---------
စစ်တွေမြို့၊ မင်းကြီးကျောက်တန်းရှိ ESSAR PROJECT (INDIA) LTD မှ တည်ဆောက်နေသော လုပ်ငန်းခွင်တွင် အနှောင့်အယှက် တချို့ရှိနေ၍ ဟိန္ဒူ ဘာသာအရ " SHRI VISHWAKARMA POOJA CEREMONY" ပွဲတော်ကို ကျင်းပကာ ဟိန္ဒူနတ်ဘုရားအား ပူဇော်ပသခဲ့ကြသည်ဟု သတင်း ရရှိသည်။
အဆိုပါ ပူဇော်ပွဲအား "ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးစေရန် ရည်ရွယ်ပြီး" အိန္ဒိယ ကုမ္ပဏီ Essar က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပူဇာပွဲ ကျင်းပသည့် ဆိုင်းဘုတ်နှင့် အခမ်းအနား ( ဓါတ်ပုံ- နိရဉ္စရာ) အဆိုပါ စစ်တွေ ဆိပ်ကမ်း စီမံကိန်းကို ယခင်နှစ်က စတင် တည်ဆောက်ခဲ့သော်လည်း အနှောင့် အယှက်များ ရှိနေသဖြင့် ယခုအချိန်ထိ မျှော်မှန်းထားသည့် အတိုင်းအတာထိ ပြီးစီးမူ မရှိဘဲ ဖြစ်နေသည်ဟု အဆိုပါ စီမံကိန်းမှ အိန္ဒိယ အရာရှိ တစ်ဦးက ပြောသည်။
" ဒီဆိပ်ကမ်း အတွက် အိန္ဒိယက အမေရိကန် ဒေါ်လာ သန်း (၈၀) အကုန်အကျခံကာ ဆောက်လုပ် နေတာ ဖြစ်ပါတယ်။ အခု အခါ ဆိပ်ကမ်း တည်ဆောက်နေတာ (၁) နှစ်ခန့် ရှိနေပြီ ဖြစ်ပေမယ့်လည်း ဒီရေတက်တာတွေရယ်၊ လှိုင်းပုတ်ပြီး မြေပြိုကျတာရယ်၊ လေပြင်းတွေတိုက်ခတ်နေတဲ့ ဒဏ်ကြောင့် အလုပ်က ထင်သလောက်ခရီး မပေါက်ဖြစ်နေပါတယ်။ ဒါကြောင့် လုပ်ငန်းခွင် အန္တာရယ်များ ကင်းရှင်းဖို့ အတွက် ပူဇာပွဲတော်ကို လုပ်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။
စစ်တွေ ဆိပ်ကမ်း စီမံကိန်းမှာ သုံးနှစ်ဖြစ်သော်လည်း ယခုကဲ့သို့ အခက်အခဲများကြောင့် သုံးနှစ် အတွင်း စီမံကိန်းကို ပြီးစီးအောင် တည်ဆောက်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
" ကျနော်တို့ တည်ဆောက်နေတဲ့ ဒီစီမံကိန်းဟာ (၃) နှစ် စီမံကိန်း ဖြစ်ပါတယ်။ တည်ဆောက်နေတာ ယခု (၁) နှစ်လောက် ရှိနေပြီ။ မျှော်မှန်း သလောက် အလုပ်မတွင်ဘူး ဖြစ်နေတယ်။ ဒီမှာမိုးကြီးတယ်၊ ဒီရေလည်းကြီးတယ်။ လှိုင်းရိုက်တဲ့ ဒဏ်ကြောင့် သဲတွေက မြစ်ထဲကိုပြန်ဆင်းသွာတာ များတယ်။ အဲဒါကြောင့် ဒါတွေ မဖြစ်အောင် ဒီနေ့မှာ ပူဇော်ပွဲကျင်းပရတာဖြစ်ပါတယ်" ဟု သူက ဆက်ပြော သည်။
စစ်တွေ ဆိပ်ကမ်း လုပ်ငန်းခွင် ( ဓါတ်ပုံ - နိရဉ္စရာ) ဤစီမံကိန်းကို အိန္ဒိယ အစိုးရနှင့်မြန်မာ အစိုးရတို့ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စစ်တွေ ဆိပ်ကမ်းမှ ကျောက်တော်မြို့ထိ ကုန်တင် သင်္ဘောများ ဖြင့် ကုန်ပစ္စည်းများ တင်ပို့ကာ ထိုမှ တဆင့် ကားလမ်းဖြင့် အိန္ဒိယရှိ အရှေ့ဖက်ပြည်နယ်များသို့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်မည် ဖြစ်ပါသည်။
ဤစီမံကိန်း၌ အိန္ဒိယမှ ပညာရှင်နှင့် ကျွမ်းကျင်လုပ်သား (၅၀) ခန့်နှင့် မြန်မာနိုင်ငံမှ အလုပ်သမား (၁၅၀) ခန့် ဝင်ရောက် လုပ်ကိုင်နေကြသည်။ ဤစီမံကိန်းပြီးပါက စစ်တွေမြို့ မင်းကြီး ကျောက်တန်း အနီးရှိ ဆေးရုံနှင့် ဒေသခံအိမ်များ ဖြိုဖျက်ခံရပြီး ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေမြို့ခံများ အနေဖြင့် စိုးရိမ် နေရကြောင်း သတင်းရရှိ သည်။