အဆိုပါ လူငယ်မှာ မြောက်ဦးမြို့မှ ကိုတင်အောင်စိုးဖြစ်သည်။

WAO ခေါ် World Aakanese Organization မှာ နိုင်ငံရေး မပါ လူမူရေး သက်သက်ကို လုပ်ဆောင်နေသော ရခိုင်အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံတကာတွင် အခြေစိုက် လူပ်ရှားနေသော အဖွဲ့ဖြစ်သည်။
ကိုတင်အောင်စိုးအား မြောက်ဦးမှ ရန်ကုန် အသွား စစ်တွေ-ရန်ကုန် ကားလမ်းရှိ အမ်း နစက စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခဲ့ပြီး ၂၀၀၈ ခုနှစ် ဇန္န၀ါရီက အမ်းမြို့နယ် တရားရုံးက တခြား ရခိုင် လူငယ် ၅ ဦးနှင့် အတူ ထောင် ၆ နှစ် ချမှတ်ခဲ့သည်။
" ကျွန်တော်ကိုတော့ တရားရုံးက ၆ နှစ်ချပါတယ်။ ကျန်တဲ့ ၅ ဦးကိုတော့ တယောက် ၅ နှစ်စီ ချပါတယ်။ ကျွန်တော် သူငယ်ချင်း ၅ ဦးကတော့ ထွန်းနေ၀င်း၊ သန်းရွှေ၊ ကိုကိုနိုင်၊ မောင်နီနဲ့ ကျော်သန်းတို့ ဖြစ်ကြပါတယ်။ ချတဲ့ ပုဒ်မက မတရားအသင်း ဖွဲ့စည်းမှု ပုဒ်မ ၆ ဆိုပြီး ဖမ်းပြီးထောင်ချတယ်။ နောက်ပီးတော့ မြို့နယ် အေးချမ်းသာယာရေးကို ပျက်ပြားအောင်လုပ်တဲ့ ပုဒ်မ ၅၀၅/ခ နဲ့ ထောင်ချတာ ဖြစ်ပါတယ် " ဟု သူက ပြောသည်။
တရားရုံးတွင် သူတို့ အနေဖြင့် ရှေ့နေ ဌားရမ်းခွင့်လည်း မရရှိဘဲ ပြစ်မူ တစ်စုံတရာလည်း မရှိဘဲ ထောင်ချခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
" ကျွန်တော်တို့ကို ရှေ့နေဌားရမ်းခွင့်လည်း မပြုဘူး။ ကျွန်တော်တို့ကို WAO နဲ့ ဆက်သွယ်ဆိုတာကို သက်သေ အထောက်အထားတွေလည်း မပြနိုင်ဘူး။ ဒါပေမယ့်ထောင်ချလိုက်တယ်။ အဓိကတော့ အမြင်ကပ် ပုဒ်မနဲ့ ထောင်ချတာပါ။ နောက်ထပ် လူငယ်တွေကို ပုံစံပေးလိုတဲ့ အတွက် ခြိမ်းခြောက်တဲ့ သဘောနဲ့ ခုလို မတရား ထောင်ချတာ ဖြစ်တယ်လို့ မြင်ပါတယ် " ဟုသူက ဆက်ပြောသည်။
ကိုတင်အောင်စိုး၏ ဖမ်းဆီး ထောင်ချခံရသူ သူငယ်ချင်း (၅) ဦးမှာလည်း တစ်စုံတစ်ရာ အပြစ်မရှိဘဲ ထောင်ချခံရခြင်း ဖြစ်ပြီး သူ၏ မှတ်စု စာအုပ်မှ ၎င်း သူငယ်ချင်း (၅)ဦး၏ နာမည်များကို တွေ့ရှိသွားသဖြင့် ဖမ်းဆီးပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ အတင်းဝန်ခံခိုင်းပြီး ထောင်ချခဲ့သည်ဟု ပြောသည်။ သူတို့ ၅ ဦးမှာ ၀ါကျွတ်လပြည့်နေ့ က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။
ကိုတင်အောင်စိုး အုပ်စုမှာ မြောက်ဦးမြို့တွင် တက်ကြွစွာ လူပ်ရှားနေသော အုပ်စု ဖြစ်သဖြင့် မြို့နယ် မယက တာဝန်ရှိသူများ၏ အငြိုအငြင်ကို ခံရကာ ယခုကဲ့သို့ ပြစ်မူ တစ်စုံတစ်ရာ မရှိဘဲ ထောင်ချ ခံခဲ့ကြရသည်ဟု ကိုတင်အောင်စိုးမှ ပြောသည်။
......................
နိရဉ္စရာ