနိုင်ငံ (၁၅)ခုတွင် ရုရှားပြည်နယ်စုမှာ အကျယ်ဝန်းဆုံး၊ လူဦးရေအများဆုံး ဖြစ်ပြီး၊ အက်စတိုးနီးယားမှာလူဦးရေအနည်းဆုံးနှင့် အသေးငယ်ဆုံးဖြစ်သည်။ သို့သော် နိုင်ငံ ကြီးငယ်မဟူလူမျိုးဆိုင်ရာအခွင့်အရေးတွင် တန်းတူညီမျှမှုရှိသည် ။
အမေရိကန်ပြည်ထောင်စုမှာကဲ့သို့ ဒေသအလိုက် ပြည်နယ်များဖွဲ့၍ ပြည်ထောင်စုတည်ဆောက်သည်ဆိုလျှင်လည်း အဖွဲ့ဝင် ပြည်နယ်တို့မှာကိုယ်ပိုင်ပြဌာန်းခွင့်ရှိကြသည်။
ဖယ်ဒရယ်စနစ်တွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများဟူ၍ အစိုးရနှစ်ရပ်ရှိရသည်။ ယင်းအစိုးရနှစ်ရပ်အကြား အာဏာခွဲဝေမှုကို ဥပဒေများဖြင့် ကန့်သတ်ထားရသည်။ ဆက်ဆံရေးမှာဗဟိုချုပ်ကိုင်မှုမျိုးမဟုတ်ဘဲ၊ ဘေးတိုက်ဆက်ဆံရေးပုံစံသာဖြစ်ရမည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံကိုဖယ်ဒရယ်မူအရစုစည်းပြီးလျှင် ရခိုင်လူမျိုးတို့မှာလည်းကိုယ်ပိုင် ပြဌာန်းခွင့်အပြည့်အ၀ရှိသောပြည်နယ်တစ်ခုအဖြစ်ပါဝင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိလူမျိုးစု
တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအပြည့်အ၀မပေးပါက အတိတ်ကာလကကဲ့သို့ ဆယ်စုနှစ်များစွာပဋိပက္ခပေါင်းစုံနှင့် ကြုံတွေ့နေရအုံးမည်ဖြစ်သည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ကျင်းပသော ပြည်လုံးကျွတ်ညီလာခံတွင် ရှမ်းပြည်နယ် မှတင်သွင်းသောဖယ်ဒရယ်မှုကိုစတင်ဆွေးနွေးခဲ့ကြသည်။ ယင်းညီလာခံ၌ သဘောတူညီချက် (၅)ခုချမှတ်ပြီးမြန်မာနိုင်ငံကိုဖယ်ဒရယ်မူဖြင့် ပြည်ထောင်စုစစ်စစ်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ ကြသည်။
ဝန်ကြီးချုပ်ဦးနုအစိုးရသည်လည်းဖယ်ဒရယ်မူကိစ္စကိုဆွေးနွေးဆုံးဖြတ်ရန် အမျိုးသားညီလာခံကိုရန်ကုန်မြို့၊ အသံလွှင့်ရုံ၌ ၁၉၆၂ ခု၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် ကျင်းပခဲ့သည်။ သို့သော် ဖဆပလ၊ ပမညတ၊ ပထစပါတီတို့ကယင်းဖယ်ဒရယ်မူကိုမထောက်ခံဘဲ ဝေ့လည် ကြောင်ပတ်ဆွေးနွေးခဲ့ကြသည်။
ဖယ်ဒရယ်စစ်နိုင်ငံတစ်ခုဖြစ်လာရန် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့လိုသည်။ ဒီမိုကရေစီလွတ်လပ်ခွင့်အပြည့်အ၀ရှိဖို့လိုသည်။ ယခုအချိန်တွင် ဗမာသည်လည်းတိုင်းရင်းသားလူမျိုးတစ်မျိုးဟုဆိုလာကြသည်။ တိုင်းရင်းသားလူမျိုးတိုင်းမှာဒီမိုကရေစီနှင့် လူမျိုးဆိုင် ရာအရေးတို့ကိုတစ်ပြိုင်တည်းရရှိကြရမည်။
ကျွန်ုပ်တို့ရခိုင်လူမျိုးတို့မှာလည်း ``စစ်မှန်သော ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ရခိုင်ပြည်နယ်´´ကိုတည်ဆောက်နိုင်ရေးအတွက် အလံမလှဲကြိုးပမ်းအားထုတ်ကြရန်မည်ဖြစ်သည်။
(ဦးဝေစိန်အောင်)