You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အမျိုးသားရီး - ဗိုလ်ခိုင်မိုးလင်း နှစ်လည် အခမ်းအနားများ နိုင်ငံအသီးသီးတွင် ကျင်းပ

ခိုင်ဦးမောင် (မလေးရှား)
၂၀၁၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ၃၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးနေ့ အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံတချို့တွင်  ကျင်းပ ပြုလုပ် ခဲ့ကြသည်။
ဗိုလ်ခိုင်မိုးလင်းအား ဂုဏ်ပြုအောက်မေ့ဖွယ်နေ့ အခမ်းအနားအား ဘင်္ဂလာဒေခ်ျ့၊ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် သူ့အား လေးစား ကြည်ညိုသူများနှင့် အဆိုပါ ပါတီဝင်များက ကျင်းပ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သော အခမ်းအနားကို ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ တပ်မဟာ (၇) လွတ်မြောက်နယ်မြေ တနေရာတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ALP –ဒု-ဥက္ကဌ (၁) ခိုင်စိုးနိုင်အောင်က အဖွင့်မိန့်ခွန်းစကား ပြောကြားသည့်အပြင်  ဥက္ကဌ ကြီး ခိုင်မိုးလင်း၏ ကြိုပမ်း ဆောင်ရွက်ခဲ့မှုများကို ပြောကြားခဲ့သည်။
“ ဥက္ကဌကြီး ခိုင်မိုးလင်းဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ကို ပဓါနမထားဘဲ တော်လှန် တိုက်ပွဲဝင်ခဲ့တယ်။ ကရင်ပြည်နယ်ကနေ ရှမ်းပြည်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို ဖြတ်ပြီး ရခိုင်ပြည်ထိ ချီတက်ခဲ့တယ်။ သူရဲ့ ဇွဲလုံးလမျိုး ယနေ့ ခေတ် ရခိုင်လူငယ်တွေ အတုယူ အားကျသင့်ပါတယ်” ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
ဥက္ကဌကြီး ခိုင်မိုးလင်း၏ ၃၅ နှစ်ပြည့်မြောက် ၀မ်းနည်းဖွယ် အခမ်းအနားတွင်  အမျိုးသားဒီမိုကရေစီ တပ် ပေါင်းစု NDF အထွေထွေအတွင်းရေးမှူ ခွန်အိုး၊ NCUB ကိုယ်စား တွဲဖက် အထွေထွေ အတွင်းရေးမှူး -၂ ဦးမြင့်သိန်း၊  DAB ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်မျိုးဝင်း၊ NLD-LA ကိုယ်စား NLD-LA ဒု-ဥက္ကဌ ဒေါက်တာ အေးကျော်၊  KNU ကိုယ်စားဘားအံခရိုင် အတွင်းရေးမှူး ဖဒိုလေးတော၊ တပ် မဟာ-၇ လက်အောက်ခံတပ်ရင်း ၂၄-တပ်ရင်းမှူး ကိုယ်စား ဒု-ရင်းမှူး ဗိုလ်မှူးမိုးဇက် တို့မှ  အာဇာ နည်နေ့ ဂုဏ်ပြုစကားများကို အသီးသီးပြောကြားခဲ့ကြသည်။
အခမ်းအနားကို ပါတီအသီးသီးမှာ ခေါင်းဆောင်များ အပါအ၀င် ALP တပ်ရင်းအသီးသီးမှ ရဲဘော်များနှင့် ဧည့် သည်တော် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ရာ တက်ရောက်လာသူများကို ရမ္မာဝတီတပ်ရင်း တာဝန်ခံ ဗိုလ်ခိုင်ဖုန်းမြင့်ဇော်မှ ကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
