You Are Here: Home - ပြည်သူ့အသံ , အမျိုးသားရီး , ဆောင်းပါး - Narinjara သတင်းဌာန၏ အယ်ဒီတာ့ အာဘော် (၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရခိုင်ပြည်သူ တရပ်လုံး ပူးပေါင်းပါဝင်သင့် )

ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ် (သဘာဝဓါတ်ငွေ့)ဖြင့် ရခိုင်တပြည်နယ်လုံး လျှပ်စစ် မီးရရှိရန် လူပ်ရှား တက်ကြွသူများက ကြိုးပမ်းဆောင်ရွက်နေသည်။ အောက်တိုဘာနှင့် နိုဝင်္ဘာလအတွင်းရခိုင်ပြည်နယ် အနှံ့အပြားတွင် အဆိုပါ လူပ်ရှားမူများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်ခဲ့သည်။ ရခိုင်က ဂတ်စ်ဖြင့် ၂၄ နာရီမီးပေးပါဆိုသော စာတန်းများ ပါသည့် တီရှပ် အကျီ်များကို တူညီ ၀တ်ဆင်၍၎င်း၊ အဆိုပါစာတန်းများ ပါသော ပိုစတာ စာရွက်များကို ဖြန့်ဝေ၍၎င်း၊ လူပ်ရှားခဲ့ကြသည်။ ထိုသို့ လူပ်ရှားမူ ပြုလုပ်သည်ကို အာဏာပိုင်များက နှိမ်နှင်းခဲ့သည်။ တားမြစ်ခဲ့သည်။ ခြိမ်းခြောက်မူများ ပြုလုပ်ခဲ့သည်။ လူပ်ရှားသူများ ဆက်လက် မလူပ်ရှားရဲအောင် ခေါ်ယူ စစ်ဆေးမူများ၊ ထိန်းသိမ်းမူများလည်း ရှိခဲ့သည်။ ယခုကဲ့သို့ အာဏာပိုင်များက ပြုမူ ဆောင်ရွက်ခဲ့ခြင်းသည် လူပ်ရှားမူ အရှိန်မြင့်လာပါက ရခိုင်ပြည်သူ တစ်ရပ်လုံး အဆိုပါ လူပ်ရှားမူတွင် ပူးပေါင်းပါဝင်လာမည်ကို စိုးရိမ်သဖြင့် ကြိုတင် လက်ဦးမူယူကာ ဖြိုခွဲမူ ပြုလုပ် လိုက်ခြင်း ဖြစ်သည်။ ရခိုင်က ဂတ်စ်ဖြင့် ရခိုင်တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးသည် ရခိုင်ပြည်သူများ အထူး လိုလားချက် ဖြစ်သဖြင့် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်မည်ကို အုပ်ချုပ်သူ အာဏာပိုင်များက အထူးစိုးရိမ်နေသည်။ ရခိုင်ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လာပါက ရခိုင်ပြည်က ထွက်သော ဂတ်စ်ကို တရုတ်ကို ရောင်းချရန် စီစဉ်နေသော အစီအစဉ်များ ပျက်ပြားနိုင်သလို အုပ်ချုပ်သူ အဆက်ဆက်၏ အနှိမ်ခံ ဘ၀ကို ကျရောက်နေသော ရခိုင်ပြည်နယ်ကိုလည်း ၂၄ နာရီ လျှပ်စစ်မီး ပေးလာရမည် ဖြစ်သည်။ တိုင်းပြည်ကို အုပ်ချုပ်ထားသော အစိုးရ အဆက်ဆက်သည် ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလား။ သို့အတွက် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိရေးကို မပြုလုပ်ဘဲ ပစ်ပယ်ထားသည်။ ရခိုင် ပြည်နယ်တွင် သဘာဝဓါတ်ငွေ အလျှံအပယ် တွေ့ရှိထားသည်။ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သော မြစ်ချောင်း အင်းအိုင်များ အလွန်ပေါများသည်။ သို့သော်လည်း ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အနိမ့်ဆုံး သုံးစွဲရသော ပြည်နယ် ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်ထားခြင်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကို မလိုလား၍ ဖြစ်သည်မှာ ထင်ရှားသည်။ လျှပ်စစ်မီး ၂၄ နာရီ ရရှိပါက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမည်။ ထိုသို့ တိုးတက်လာပါက ရခိုင်အမျိုးသားများ ချမ်းသာကြီးပွားလာမည်။ ထိုသို့ ကြီးပွားချမ်းသာလာပါက ရခိုင်ပြည်နယ်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုထဲတွင် ချမ်းသာဆုံး ပြည်နယ် တစ်ခု ဖြစ်လာမည်။ ဒေသ တစ်ခု၊ ပြည်နယ် တစ်ခု တိုးတက်ရန်အတွက် အခရာ အကျဆုံး လျှပ်စစ်မီး ဖြစ်သဖြင့် လျှပ်စစ်မီး မရရှိအောင် ရခိုင်ပြည်နယ် တိုးတက်မူကို မလိုလားသော အုပ်ချုပ်သူ အစိုးရ အဆက်ဆက်က အစီစဉ်ရှိရှိ နှစ်ပေါင်း ရှည်ကြာစွာ ညစ်ပတ်ထားခြင်း ဖြစ်သည်။ ယခင်က ရခိုင်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အတွက် အခြေအနေမပေးသဖြင့် မလုပ်ပေးနိုင်ဟု ဆိုနိုင်သော်လည်း ယခု အခါ သဘာဝ ဓါတ်ငွေ့များ အလျှံအပယ် တွေ့ရှိထားသဖြင့် မလုပ်ပေးနိုင်စရာ အကြောင်းမရှိ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အုပ်ချုပ်သူများက အပြော သက်သက် မဟုတ်ဘဲ စိတ်ပါ ကိုယ်ပါ လိုလားပါက အဆိုပါ ဓါတ်ငွေ့ဖြင့် လျှပ်စစ်မီး ပေး၍ မရနိုင်စရာ မရှိပေ။ ယခုကား အဆိုပါ ဓါတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးကို ဆောင်ရွက် မပေးသည့် အပြင် အဆိုပါ ဂတ်စ်ကို တရုတ်ကို တနှစ် ဒေါ်လာ သန်းပေါင်း မြောက်များစွာဖြင့် ရောင်းချထားသည်။ရောင်းချ၍ ရလာသည့် အကျိုးအမြတ်ထဲမှလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တပြားတချပ်မှ သုံးစွဲမည် မဟုတ်ကြောင်း သိရသည်။ ဂတ်စ်၏ မူလ ပိုင်ရှင် အစစ်များ ဖြစ်ကြသော ရခိုင်ပြည်သူ ပြည်သား အပေါင်းမှာ မိမိမြေပေါ်က ရရှိသော သဘာဝ သယံဇာတ ပစ္စည်းများကို တပြား တချပ်မှ သုံးစွဲခွင့် မရဘဲ အုပ်ချုပ်သူ ဗမာ များနှင့် နိုင်ငံခြားသား တရုတ်များက သူတို့ အကျိုးတွက် ထုတ်ယူသုံးစွဲနေသည်ကို လက်ဝါးပွတ်ကာ ကြည့်နေကြရသည်။ မိမိဘိုးဘွားများ ချန်ထားရစ်သော အမွေအနှစ်များအား တပါးသူများက သူတို့ အကျိုးအတွက် ထုတ်ယူ သုံးစွဲနေသည်ကို ပိုင်ရှင် အစစ်အမှန်များ ဖြစ်သော ရခိုင်များအနေဖြင့် တစ်စုံတရာ တောင်းဆို တိုက်ပွဲမ၀င်ဘဲ လက်ပိုက် ကြည့်နေလျှင် ရခိုင် အမျိုးသားတို့လောက်ညံ့ဖျင်းသောသူ လူမျိုး ဤကမ္ဘာမြေပေါ်တွင် ရှိတော့မည် မဟုတ်ပေ။ သို့အတွက် ရခိုင်မြေကြီးမှ ထွက်ရှိသော အဖိုးတန် သဘာဝ သယံဇာ ပစ္စည်းများထဲမှ ရသင့် ရထိုက်သော အခွင့်အရေး များကို ရခိုင်ပြည်သူများ ရရှိအောင် တောင်းဆို တိုက်ပွဲဝင်ရန်မှာ ရခိုင်တစ်မျိုးသားလုံး မွေးရာပါ တာဝန်ဖြစ်သည်။ မိမိတာဝန်ကို မိမိသိရှိပြီး ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ရခိုင် တမျိုးသားလုံး အနေဖြင့် အမျိုးသားရေး အသိဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် လိုအပ်လှပေသည်။

-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ
Blogger Widgets