You Are Here:
Home -
ပင်မစာမျက်နှာ
,
ပြည်သူ့အသံ
,
အရေးကြီးသတင်းများ
,
ဆောင်းပါး
-
ရခိုင်ပါတီကိုဖျက်သိမ်းသင့်ကြောင်း မြန်မာမွတ်ဆလင်များက စာတင်သည် နှင့်ပတ်သက်၍
ရခိုင်ပါတီကိုဖျက်သိမ်းသင့်ကြောင်း မြန်မာမွတ်ဆလင်များက စာတင်သည် နှင့်ပတ်သက်၍
Posted by Unknown on 1:58 AM //
|
သံတော်ဆင့်သတင်း |
ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးအခင်းတွင် မြန်မာစစ်အစိုးရ၏ အားနည်းချက်များကို ထင်သာမြင်သာ တွေ့ခဲ့ရသည်။ ထို့ပြင် မြန်မာ့ အနောက်ဖက်စည်းရိုး ပြိုလဲခဲ့ရပြီဟုလဲ အတော်များများက လက်ခံခဲ့ကြပါသည်။
ထို့ပြင် ပေါက်ကွဲနေသော လူဦးရေ၊ ရေလွှမ်းတော့မည့် မြစ်ဝကျွန်းပေါ်ဒေသများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ခြိမ်းခြောက်နေမှုကိုလဲ အများက လက်ခံသဘောတူခဲ့ကြသည်။ အရှေ့ပါကစ္စတန်မှ ခွဲထွက်စဉ်ကာလ အိန္ဒိယသို့ လူလှိုင်းလုံးများ ဖြတ်ကျော်ဝင်ရောက်စဉ်ကလဲ ထိုဒဏ်ကို အိန္ဒိယဝန်ကြီးချုပ် အင်ဒီယာဂန္ဒီနှင့်တစ်ကွ အိန္ဒိယနိုင်ငံ ခံစားခဲ့ရသည်။
ရခိုင်ပြည်နယ်နှင့် ၇ခိုင်လူမျိုး၊ ရခိုင်ကမ်းမြောင်ဒေသသည် ထိုတိုင်းရင်းသားတို့ဌာနေဖြစ်သည်။ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာသက်ရောက်သော ဒေသဖြစ်သည်။ ထိုဒေသကို ကာကွယ်ရမည့်တာဝန်သည် အစိုးရနှင့် တပ်မတော်တွင်အပြည့်ရှိသည်။ လူထု၏ ပူးပေါင်းပါဝင်မှုလဲ အပြည့်အဝ လိုအပ်ပါလိမ့်မည်။
ရခိုင်-ဘင်္ဂါလီဖြစ်စဉ်တွင် ရခိုင်ပါတီဖက်မှ ရပ်တည်မှုတစ်ခုကိုမြင်တွေ့ရပါသည်။ တိုင်းရင်းသားပါတီဖြစ်၍ ထိုသို့မြင်တွေ့ရခြင်းသည် ထူးဆန်းသည်ဟုမဆိုသာ။ ထိုနည်းတူစွာ ဘင်္ဂါလီတို့ တည်ထောင်ထားသည်ဟု ယူဆရသော ပါတီဖက်ကလဲ အတိုက်အခံဖက် ရပ်တည်ပြန်သည်။ ထိုဇာတ်လမ်းများကို ရှုစားခဲ့ရပါသည်။
နယ်စပ်ဒေသရှိ Immigrant အရေးအခင်းသည် ပြည်တွင်းအပေါ် နိုင်ငံရေးအရ ရိုက်ခတ်မှုရှိခဲ့သော်လဲ မတည်မငြိမ်ဖြစ်ခြင်းများကို လွန်လွန်ကဲကဲမတွေ့ခဲ့ရ။ ဦးကျော်ဆန်း၏ တို့မီးရှို့မီးလုပ်မှုကြောင့် ဆူးလေတွင် မွတ်ဆလင်များ ဆန္ဒပြသည်ကိုသာတွေ့ခဲ့ရသည်။ သို့ဖြစ်ရာ ရခိုင်အရေးအခင်း၏ ပြည်တွင်းအပေါ် ရိုက်ခတ်မှုမှာ ပြင်းထန်လှခြင်းမရှိသေးဟု ယေဘုယျဆိုနိုင်ပါလိမ့်မည်။