မလေးရှားတွင် ပြုလုပ်သည့် အခမ်းအနားကို  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (မလေးရှား) ဌာနခွဲရုံးတွင်  နေ့လည် ၁၁ နာရီခွဲမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့သည်။
အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ALP (မလေးရှား) ဌာနခွဲ ဒု ဥက္ကဌ ခိုင်စိုးရဲသူက နိရဉ္စရာသို့ ပြောသည်။
“ ဒီနေ့ ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးသွားခဲ့တဲ့ ၃၅ နှစ်ပြည့်မြောက်တဲ့နေ့ကို ဒီမလေးရှားမှာ ရှိတဲ့ ရခိုင်သူ ရခိုင် သားတွေ သိရှိအောင်၊  မျိုးဆက်သစ်လူငယ်တွေ ဥက္ကဌကြီးအကြောင်းကို သိရှိ နားလည်လာအောင် ပြုလုပ် ကျင်းပတာ ဖြစ်ပါတယ်။  နှစ်စဉ် နှစ် တိုင်းလုပ်ရတာ ဖြစ်ပါတယ်။”
မျိုးဆက်သစ် လူငယ်များအနေဖြင့် ဥက္ကဌကြီး၏ လုပ်ဆောင်ချက်များကို နမူနာယူ လုပ်ဆောင်ခြင်းဖြင့် မိမိ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုနိုင်သော သူရဲကောင်းများ ဖြစ်နိုင်ကြောင်း သူကပြောသည်။
“ မျိုးဆက်သစ်တွေ အနေနဲ့ ဥက္ကဌကြီး ခိုင်မိုးလင်းဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ဘယ်လို တိုင်းပြည် အတွက် အသက် ပေးခဲ့တယ်။  သူရဲ့ ကြိုးစားခဲ့ပုံ၊ လုပ်ကိုင် ဆောင်ရွက်ခဲ့ပုံတွေ၊ မိုင်နှစ်ထောင်ကျော် ခရီးကို ချီတက်လာ ခဲ့ပြီး ရန်သူဆီမှာ ဒူးမထောက် လက်မမြှောက်ပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်အနစ်နာ ခံပုံတွေကို နမူနာယူပြီးတော့ မျိုးဆက်သစ်တွေဟာ အမျိုးကိုချစ်တဲ့စိတ်တွေ၊ ကြိုးစားချင်တဲ့စိတ်တွေ၊ လူမျိုးအတွက် အနစ် နာခံလို စိတ်တွေပေါ်ပေါက်လာရင် တိုင်းပြည်နဲ့ လူမျိုးအတွက် အများကြီး အကျိုးဖြစ်ထွန်းလာနိုင်ပါတယ်” ဟု ပြောသည်။
အခမ်းအနားသို့  ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ ARCC  ဒု ဥက္ကဌ ဦးမောင်သိန်းယဉ်၊ ALD (မလေးဌာနခွဲ) ဥက္ကဌ ဦးသာထွန်းအောင် အပါအ၀င် ပါတီအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်  ဧည့် သည်တော်များ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ရောက်ရှိနေသော ရခိုင် အမျိုးသား အမျိုးသမီးများက စုပေါင်းပြီး ကော့စ်ဘာဇာ (ခေါ်) ဖလောင်းချိတ်မြို့ တောကျောင်းတွင် ဥက္ကဌ ကြီး ခိုင်မိုးလင်းနေ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး တက်ရောက်လာူသူများက ဗိုလ်ခိုင်မိုးလင်းနှင့် အတူ ရခိုင်ပြည်အတွက် ကျဆုံးသွားခဲ့သော အာဇာနည် သူရဲ ကောင်းများကို အောက်မေ့ ရည်စူး၍ ရေစက်ချ အမျှပေးဝေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အလားတူ ဥက္ကဌကြီး ခိုင်မိုးလင်း၏ ၃၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ALP ဗဟိုဌာနချုပ် တည်ရှိ ရာ အိန္ဒိယ- ဘင်္ဂလာ- မြန်မာ နယ်စပ်ရှိ တပ်စခန်းများတွင်လည်း ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
Blogger Widgets