You Are Here:
Home -
မဟာပညာကျော်
,
ဆောင်းပါး
-
စကားပြောသော ပုံရိပ်များ
စကားပြောသော ပုံရိပ်များ
Posted by Unknown on 4:05 AM //

အခုပုံထဲမှာမြင်ရတဲ့ တံတိုင်းကြီးဟာ သမိုင်းကြောင်းများစွာကို ဖော်ပြနေတဲ့ ရှေးဟောင်း နန်းမြို့ရိုး တံတိုင်းကြီးဖြစ်ပါတယ်။ အဲဒီတံတိုင်းကြီးဟာ ရခိုင်မင်းဆက်ရဲ့ နောက်ဆုံး မင်းနေပြည်တော်မြို့ ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့မှာ ယခုတိုင် ခမ်းနားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ရခိုင်ဘုရင်တွေ စိုးစံခဲ့တဲ့ မြောက်ဦးရွှေနန်းတော်ကုန်းဟာ ပေ ၅၀ခန့်မြင့်ပြီး တံတိုင်း သုံးထပ် ကာရံထားပါတယ်။ အတွင်းဆုံးတံတိုင်းမှာ စတုရန်းပုံဖြစ်ပြီး တစ်ဖက်လျှင် ပေ၆၀၀ခန့်စီ ကျယ်ပြန့်ပြီး အပြင်ဖက်ဆုံးတံတိုင်းမှာ မြောက်မှတောင်သို့ ပေ ၁၆၀၀၊ အရှေ့မှ အနောက်သို့ ပေ၁၇၄၀ ရှိပြီး ဧရိယာစတုရန်းမိုင်၁.၂ မိုင်ရှိပါတယ်။ နိုင်ငံခြား တိုင်းပြည်များနှင့်လည်း ကုန်စည်ကူးသန်း ရောင်းဝယ် ဖောက်ကားမှုများရှိခဲ့ပါတယ်။ တစ်ခေတ်တစ်ခါက ကြီးကျယ် ခမ်းနားခဲ့တဲ့ မြောက်ဦးရွှေနန်းတော်ကို ရေကြောင်းလမ်းခရီးဖြင့် ရောက်ရှိလာသည့် ပေါ်တူဂီဘုန်းတော်ကြီး မန်နရိတ်ကပင်လျှင် အလွန်ပင် ခမ်းနားထည်ဝါလှကြောင်းကို မှတ်တမ်း တင်ခဲ့ရပါတယ်။ ကျွန်မ ရခိုင်ပြည်နယ်ကို ခရီးထွက်ခဲ့တဲ့ အချိန်မှာ ရခိုင်တို့ရဲ့ အလွန်ရှေးကျလှတဲ့ ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုတွေကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ရှေးဟောင်းလက်ရာ စေတီပုထိုးများ၊ နန်းတော်ရာများ၊ အနုပညာ လက်ရာများဟာ ယနေ့ထက်တိုင် ခိုင်ခိုင်မာမာ တည်ရှိနေခြင်းအားဖြင့် ၄င်းတို့ဟာ ဘယ်လိုမှ မဖျောက်ဖျက်နိုင်တဲ့ သမိုင်းကြောင်းကို ဖော်ပြနေသော တန်ဖိုးကြီးများလှတဲ့ သက်သေ အထောက်အထားများ ဖြစ်ပါတော့တယ်။ မြောက်ဦးနန်းတော်ဟောင်း အကြောင်းကိုတော့ ဓာတ်ပုံများစွာနဲ့အတူ စာတစ်ပုဒ်ရေးချင်ပါသေးတယ်။