မိုးမိုးကျော် (Arakan Review)
မေ (၂၈)၊ ၂၀၁၀။
အဝေးရောက် ရခိုင်လူမျိုးများ ရခိုင့်တေးသီချင်းများကို အလွယ်တကူ တောင်းဆို နားဆင်နိုင်ရန်အတွက် ရက္ခိတ မြူးဇစ် အဖွဲ့မှ ပထမဆုံးသော ရခိုင့် အွန်လိုင်း (FM) ကို မေလ နောက်ဆုံးအပတ်မှ စတင်၍ ထုတ်လွှင့် လိုက်ပြီဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါ ရက္ခိတမြူးဇစ် အွန်လိုင်း (FM) ၏ အဓိက ရည်ရွယ်ချက်များမှာ အဝေးရောက် ရခိုင်လူမျိုးများ ရခိုင့် တေးသီချင်း များကို တနေရာတည်းတွင် နားဆင်နိုင်ရန်၊ ရခိုင့် တေးဂီတရပ်ဝန်း၊ နိုင်ငံတကာ တေးဂီတရပ်ဝန်းများနှင့် ပတ်သက်သော သတင်းများကို မျှဝေ သိရှိစေရန်၊ ရခိုင့်တေးသီချင်းများကို မကြားဖူးသေးသော အဝေးရောက် ရခိုင်လူမျိုးများ ရခိုင့် တေးဂီတနှင့် ပတ်သက်သည်များကို အလွယ်တကူ သိရှိ နားဆင်နိုင်စေရန်၊ ရခိုင်လူမျိုးတို့၏ အနုပညာ အဆင့်အတန်း ပိုမို တိုးတက်လာစေရန်၊ အဝေးရောက် ရခိုင်လူမျိုးများ မိမိတို့ ရခိုင် ဘာသာစကားနှင့် တိုက်ရိုက် ထုတ်လွှင့်သော ရခိုင့်တေး သီချင်းများကို နားဆင်နိုင်စေရန်နှင့် ရခိုင့်လူမျိုးများ၏ အနုပညာကို တန်ဖိုးထားရှိလာစေရန်တို့ ဖြစ်ကြောင်း (RMG) Rakhinta Music Group ၀တ်ဆိုဒ်တွင် ဖော်ပြထားသည်။
အဆိုပါ ရက္ခိတမြူးဇစ် အွန်လိုင်း (FM) အား http://www.rakhitamusic.org တွင် တိုက်ရိုက် နားဆင်နိုင်သလို မိမိတို့ အသုံးပြုနေသော G-talk တွင် radio@rakhitamusic.org အား အင်ဗိုကလုပ်ပြီး မိမိတို့ နားဆင်လိုသော ရခိုင့်တေးသီချင်းများကို တိုက်ရိုက် တောင်းဆို နားဆင်နိုင်ကြောင်း သိရှိရသည်။
အဝေးရောက် ရခိုင်လူမျိုးများ အနေဖြင့်လည်း လက်ရှိ ထုတ်လွှင့်နေသော ရက္ခိတမြူးဇစ် အွန်လိုင်း (FM) တွင် မိမိတို့ အားလပ်သည့် အချိန်များ၌ အချိန်ပိုင်း DJ အဖြစ် ၀င်ရောက် ကူညီပေးမည်ဆိုပါက DJ- Application တွင် ဖြည့်စွက်၍ ပါဝင် ကူညီပေးနိုင်ကြောင်းနှင့် အဝေးရောက် ရခိုင်လူမျိုးများအားလုံးက ရက္ခိတမြူးဇစ် အွန်လိုင်း (FM)  ပိုမို အဆင့်မြင့် တိုးတက် အောင်မြင်လာရေးအတွက်  ပါဝင်ပူးပေါင်းပေးကြရန် ဆန္ဒပြုထားသည်ကို ရက္ခိတ မြူးဇစ်အဖွဲ့၏ ဆိုဒ်တွင် တွေ့ရှိရသည်။
ယခုကဲ့သို့ ရခိုင့် အွန်လိုင်း (FM) တခု ပေါ်ထွန်းလာခြင်းသည် ရခိုင်လူထု တရပ်လုံးအတွက် ဂုဏ်ယူစရာတခု ဖြစ်ကြောင်း နိုင်ငံတကာရောက် ရခိုင်လူမျိုးများနှင့် ရခိုင်ပြည်ရှိ အင်တာနက် အသုံးပြုသူများက ပြောဆိုနေကြကြောင်း သိရသည်။
....................
arakanreview