You Are Here: Home - သုတရေးရာ - ပရော်ဖက်ရှင်နယ်ဆက်ဆံရေးနှင့် ဆရာတပည့် ဆက်ဆံရေး

မိန်းကလေးလက်ရေးသေးသေးလေးတွေနဲ့ ဆယ်မျက်နှာရှိတဲ့ စာတစ်စောင်ဖတ်ပြီး တွေးစရာများနေတ ကြောင့်နောက်နေ့လာယူမည့် ဂျာနယ်ဆောင်းပါး နှစ်ပုဒ်မရေးနိုင်ဘူး။ ဒီတစ်ပတ်နားခွင့်ပေးဖို့ တောင်းပန်ရ တော့မှာပဲ။

မိဝေးဖဝေးမို့
          စာက စာတိုက်ကလာတာမဟုတ်ဘူး။ လူကြုံပါးလိုက်တာလဲမဟုတ်ဘူး၊ ရေးသူကိုယ်တိုင်လာပေးတာ ပါ။ ရေးသူက အသက်တော်တော်ငယ်ပါသေးတယ်။ ဒါပေမယ့်အရွယ်နှင့်မလိုက်အောင် သိရှိနားလည်မှုရှိတယ် လို့ ဆိုရလိမ့်မယ်။ သူရင်ဖွင့်ပြောကြားတာတွေ အများကြီးကိုနားထောင်ပြီး ပြန်ဖြေနေရင် မောမှာစိုးလို့ စာရေး ယူလာခဲ့ပါတယ်။ နားနားနေနေဖတ်ပါ။ နောက်တစ်ခေါက်လာမှ အကြံပေးနိုင်ရင်ပေးပါ။ အဖေတစ်ယောက်လို လေးစားတဲ့အတွက် အားကိုးပြီး အကြံတောင်းရတာပါလို့ ပြောသွားခဲ့တယ်။  မိန်းကလေးရဲ့မိဘတွေက မြန်မာ ပြည်အထက်ပိုင်းက မြို့တစ်မြို့မှာနေပါတယ်။ သူကအလုပ်လုပ်ရင်း ပညာရှာဖို့ ရန်ကုန်မှာလာနေတာပါ။ ရင်ဖွင့် တိုင်တည်စရာ မိဘနဲ့ဝေးကွာနေတာကြောင့် အားကိုးတစ်ကြီးနဲ့ရောက်လာရှာတာဖြစ်ပါတယ်။

ဒုတိယအိမ်
          နှစ်ပေါင်း ၂၀ ကျော်ကျောင်းဆရာလုပ်စဉ်ကလည်း ဒါမျိုးတွေ အမြဲလုပ်ခဲ့ရပါတယ်။ မြန်မာပြည်နေရာ အနှံအပြားက ရန်ကုန်ကိုလာပြီး တက္ကသိုလ်အသီးသီးမှာပညာသင်ယူကြရတဲ့ ကျောင်းသူကျောင်းသားအတော် များများက ရင်ဖွင့်စရာတွေ တိုင်ပင်စရာတွေ အကြံအဥာဏ်တောင်းချင်တာတွေရှိတိုင်း အားကိုးတကြီးနဲ့ ဖွင်ဟ ပြောဆိုလေ့ရှိကြတယ်။ ကျောင်းကလေးကို သူတို့ရဲ့ ‘ဒုတိယအိမ်’ လို့ခေါ်ကြတယ်။ သူတို့ရဲ့အချိန်အများစုကို သူတို့ရဲ့ ‘ဒုတိယအိမ်’ မှာပဲကုန်ဆုံးစေခဲ့ကြတယ်။ အဲဒါကြောင့် အခုရောက်လာတဲ့ မိန်းကလေးကို ကောင်း ကောင်းနားလည်းပြီး ပြောသမျှနားထောင်ပေးပါတယ်။

