You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - နာဇီရပ်ကွက်တွင် စစ်တပ်မှ ပစ်ခတ်၍ ရခိုင်လူငယ်တစ်ဦးသေ တစ်ဦးအဖမ်းခံရ

181153 395557667148529 1884250471 n










ဇွန်လ ၁၇ရက်နေ့ နေ့လည် ၁နာရီခန့်တွင် နာဇီကျေးရွာအတွင်းသို့ လမ်းလျှောက်ဝင်လာသော ရခိုင်လူငယ် ၂ဦးအား စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ အဖမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။
“စစ်တွေတစ်မြို့လုံး နေရာတိုင်းမှာ လုံခြုံရေးတွေနဲ့ဆိုတော့ လုံခြုံတယ်ပေါ့၊ အဲဒါကြောင့် အဓိကရိုဏ်း ဖြစ်တုန်းက မီးလောင်ခဲ့တဲ့နေရာတွေကို သွားကြည့်ကြတာ၊ အဲဒီလူငယ်နှစ်ဦးကလည်း နာဇီရွာထဲဘက်ကို လမ်းလျှောက်ဝင်လာတာ၊ အဲဒါကို မသင်္ကာဆိုပြီးတော့ အောင်နိုင်ဝင်း ရေခဲစက် လုံခြုံရေး မျှော်စင်ကနေ သေနတ်နဲ့ ပစ်လိုက်တာ ၁ ယောက်သေသွားပြီး နောက် ၁ယောက်ကို ဖမ်းသွားတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောပြသည်။
ယခုသေဆုံးသွားသူမှာ ဆပ်ရိုးကျကျေးရွာမှ ရွာသားတစ်ဦးဖြစ်ပြီး အဘ ဦးငပုမော်၊ ၅၁နှစ်၏ သား ကိုမောင်မောင် အသက် ၁၇နှစ်ဖြစ်သည်။ သူနဲ့အတူပါလာသော သူငယ်ချင်းမှာလည်း ဖမ်းဆီးခံထားရကြောင်းသိရှိရသည်။ ကိုမောင်မောင်၏ အလောင်းကိုထုတ်လာစဉ် အဘဖြစ်သူ ဦးငပုမော်မှာလည်း သူ့သားအလောင်းအား ဖက်၍ငိုနေရာ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီး ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပေ။
“ဖြစ်တာက နေ့လည် ၁နာရီဆိုတော့ မသင်္ကာစရာရှိရင်တောင် ခေါ်ပြီးတော့ စစ်ဆေးလို့ရတယ်။ ဘာမှ စစ်လားဆေးလားမလုပ်ဘဲနဲ့ တမင်သက်သက်ပစ်ထည့်လိုက်တာ ဆိုတော့ လူတွေက တော်တော်လည်း မကျေမနပ်နိုင်ဖြစ်နေကြတယ်။ စစ်တပ်ကတော့ သူတို့အမှားကိုသူတို့ ကာကွယ်ဖို့တွက် အကြောင်းပြချက်တွေ အမျိုးမျိုးပေးနေတယ်”ဟု ယင်းမြို့ခံမှ ဆက်လက်ပြောပြသည်။
စစ်တွေမြို့တွင် စစ်တပ်မှ လုပ်ပိုင်ခွင့်နှင့် အခြေအနေအားလုံးကို ထိန်းချူပ်ထားပြီး ယခုအခါတွင် စစ်တပ်အာဏာလွှမ်းမိုးလျက်ရှိသည်။ စစ်တွေမြို့၌ ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ဖြင့် ညဘက်တွင် ထွက်နေပါက ပစ်ခတ်နိုင်သော်လည်း ယခုဖြစ်ပွားခဲ့သောအမှုမှာ နေ့လည် ၁နာရီတွင် ပစ်ခတ်ခြင်း ခံခဲ့ရသည့်အတွက် ပြည်သူများမှာ စစ်တပ်အား အလွန်ကြောက်ရွံ့လျက်ရှိပြီး ကိုမောင်မောင် ပစ်ခတ်ခံရမှုနဲ့ပက်သက်၍လည်း မကျေမနပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်တွေမြို့ခံများပြောပြချက်အရ သိရှိရသည်။
Blogger Widgets