OIC အဖွဲ့လာမည်ဟူသော သတင်းနှင့်အတူ နိုင်ငံတကာရှိမွတ်စလင်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် အလွန်အကျွံဖိအားပေးမှုများကို မြင်တွေ့ခဲ့ကြရပြန်သည်။ အယ်လ်ခေးဒါးဆက်စပ်အဖွဲ့မှ ခြိမ်းခြောက်သည်တွင် မန္တလေးမွတ်စလင်အစည်းအရုံးမှ တုန့်ပြန်စာတစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထိုကိစ္စမှာ ချီးကျူးဖွယ်ဖြစ်သည်။
သို့ရာတွင် ပြည်တွင်းမှ မွတ်ဆလင်အစည်းအရုံးမှမူ အိဒ်ပွဲတော်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် မပြုလုပ်ဟု ကြေငြာခြင်းသည် အကြပ်အတည်းတွေ့နေသော မြန်မာအစိုးရကို ဘာသာရေးအကျိုးအမြတ်တစ်ခုအတွက် အကြပ်ကိုင်လိုက်ခြင်းနှင့်တူခဲ့ပေသည်။ ယခုတစ်ဖန် တွေ့ရသည်မှာ မြန်မာမွတ်ဆလင်အစည်းအရုံးမှ ရခိုင်ပါတီကို ဖျက်သိမ်းသင့်ကြောင်း အဆိုတင်သွင်းသည်ဟု ဖြစ်သည်။
ထိုအခါ စဉ်းစားစရာဖြစ်လာသည်မှာ ပြည်တွင်းမှ မွတ်ဆလင်များ၏ ရပ်တည်မှုဖြစ်သည်။ ပြည်တွင်းမှ မွတ်ဆလင်များဟု သုံးနှုန်းရသည်မှာ ပြည်တွင်းမွတ်ဆလင်များကို ကိုယ်စားပြုသည်ဟု ယူဆရသော မြန်မာမွတ်ဆလင်အစည်းအရုံးမှ လွှတ်တော်သို့ ရခိုင်ပါတီဖျက်သိမ်းသင့်သည်ဟု စာတင်မည်ဟူသောကြောင့်ဖြစ်သည်။
ပြည်တွင်းမှ မွတ်ဆလင်များက ရခိုင်-ဘင်္ဂါလီပဋ္ဋိပက္ခ ငြိမ်သက်ခါစတွင် ရခိုင်ပါတီ ဖျက်သိမ်းသင့်ကြောင်း ကြေငြာသည်မှာ မည်သို့အဓိပ္ပါယ်သက်ေ၇ာက်ပါသနည်း။ ဘင်္ဂါလီများဖက်မှ မြန်မာမွတ်ဆလင်အစည်းအရုံးရပ်တည်လိုသည်ဟူသည့် အဓိပ္ပါယ်ထွက်သည်။ ထိုအခါ နိုင်ငံသားအနေအထားရေရာမှုမရှိသေးသည့် သူများ (Controversial Immigrants) ဖက်မှ ရပ်တည်သည်ဟု ဆိုသောအခါ နိုင်ငံသားတစ်ယောက်ဖြစ်ရန်အရေးကြီးသည့် "နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေမှု" နှင့်ပတ်သက်၍ စဉ်းစားစရာများစွာ ဖြစ်လာပေသည်။