အလိုက်တသိထပြန်
          ခေတ်မိန်းကလေးဆိုပေမယ့် တော်တော်ကိုလိမ္မာတယ်။ သူ့ကိုဧည့်ခံစကားပြောနေရင် မောမှာစိုးလို့ ဆို ပြီး အလိုက်တသိ ထပြန်သွားရှာတယ်။ ချက်ချင်းဘဲ့ သူ့စာလေးကို အစအဆုံးဖတ်ကြည့်လိုက်တယ်။ သူက သူနာပြုတက္ကသိုလ်မှာ ၄ နှစ်တတ်ရောက်သင်ကြားပြီးဘွဲ့ရလာသူဖြစ်တယ်။ ငယ်ဘဝစိတ်ကူးအိမ်မက်က ဆရာဝန်ဖြစ်ဖို့ပါ။ ဒါပေမယ့် ၁၀တန်းမှာ ၄ဘာသာပဲဂုဏ်ထူးရလို့ ဆေးမှတ်မမှီခဲ့ပါဘူး။ ဆရာဝန်အဖြစ်နဲ့ဆေးကု သခွင့် မရလဲ သူနာပြုအဖြစ်နဲ့ လူနာတွေကို ပြုစုစောင့်ရှောက်နိုင်တာပဲဆိုပြီး သူနာပြုတက္ကသိုလ်တတ်ခဲ့တယ်။ ၄နှစ်လုံးလုံးကြိုးစားပမ်းစားသင်ယူလိုက်တော့ နောက်ဆုံးမှာ ဘွဲ့ရသွားတယ်။ ဒါနဲ့တင်သူမကျေနပ်ဘူး။ ဖြစ်နိုင် ရင်ဆေးပညာ ဆက်သင်ချင်တယ်။ အင်္ဂလိပ်စာလည်းသင်ချင်တယ်။

မျှော်လင့်ချက်ကြီး တစ်ခွဲသားနဲ့
          ဒီရည်ရွယ်ချက်ကို ရင်မှာပိုက်ပြီး ရန်ကုန်က ပုဂ္ဂလိက ဆေးရုံးကြီးတစ်ရုံမှာ အလုပ်ဝင်လုပ်တယ်။ ဝါရင့် သူနာပြုဆရာမကြီးတွေနဲ့ ဆရာဝန်တွေဆီက ရနိုင်သမျှ ပညာတွေ ရယူဖို့ မျှော်လင့်ချက်ကြီးတစ်ခွဲသားနဲ့ပျော် နေတယ်။ ဒါပေမယ့် သူ့အပျော်တွေ တစ်လတောင် မခံလိုက်ဘူး၊ လုံးလုံးပျောက်ကွယ်သွားတယ်။ ဝါရင့်အစ်မ ကြီးတွေက ‘ပညာပေး’မယ့်အစား ‘ပညာပြ’တာပဲခံရတယ်။ သာမန်သန့်ရှင်းရေးဝန်ထမ်းတွေလုပ်ရမယ့်  ဖုန်သုတ်၊ ကြမ်းတိုက်အလုပ်တွေ ခိုင်းလိုခိုင်း၊ သူတို့စားပြီးတဲ့ထမင်းချိင့် ဆေးခိုင်းလို့ခိုင်းနဲ့လုပ်ကြတယ်။

နာနာကျင်ကျင်ရင်ခွင့်
          ခိုင်းယုံတင်မကဘူး၊ ပါးစပ်ကလည်း ဗျက်တောက်ဗျက်တောက်နဲ့ ဘွဲ့ရတယ်ဆိုပြီး သိပ်အဟုတ်ထင်မ နေနဲ့ နင်တို့ဘွဲ့တွေကို ဘာထင်တယ်၊ ညာထင်တယ်နဲ့ပြောလို့မပြီးနိုင်တော့ဘူး။ သူနာပြုအချင်းချင်းဒီလိုနှိမ်နေ တော့ အလုပ်သင်ဆရာဝန် ပြီးခါစ ခေတ္တခဏ MO လာရောက်တဲ့ ဆရာဝန်ပေါက်စတွေကပါ ထမင်းခူးကျွေးခိုင်း ပန်းကန်ဆေးခိုင်း လုပ်ချင်ကြတယ်။ အမြဲတမ်းအပေါ်စီးက နိုမ့်နိုမ့်ချချ ဆက်ဆံကြတယ်။  တကယ်တော့ သူတို့ သင်ခဲ့တဲ့စာကို သူနာပြုတွေက ၄ နှစ်သင်ခဲ့ရပြီး သူတို့က ၆နှစ်သင်ခဲ့ရရုံပဲ ရှိတာပါ။ လက်လှမ်းမမှီလောက် အောင်ကွာခြားနေတာ မဟုတ်ပါဘူး။ ဆရာဝန်က ဆရာဝန်အလုပ်လုပ် သူနာပြုက သူနာပြုအလုပ်လုပ် အားလုံး လုပ်ဖော်ကိုင်ဖက်တွေလို့ ဘာကြောင့်သဘောမထားနိုင်ကြတာလဲလို့၊ မိန်းကလေးက နာနာကျင်ကျင်နဲ့ ရင်ဖွင့်ရေးသားထားပါတယ်။

