အပျက်၊အပြစ်မဖို့ဘဲ ၀န်းရံသင့်ချိန်ကျပြီ
by Myo Morn Tun on Monday, March 12, 2012 at 10:34am ·
သို့သော်လည်း ALD နှင့် RNDP ပါတီတို့ ပူးပေါင်းရေးအတွက် အလွတ်သဘော ဆွေးနွေးမှုများ ရှိထားပြီးဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်ကြားသိရပါသည်။ ALD ယာယီ ဥက္ကဋ္ဌ ဦးသာဘန်း၏ပြောကြားချက်အရ "၎င်းတစ်ဦးတည်းဆန္ဒအရဆိုလျှင် ပါတီနှစ်ခုပေါင်းစည်းချင်ကြောင်း၊ ဒါပေမယ့် အစဉ်အလာအရ ရပ်တည်ခဲ့သည့် ပါတီရဲ့ ဆုံးဖြတ်ချက်အရပဲ သွားမည်။"ဖြစ်ကြောင်း သိရပါသည်။
RNDP မှလည်း ALD သာ တရားဝင်ပါတီဖြစ်လာလျှင် ပထမအဆင့်အဖြစ် ပူးတွဲကော်မတီဖွဲ့ကာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားချက်အရသိရပါသည်။ "ALD မှတ်ပုံတင်ပြီးသွားလျှင် ပူးတွဲကော်မတီအနေနဲ့ ပူးပေါင်းလုပ်ဆောင်စရာ အလုပ်တွေ အများကြီးရှိပါသည်။ တရားဝင်အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး (၂၀၁၅) ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများကို ကိုယ်စားပြုသော အကောင်းဆုံး ရခိုင်ပါတီတစ်ခုအဖြစ် တည်ထောင်သွားမှာပါ"ဟု (RNDP) မှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောမှ ပြောကြားပါသည်။ ပါတီနှစ်ခုပူးပေါင်းပါက ပါတီအမည်ကိစ္စနှင့်ပတ်သက်၍ သဘောထားများကောက်ယူခြင်းနှင့် နှစ်ပါတီ ညှိနှိုင်ခြင်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောပါသည်။
ALD မှ ဦးသာဘန်းကမူ ပါတီအမည်ကို ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟု ထားရှိလိုကြောင်းပြောပါသည်။ "ပူးပေါင်းမယ်ဆိုရင် ကြိုဆိုပါတယ်။ ပါတီနှစ်ခုပေါင်းလျှင် ပိုမိုအားရှိမည်။ ဒါပေမယ့် ထောင်ကျခံ၊ ဖျက်သိမ်းခံပြီး ဒီမိုကရေစီ တိုက်ပွဲဝင်လာခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နာမည်ကလွဲရင် ကျန်တဲ့အမည်မခံ"ဟုလည်း သူ့ သဘောထားကိုပြောကြားပါသည်။
ပူးပေါင်းပါတီသစ်အမည်နှင့်ပတ်သက်၍ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပါတီမှတ်ပုံတင်ပြီး တရားဝင်အဖြစ် အဆင့်တူဆွေးနွေးပါက ပါတီအမည်ကိုလည်း ပြောင်းလဲသင့်လျှင်ပြောင်းလဲသွားရန် ဆန္ဒရှိကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဇန်န၀ါရီ(၁)ရက် အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ဤသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် မည်သူ့အကျိုးစီးပွားအတွက် နိုင်ငံရေးပါတီများတည်ထောင်ကြသနည်းဟု မေးစရာရှိလာပါသည်။
ရခိုင်အမျိုးသားတို့၏ ဆန္ဒအရဆိုလျှင် ရခိုင်တွင် ပါတီတစ်ခုတည်းဖြစ်စေချင်ပါသည်။ (၁၉၉၀)ရွေးကောက်ပွဲတွင် ရခိုင်ပါတီများဖြစ်ကြသော ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဆီမီးခွက်)၊ ရခိုင်ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု(ရေအိုး)နှင့် အခြားရခိုင်ပါတီများ မညီညွတ်ခဲ့ကြသဖြင့် အချို့ပါတီများ အနိုင်ရရှိဖူးသည့် ခါးသီးသော သာဓကများအဖြစ် သင်ခန်းစာယူစရာများ မြင်တွေ့ထားရပြီးဖြစ်သည်။
ရခိုင်အမျိုးသားတို့၏ အကျိုးစီးပွားအတွက် ပါတီနှစ်ခုပူးပေါင်းရန်အထူးလိုအပ်နေပါသည်။ ရခိုင်အမျိုးသားတို့ကလည်း ဖြစ်ပျက်နေသော လက်ရှိအနေအထားအရ ပါတီနှစ်ခုအား အပျက်၊အပြစ်တို့အား ရှောင်ကြဉ်၍ ပါတီနှစ်ခုပူးပေါင်းရန်အတွက် ပါတီပြင်ပမှနေ၍ ၀န်းရံသင့်သည်ဟု မြင်မိပါသည်။
ပါတီနှစ်ခုပူးပေါင်းရန်အတွက် ရခိုင်အမျိုးသားတို့၏ တိုက်တွန်းဖိအားပေးမှုသည် အဓိကဖြစ်နေပါပြီ။ ပါတီပြင်ပမှ ရခိုင်ပြည်သူများ၏အသံဖြင့် ၀န်းရံဖိအားပေးရန်လည်း လိုအပ်နေပါပြီ။ မိမိနီးစပ်ရာအသိုင်းအ၀ိုင်းမှ လက်မှတ်တွေစုစည်းပြီး ပါတီနှစ်ခုစလုံးအားလိပ်မူထားပြီး ပေးပို့သင့်ကြောင်း အကျိုးမျှော်၍ တိုက်တွန်းလိုက်ရပါသည်။