ဦးရာဇတ်ကို ကိုးကားကြသည်။ ဦးဖေခင်ကို ညွန်းဆိုကြသည်။ ထိုသူများသည် မြန်မာ့လွတ်လပ်ရေးရရှိရန်ကြိုးပမ်းစဉ် များစွာ ကြိုးစားခဲ့ကြသည့် မွတ်ဆလင်များဖြစ်သည်။ ထိုသူများ၏ မြန်မာနိုင်ငံအပေါ်ထားသော စေတနာမှာ သံသယရှိရန်မလို။ ယခု ထိုသူတို့၏ လမ်းစဉ်နှင့် ယခုလုပ်ရပ်မည်သို့ ကွာခြားနေပါသနည်း။ ဦးရာဇတ်သက်ရှိထင်ရှားရှိနေခဲ့ပါလျှင် မည်သို့တုန့်ပြန်မည်ထင်ပါသနည်း။
ဘာသာချင်းတူ၍ ဖေးမလိုသည်မှာ နားလည်ပေးနိုင်ဖွယ်ရှိသည်။ သို့သော် နိုင်ငံ၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်လာလျှင်တော့ မည်သည့်အရာကို ဦးစားပေးသင့်သည်ဆိုသည်ကို မြန်မာမွတ်ဆလင်များ ရှင်းရှင်းလင်းလင်း သဘောပေါက်ထားဖို့လိုမည်ထင်ပါသည်။
မွတ်ဆလင်အသိုင်းအဝိုင်းသည် အခြားအသိုင်းအဝိုင်းများနှင့် အရောဝင်ရန် ခက်ခဲတတ်သည့် လူမှုအဖွဲ့အစည်းမျိုးဖြစ်တတ်သည်။ ထို့ပြင် မြန်မာနိုင်ငံရှိကျန်လူမှုအသိုင်းအဝိုင်းများနှင့် ပဋ္ဋိပက္ခဖြစ်ခဲ့သည့် အစဉ်အလာများလဲ ရှိခဲ့ဖူးသည်။ ယခုကဲ့သို့ မြန်မာမွတ်ဆလင်အစည်းအရုံးမှ ပြည်တွင်းတည်ငြိမ်မှုနှင့် နဂိုရှိပြီးဆဲ နိုင်ငံရေးဟာမိုနီထက် ဘာသာရေးကိုဇောင်းပေးကာ ကျန်အရေးများကိုလျစ်လျူရှုသည်ဟူပါက တင်းမာမှုများ မြင့်တက်လာဖွယ်ရာပင်ရှိပေသည်။ တင်းမာမှုများမြင့်တက်လာပါက အထိနာတတ်သည်မှာ လူနည်းစုများ ဖြစ်လေ့၇ှိသည်မှာလဲ သမိုင်းသက်သေများစွာရှိပေသည်။
သို့ဖြစ်ရာ အချင်းချင်းအပြန်အလှန်လေးစားခြင်း၊ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံရှိယဉ်ကျေးမှုစံနှုန်းများနှင့် သဟဇာတ ဖြစ်ရန် ကြိုးစားခြင်းတို့ဖြင့် မြန်မာ့လူ့ဘောင်ကို အထောက်အကူပြုနိုင်ကြရန် မျှော်လင့်မိသည်။ မြန်မာနိုင်ငံတွင်မွေးဖွားရခြင်းကို ဂုဏ်ယူတတ်လျှင် မြန်မာ့အကျိုးကို ဆောင်ချင်ပါလိမ့်မည်။ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ကိုယ်မွေးသောမြေကို ကြီးပွားတိုးတက်စေလိုသည့်စိတ်ရှိကြစေဖို့ မျှော်လင့်မိသည်။
(မှတ်ချက်။ ။ အင်တာနက်မှရသော သတင်းဖြစ်သည့် ရခိုင်ပါတီကိုဖျက်သိမ်းသင့်ကြောင်းမြန်မာမွတ်ဆလင်အစည်းအရုံးမှ စာတင်မည် ဟူသည့် သတင်းကိုအခြေခံ၍ ဤစာစုကိုရေးပါသည်။)
Written by Myo Set