ဝါသနာပါလွန်းလို့
          နောက်တော့ အလုပ်ထွက်ပြီး နိုင်ငံခြားမှာ ပညာဆက်သင်နိုင်တဲ့ အခွင့်အလမ်းရှာရင်ကောင်းမလားလို့ တွေးမိပါတယ်။ သင့်မသင့် အကြံပေးပါလို့ တောင်းပန်ထားတယ်။ မိန်းကလေးရဲ့စာအရ သူဟာဒီအလုပ်ကို တကယ်ဝါသနာပါလို့လုပ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ အကြီးအကျယ် စိတ်ပျက်သွားပြီလို့ သိရတယ်။ သူစာဖတ်ပြီးတာနဲ့ သူ့ကိုဘယ်လို့ အကြံပေးရမယ်ဆိုတာ ခေါင်းထဲ ချက်ချင်းပေါ်လာတယ်။ အလုပ်မထွက်ပါနဲ့။
အတွေ့အကြုံနဲ့ပညာရအောင်ဆက်လုပ်ပါဦး။ ပညာယူတယ်ဆိုတာ မကောင်းတဲ့အရာတွေကလည်း တွေးတတ် ယူတတ်ရင် ယူလို့ရတယ်။ မကောင်းနည်းမျိုးစုံကို သိထားတဲ့အတွက် ကိုယ်တိုင်မကောင်းတာတွေ မလုပ်ဖြစ် အောင် သင်ခန်းစာယူနိုင်တယ်။ ဒီလိုသင်ခန်းစာယူတတ်တဲ့လူငယ်တွေ အများကြီးရှိလာမှ မကောင်းတာတွေ ပျောက်ပြီး ကောင်းတာတွေ ရောက်လာမှာပေါ့လို့လည်း ပြောရမယ်။

မိဘကို အပူမကပ်ပဲနဲ့
          ပညာဆက်သင်ချင်တာကို အားပေးပါတယ်။ လောလောဆယ်ကိုယ့်နိုင်ငံမှာ ရှေ့ဆက် သင်ယူနိုင်ဖို့ လမ်းကြောင်းမရိတဲ့အတွက် နိုင်ငံခြားသွားဖို့ ကြံရွယ်တာလည်းကောင်းပါတယ်။ လောလောဆယ် TOEFLဖြစ် ဖြစ်၊ IELTF ဖြစ်ဖြစ် ဖြေဖို့ လိုအပ်တယ်၊ ဒါလောက်ကတော့ အလုပ်လုပ်ရင်းလေ့လာလို့ရတယ်။ မိဘကို အပူ မကပ်ရဘဲနဲ့ လုပ်နိုင်အောင်ပြောတာပါ။ အင်္ဂလိပ်စာအရည်အချင်းပြည့်မီပြီဆိုမှ တတ်ချင်တဲ့ကျောင်းကို အင်တာနက်မှာ ရှာကြည့်ပြီးလျှောက်လို့ရတယ်။ အလွယ်ဆုံးလမ်းအဖြစ်နိုင်ဆုံးပညာရပ်ကတော့ MPH လို့ခေါ် တဲ့ လူထုကျန်းမာရေး မဟာဘွဲ့ပဲ မြန်မာတွေ ရင်းနှီးပြီးသားပါ။ နီးနီးနားနားတိုင်းက မဟီတောမှာတင် တတ်လို့ ရတယ်။ စင်္ကာပူမှာလည်းတတ်လို့ရတယ်။ ဒီဘွဲ့က ဆရာဝန်မဟုတ်တဲ့ တခြားဘွဲ့ရသူတွေလည်းတတ်လို့ရတယ်
MPHဘွဲ့ရပြီးမှ တခြားဆေးပညာတွေ ဆက်တတ်ချင်ရင်လည်း လွယ်သွားပြီ။

