You Are Here: Home - ပင်မစာမျက်နှာ , ဆောင်းပါး - ရခိုင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများ နှင့် ဗမာလူမျိုးများအကြား နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ရေး


ရခိုင်လူမျိုး အပါအဝင် တိုင်းရင်းသားလူမျိုးများနှင့် ဗမာလူမျိုးများအကြား ယနေ့အချိန်ထိ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲလျှက် ရှိနေပါသည်။

ရခိုင်လူမျိုးများသည် ဗမာလူမျိုးများကို မုန်းသည်ဟု ဗမာလူမျိုးများက ထင်မြင်ယူဆကြပါသည်။ မုန်းသူများလည်း ရှိနေသည်ဟု ကျွန်ုပ်တို့ ရခိုင်လူမျိုးများ လက်ခံပါသည်။ သို့သော် ၉၉ ရာခိုင်နှုန်းကျော်က မမုန်းဟု ကျွန်ုပ်တို့ ရခိုင်လူမျိုးများ ကိုယ်တိုင် သိပါသည်။ ရခိုင်လူမျိုးများနှင့် အနေများသော ဗမာလူမျိုးများသာလျှင် ရခိုင်လူမျိုးများ၏ စိတ်သဘောထားအမှန်ကို နားလည်ပါလိမ့်မည်။

လူမျိုးကိုချီ၍ မုန်းသည်ဆိုသည်မှာ တစ်ဖက်သတ်ဆန်သော လုပ်ရပ်မျိုးသာ ဖြစ်ပါသည်။ သို့သော် ထိုစိတ်မျိုး မွေးဖွားလာသော အကြောင်းရင်းခံများကိုလည်း ကျွန်ုပ်တို့ ရခိုင်လူမျိုးများ နားလည်ခံစားနိုင်ပါသည်။

တစ်ဖက်သတ်ဆန်သော အမုန်းတရားပွားများရခြင်း၏ ဇာတ်မြစ်မှာ ရခိုင်ပြည်ကို ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရများ၏ လုပ်ရပ်များကြောင့်သာ ဖြစ်ပါသည်။ အုပ်ချုပ်သူများနှင့် ဗမာလူမျိုးကို ခွဲခြားတတ်ရန် လူမျိုးမုန်းတီးရေး စိတ်ရှိသော ရခိုင်လူမျိုးများ သတိထားသင့်ပေသည်။

၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကြေငြာခြင်း မရှိသော ဘိုးတော်ဘုရား၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ရခိုင်နိုင်ငံတော်ကြီး ပျက်စီးခဲ့ရပါသည်။ ရခိုင်ပြည်သူပြည်သား ထောင်သောင်းချီ အသတ်ခံခဲ့ရပြီး၊ သိန်းချီသော ရခိုင်လူမျိုးများ နယ်ခြားဒေသများသို့ ထွက်ပြေးခိုလှုံခဲ့ရပါသည်။ ဤ လုပ်ရပ်ကြောင့် ကာယကံအားဖြင့် ခံစားခဲ့ရသော အမုန်းပွားနေဆဲ ရခိုင်လူမျိုး မျိုးဆက်များလည်း ရှိနေပါသေးသည်။ ပဒေသရာဇ်ခေတ်၏ အမွေဆိုးကို ရခိုင်လူမျိုးများ ခံခဲ့ရသည်ဟုသာ မှတ်ယူသင့်ပါသည်။

သို့သော် ဗမာလူမျိုးများအပေါ် ရခိုင်လူမျိုးများ ယုံကြည်မှု မရှိရခြင်းမှာ လွတ်လပ်ရေး ရပြီးခေတ် အုပ်ချုပ်ခဲ့သော အစိုးရများ၏ လုပ်ရပ်များကြောင့်သာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ အစိုးရများ၏ ရယူမှုများနှင့် ပေးဆပ်မှုတို့ကို နှိုင်းယှဉ်ကြည့်လျှင် အလွန်ပင် မမျှတသည်ကို ကျွန်ုပ်တို့ ရခိုင်လူမျိုးများသာ ခံစားသိမြင်နိုင်ပါသည်။ ကမ္ဘာကျော် ရခိုင်ရိုးမ ဝါးတောကြီး ရှိပါလျှက်နှင့် ရခိုင်ပြည်တွင် စက္ကူစက်ရုံတစ်ရုံ မတည်ဆောက်ခဲ့ဖူးပါ။ မြန်မာနိုင်ငံတွင် သစ်ဝါးအထွက်ဆုံး ရခိုင်ရိုးမတောင်ကြီး ရှိနေပါလျှက် သစ်ခွဲစက်ရုံ၊ ပရိဘောကစက်ရုံ တစ်ရုံမျှ မတည်ဆောက်ခဲ့ဖူးပါ။ သားငါးပုဇွန် ထွက်နေပါလျှက် သက်ဆိုင်သော စက်ရုံများ မတည်ဆောက်ခဲ့ဖူးပါ။ ကုန်ကြမ်းအတိုင်းသာ ခက်ခက်ခဲခဲ သယ်ထုတ်သွားကြပါသည်။ တိုင်းပြည် GDP တွင် အများဆုံး ပါဝင်နေပါလျှက် မည်သည့် အကျိုးအမြတ် မျှဝေမှုမျိုးလည်း မရှိခဲ့ပါ။ ယခုအချိန်ထိလည်း ရခိုင်ပြည်နယ်၏ လျှပ်စစ်ရရှိမှု ပမာဏမှာ မြန်မာတစ်နိုင်ငံလုံး သုံးစွဲမှု၏ ၁% ခန့်သာ ရှိနေပါသေးသည်။ မြန်မာနိုင်ငံ ဒေသအနှံအပြားတွင် လျှပ်စစ်တစ်ယူနစ်လျှင် ၃၅ ကျပ်သာ ပေးချေရသော်လည်း ရခိုင်ပြည်နယ်တွင် ယခုအချိန်ထိ ၂၅၀ ကျပ်နှင့် အထက် ပေးချေနေရတုန်း ရှိနေပါသေးသည်။

