You Are Here: Home - သတင်း - RFA တိုင်းရင်းသား အစီအစဉ်များကို အချိန် အပြောင်းအလဲလုပ်ပြီး အချိန် လျော့ချ

လွှတ်လပ်သော အာရှအသံ ( မြန်မာပိုင်း အစီအစဉ်) (RFA) မှ ထုတ်လွှင့်နေသော တိုင်းရင်းသား အစီအစဉ်များကို အချိန် အပြောင်းအလဲ ပြုလုပ် လိုက်ပြီး ထုတ်လွှင့်ချိန်ကိုလည်း မိနစ် အနည်းငယ် လျော့ချ လိုက်ကြောင်း သတင်း ရရှိသည်။


 RFA-burmese
ယခင် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ထုတ်လုပ်နေသော ရခိုင်တိုင်းရင်းသား အစီအစဉ်ကို ဒီဇင်္ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းသို့ ပြောင်းရွှေ့လိုက်သည်။

" ကျွန်တော်တို့ ရခိုင် အစီအစဉ်က အရင်က အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈ နာရီကနေ ၉ နာရီထိ ထုတ်လွှင့်တဲ့ RFA မြန်မာပိုင်း အစီအစဉ်မှာ နောက်ဆုံးပိုင်းမှာ ထုတ်လွှင်ခဲ့ပါတယ်။ အခုတော့ တနင်္ဂနွေနေ့ နံနက် ၇ နာရီက ၈ နာရီထိ ထုတ်လွှင့်တဲ့ အစီအစဉ်မှာ ထုတ်လွှင့်ပါတယ်" ဟု ရခိုင် အစီအစဉ်ကို တာဝန်ခံ ထုတ်လွှင့်နေသူ ကိုမျိုးထွန်းက ပြောသည်။

ယခုကဲ့သို့ တိုင်းရင်းသား အစီအစဉ်များကို ညနေပိုင်းမှ နံနက်ပိုင်းသို့ ပြောင်းလဲ ထုတ်လွှင့်ခြင်းမှာ RFA ညနေပိုင်း ၂ နာရီ ထုတ်လွှင့်နေသည့် အချိန်ကို (၁) နာရီသို့ လျှော့ချလိုက်သဖြင့် ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

"အချိန် အပြောင်းအလဲ လုပ်လိုက်တဲ့ အပေါ်မှာတော့ ကျွန်တော်တို့ အနေနဲ့ သိပ်မပြောချင်ဘူး။ နားထောင်တဲ့ ရခိုင်ပရိသတ်က ဘယ်လို တုန့်ပြန်မလဲဆိုတာ နောက်မှ သိရမှာပါ။ အခု ပြဿနာက အရင် ရထားတဲ့ အချိန် ၁၅- ၁၆ မိနစ်ကို အခု ၁၂ မိနစ်ထိ လျော့ချခံရတယ်။ ဒါကြောင့် အချိန်တို သွားတဲ့အတွက် နည်းနည်းတော့ အဆင်မပြေ ဖြစ်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

ရခိုင် ရေဒီယို ပရိသတ်မှာ ညနေပိုင်းထက် နံနက်ပိုင်း အစီအစဉ်ကို ပိုမိုနားထောင်ကြသည်ဟု ရေဒီယို ပရိသတ် တစ်ဦးက ပြောသည်။

" ညနေပိုင်းက အလုပ်များတော့ လူတွေ များသောအားဖြင့် နားမထောင်နိုင်ကြဘူး။ နံနက်ပိုင်းကိုတော့ လူတိုင်းလိုလို နားထောင်ဖြစ်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ရခိုင်ပိုင်း အစီအစဉ်ကို ညနေပိုင်းကနေ နံနက်ပိုင်းသို့ ပြောင်းလဲ ထုတ်လွှင့်တာ ပိုမို ကောင်းတယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။

ရှမ်းပရိသတ်များ၏ အပြောအရ RFA ရှမ်းအစီအစဉ်ကို ညနေပိုင်းတွင် ပိုမို နားထောင်ကြသည်ဟု သိရသည်။

ယခုကဲ့သို့ RFA အချိန် အပြောင်းအလဲနှင့် ထုတ်လွှင့်ချိန် လျှော့ချလိုက်ခြင်းမှာ ကြိုတင် မျှော်လင့်ထားခြင်း မဟုတ်ဘဲ ရုတ်တရက် အပြောင်းအလဲကြောင့် ဖြစ်ကြောင်း သိရသည်။

" အခုအပြောင်းအလဲကြောင့် အရင်တုန်းက သတင်းတွေ နဲ့ ဆောင်းပါးအတွက် ၁၅ မိနစ် အချိန်ပေးနိုင်ပေမယ့် အခု အချိန် ၁၂-မိနစ်စာသာ ပြုစု ပေးပို့စေချင်ပါတယ်။ အချိန်အခက်အခဲ ရှိတဲ့ အတွက် ဖြစ်တယ်လို့ RFA ကပေးပို့တဲ့ စာမှာ ဖေါ်ပြ ထားပါတယ်" ဟု ကိုမျိုးထွန်းက ပြောသည်။

လွှတ်လပ်သော အာရှအသံ မြန်မာပိုင်း အစီအစဉ်မှ တိုင်းရင်းသား လူမျိုးများ အသံကို တစ်နေ့တကြိမ်ကျစီ နံနက်ပိုင်းတွင် ပြောင်းလဲ ထုတ်လွှင့်တော့မည် ဖြစ်ရာ တနင်္ဂနွေနေ့ နံနက်တွင်၊ ရခိုင်၊ တနင်္လာနေ့တွင် ကချင် ၊ အဂါင်္နေ့တွင် ကရင်နီ ၊ ဗုဒ္ဓဟူးနေ့တွင် ကရင်၊ ကြာသပတေးနေ့တွင် ချင်း၊ သောကြာတွင်ရှမ်း၊ စနေနေ့တွင် မွန်ဘာသာ တို့ဖြစ်သည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ
Blogger Widgets