ထုံးစံဖြစ်နေ
          မိန်းကလေးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအကြံတောင်းမှုကို အခုလိုရှည်ရှည်လျားလျားရေးပြနေတာ အကြောင်းရှိပါတယ်။ အလုပ်ခွင်မှာ ဒီမိန်းကလေးတွေ့ကြုံရတာမျိုးက ဒီလောက ဒီနယ်ပယ်တစ်ခုတည်းမှာသာ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ ဘယ်လုပ်ငန်းခွင်မှာမဆိုရှိနေပါတယ်။ ဘယ်ခေတ်ဘယ်အခါက စတင်ခဲ့တယ်ဆို တာမသိပေမယ့် အမြစ်ကောင်းကောင်းတွယ်နေပြီဖြစ်တော့ ကြာလှပြီလို့ဘဲ ပြောရလိမ့်မယ်ထင်တယ်။ ကြာလှပြီဆိုတဲ့ ထုံးစံတစ်ခုလိုဖြစ်နေပြီး မကောင်းဘူးလို့တောင် ဘယ်သူမှမထင်ကြတော့ဘူး။

အိမ်တော်ပါကျွန်
          မြန်မာပြည်က ဘယ်လုပ်ငန်းခွင်မှာမဆို၊ ဝန်ထမ်းချင်းဆက်ဆံရေးပုံစံက အထက်အောက် ဆရာတပည့်ဆက်ဆံရေးမျိုးဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးမျိုးမရှိဘူး။ စာရေးလေးကို စာရေးကြီးက တပည့်လို့မှတ်ယူတယ်။ စာရေးကြီးကို ရုံးအုပ်ကြီးက တပည့်လို့ သဘောထားတယ်။ ရုံးအုပ်ကြီးကို သူ့ထက် တဆင့်သာမြင့်တဲ့အရာရှိက တပည့်ခေါ်ပြီး အဲဒီအရာရှိကိုလည်း သူ့အထက်အရာရှိကတပည့်လို့ခေါ်ကြတာပါပဲ၊ ဒီလိုနဲ့ ရာထူးငယ်သူကို တပည့်ခေါ်လိုက်၊ ရာထူးကြီးသူကို ဆရာခေါ်လိုက်နဲ့ အားလုံးဆရာတပည့်ဆက်ဆံရေး ပုံစံ ဖြစ်သွားတော့တယ်။ ပုံစံဖြစ်ရုံနဲ့ပြီးသွားတာမဟုတ်ဘူး။ ‘ပညတ်သွားရာ ဓာတ်သက်ပါ’ဖြစ်ပြီး၊ ရာထူးကြီးသူ ကရာထူးငယ်သူကို ‘အိမ်တော်ပါကျွန်’ တစ်ယောက်လိုသဘောထားတဲ့ အထိဖြစ်သွားတယ်။ အဲဒါကြောင့် ထမင်းချိုင့်ဆေးခိုင်းတာတို့၊ လက်ဖက်ရည်မှာခိုင်းတာတို့လို လက်တို လက်တောင်းအလုပ်တွေပါခိုင်းလာကြ တယ်။