ထိုကဲ့သို့ မမျှတသော အစိုးရအဆက်ဆက်၏ လုပ်ရပ်များကို ရခိုင်လူမျိုးများ ခါးစည်းခံခဲ့ရပါသည်။ ရခိုင်လူမျိုးများနည်းတူ ဗမာလူမျိုးများအပါအဝင် တခြားတိုင်းရင်းသားလူမျိုးများလည်း ခံစားရမည်ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်ပါသည်။ သို့သော် ပမာဏ အနည်းအများ ကွာခြားချက် ရှိပါသည်။ ထို့ကြောင့်လည်း တိုင်းရင်းသားလူမျိုးများအကြား ယုံကြည်မှု၊ နားလည်မှုကို မတည်ဆောက်နိုင်ခြင်း ဖြစ်ပါသည်။ ထိုမှတစ်ဆင့်တိုး၍ လူမျိုးမုန်းတီးရေးသို့ ရောက်ရှိလာခြင်းသာ ဖြစ်ပါသည်။ ဤ လုပ်ရပ်များသည် အများပြည်သူ ဗမာလူမျိုးများနှင့် မသက်ဆိုင်ပါ။ အစိုးရများ၏ လုပ်ရပ်များသာ ဖြစ်သည်ကို သတိထားသင့်ပါသည်။ ထို့ကြောင့် ဗမာလူမျိုးများနှင့် တခြားတိုင်းရင်းသားလူမျိုးများကြား အမုန်းပွားစရာ အကြောင်းရင်း မရှိပါ။

ကျွန်ုပ်တို့ လူငယ်မျိုးဆက်သစ်များ လက်ထက်တွင် ယုံကြည်နားလည်မှုရှိသော ပေါင်းကူးဆက်ဆံရေးသစ်ကို  တည့်မတ်ပေးရန် တာဝန် ရှိပါသည်။ ဒီမိုကရေစီ လမ်းကြောင်းသစ်ကို လျှောက်လှမ်းချီတက်နေသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသစ် လက်ထက်တွင်လည်း တန်းတူသော အခွင့်အရေးပေးမှု Equality of Opportunity ကို လက်ခံကျင့်သုံးလာမည်ဟု ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ပါသည်။ တိုင်းရင်းသား လူမျိုးများကလည်း အစိုးရ၏ မူဝါဒများကိုလည်း အမြဲတမ်း စောင့်ကြည့်သုံးသပ်လျှက် ရှိနေကြပါသည်။

၂၁ ရာစု သတင်းနည်းပညာခေတ်တွင် လူသားများကြား အတွေးအခေါ်ဉာဏ်ပညာ ကွာဟချက် မရှိတော့ပါ။ ကွက်ကျော်ရိုက် ကစားခြင်းမှာ မကြာမီ ဖော်ထုတ်နိုင်သော တစ်ခဏတာ ရှက်ဖွယ်လုပ်ရပ်မျိုးသာ ဖြစ်လာပါသည်။ ထို့ကြောင့် ရိုးသားမြင်သာသော လုပ်ရပ်မျိုးဖြင့် ကျွန်ုပ်တို့ ကိုယ်တိုင် ပြုပြင်လျှောက်လှမ်းကြမည်ဆိုလျှင် တည်ငြိမ်အေးချမ်း ချစ်စဖွယ်ကောင်းသော တိုင်းရင်းသားများ နားလည်ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဟု အကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ပါသည်။
 Arakanese Meeting Point
Blogger Widgets