You Are Here: Home - သတင်း - ရခိုင်ပြည်နယ် ဘတ်ဂျက် ကျပ် ဘီလီယံ ၂၀ လိုငွေပြ

၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာရေး နှစ်အတွက် ရခိုင်ပြည်နယ် ဘတ်ဂျက်တွင် ကျပ်ငွေ ဘီလီယံပေါင်း ၂၀ လိုငွေ ပြနေကြောင်း RNDP ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။


Rakhine-map
" ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘတ်ဂျက်ကို ပြန်ကြည့်ရင်၊ ခုနှစ်ဘတ်ဂျက်ပေါ့နော်။ ဘီလီယံပေါင်း ၂၀ လိုငွေပြနေတာကို တွေ့ရပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ခုလို လိုငွေပြနေတာကို တွေ့ရ ပါတယ်" ဟု သူက ပြောသည်။

ယခု လက်ရှိ အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ် ဘတ်ဂျက်ကို လွဲပြောင်း လက်ခံရာတွင် ရခိုင်ပြည်နယ် အစိုးရတွင် ကျပ်ငွေ ဘီလီပေါင်း ၂၀ လိုငွေပြနေသည်ကို တွေ့ရှိရကြောင်း သူက ပြောသည်။

" ရခိုင်ပြည်နယ် အစိုးရရဲ့ ဘတ်ဂျက် လိုငွေဟာ ဘီလီယံပေါင်း ၂၀ ပြနေပြီ ဆိုရင် ဒီကိစ္စ အပေါ်မှာ ဘယ်လို လုပ်ကြမလဲ။ ဒါကြောင့် ကျွန်တော်တို့က ရွှေသဘာဝ ဓါတ်ငွေ့ ရရှိတဲ့ အကျိုး အမြတ် တစုံတရာကို ပြည်နယ် ဘတ်ဂျက်မှာ ထည့်ပေးနိုင်မလား။ အကျိုးခံစားခွင့် တစ်စုံတစ်ရာတော့ ခွဲဝေပေးဖို့ လိုပါလိမ့်မယ်" ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်က ထွက်ရှိသော သဘာဝ ဓါတ်ငွေ့အပြင် တခြား နိုင်ငံတကာမှ ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြုပ်နှံမူများ အပေါ် ဗဟို အစိုးရမှ ကိုင်တွယ်ထားပြီး အချိုးကျ ခွဲဝေ သုံးစွဲမူ မရှိသောကြောင့် ရခိုင်ပြည်နယ် အစိုးရတွင် ယခုကဲ့သို့ ဘတ်ဂျက် လိုငွေ ပြနေခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်းပြင် ရခိုင်ပြည်နယ်မှ အကြီးမားဆုံး ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှလည်း ရရှိလာသော အကျိုးအမြတ်ကို တစ်စုံတရာ ခွဲဝေပေးရန် အစိုးရမှ သဘောထား မပေးသေးကြောင်း သိရသည်။

" ဒီပရိုဂျက်ကြောင့်တရုတ်ပြည်ကြီး နှစ်ပေါင်း ၃၀ ကျော် ချစ်ကြည်ရေး တည်ငြိမ်ရေး အတွက် လုပ်ကြရတဲ့ အခါမှာ တရုတ်ပြည်လည်း ဖွံ့ဖြိုးစေလိုပါတယ်။ ရခိုင်ပြည်နယ်ကို နှစ်သိမ့်မူ ပေးတဲ့ အနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပေးဖို့ လိုပါတယ်။ ဒီဘတ်ဂျက် ကိစ္စတွေ အပြင် တခြား ကိစ္စတွေအတွက်တော့ သက်ဆိုင်သူတွေနဲ့ ဆက်လက် ဆွေးနွေးသွားကြရမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာ အေးမောင် ပြောသည်။ 

-----------------------------------
 
နိရဉ္စရာ
Blogger Widgets