တန်းတူရည်တူ
          ဒီမိုကရေစီနှင့် လွတ်လပ်တဲ့ ပုဂ္ဂလိကစီးပွားရေးအသားကျနေတဲ့ နိုင်ငံတိုင်းမှာ ဆရာတပည့် ဆက်ဆံ ရေးမျိုး ဘယ်အလုပ်ခွင်မှ မရှိဘူး။ အားလုံး လုပ်ဖော်ကိုင်ဖက်အဖြစ်ပဲ သဘောထားတယ်။ စာရေးလေးက စာရေးကြီး မာစတာ ဘရောင်းပဲ ခေါ်တယ်။ မန်နေဂျာကြီး မာစတာ ဘလက်ကလည်း စာရေးကြီးကို မာစတာ ဘရောင်းပဲခေါ်တယ်။ ဘယ်သူက ဘယ်သူ့ကိုမှ လက်ဖက်ရည်မှာခိုင်းတာမျိုး ချိုင့်ဆေးခိုင်းတာမျိုး မလုပ်ကြဘူး။စက်ရုံ အလုပ်ရုံတွေမှာလည်းအလားတူပဲ အားလုံးတန်းတူ ရည်တူပဲ ဆက်ဆံကြတယ်။ ဆရာတပည့်ဆက်ဆံ ရေးပုံစံမျိုးမရှိဘူး။

တီချယ် ခေါ်တာ
          တက္ကသိုလ်တွေ ကျောင်းတွေမှာတောင် ဆရာတပည့်ပုံစံမရှိကြဘူး။ တက္ကသိုလ်က ပါမောက္ခ မာစတာ ဝှိုက်ကို ကျောင်းသားတွေက မာစတာဝှိုက်လို့ပဲခေါ်တယ်။ ပါမောက္ခမစ်စနိုးကိုလည်း မစ်စနိုးပဲ ခေါ်တယ်။ မူလတန်းကျောင်းတွေမှာတောင် ကျောင်းသူ ကျောင်းသားလေးတွေက ဆရာမတွေကို မစ္စဂရင်း၊ မစ်ရက်ဒ် စသည့်ဖြင့်ပဲ ခေါ်ကြတယ်။ မူလတန်းမှာလည်း ဆရာမတွေကို တီချယ်။ တက္ကသိုလ်ရောက်တော့လည်း ကထိကတွေ ပါမောက္ခတွေကို တီချယ်လို့ ခေါ်တာ မြန်မာပြည်တစ်ခုပဲရှိမယ်ထင်တယ်။

လူ့ဂုဏ်သိက္ခာ
          နိုင်ငံသားအားလုံးတန်းတူညီမျှရှိပြီး လူတစ်ဦးချင်းစီရဲ့ ‘လူ့ဂုဏ်သိက္ခာ’ ကိုလေးစားရိုသေခြင်းဟာ ဒီမိုကရေစီရဲ့ အနက်သာရတွေဖြစ်တယ်။ ဘယ်လုပ်ငန်းခွင်မှာမဆို တန်းတူရည်တူ လုပ်ဖော်ကိုင်ဖက် ဆက်ဆံ ရေးမျိုးရှိစေရမယ်။ အထက်အောက်၊ ဆရာတပည့်ဆက်ဆံရေးဆိုတာ အာဏာရှင်စနစ်ရဲ့အငွေ့အသက်ဖြစ် တယ်။ ဒီမိုကရေစီ စနစ်မှာဝန်ထမ်းအချင်းချင်း ဆက်ဆံရေးဟာ ‘ပရောဖင်ရှင်နယ်’ ဆက်ဆံရေးမျိုးဖြစ်ရမယ်။ သူ့အလုပ်ကို ကိုယ်လေးစားသလို ကိုယ့်အလုပ်ကို သူကလေးစားရမယ်။ ဒီလို ပရော်ဖင်ရှင်နယ် ဆက်ဆံရေးမျိုး မတည်ဆောက်နိုင်သရွေ့ အထက်မှာပြောခဲ့တဲ့ သူနာပြုဆရာမလေး ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ  ကိစ္စမျိုးတွေ မပျောက်နိုင်တော့ဘူး။ ဘယ်နေရာပြောင်းပြောင်း ဘယ်မှာ အလုပ်လုပ်ကြုံတွေ့နေရမှာပဲ ဒါကြောင့် အာဏာရှင် အငွေ့အသက်မကင်းတဲ့ ဆရာတပည့်ဆက်ဆံရေးပုံစံကို ပြောင်းလဲပစ်ဖို့လိုအပ်ကြောင်း ရေးလိုက်ရပါတယ်။

ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၆) မှ

by လူထုစိန်ဝင်း
Blogger Widgets