You Are Here: Home - သတင်း - တောက်တဲ့နှင့် ကြက်တူရွေး ရှာဖွေသူ မြွေကိုက် သေဆုံး

ခိုင်သိန်း
---------
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင် တောက်တဲ့နှင့် ကြက်တူရွေး သားပေါက် ရှာဖွေသူ တဦးမှာ သြဂတ်စ်လ ၂၃ ရက်နေ့က မြွေကိုက်ခံရပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ မောင်တောမြို့နယ် မီးတိုက်ကျေးရွာမှ ဦးထွန်းဦး၏သား အသက် ၃၅ နှစ်ရှိ ဦးမောင်ဒေါင်းချေ ဖြစ်သည်။
သေဆုံးသွားသူနှင့်အတူ တောက်တဲ့ရှာဖွေရာတွင် ပါဝင်သူတဦးက သူသေဆုံးရခြင်းနှင့်ပတ်သက်ပြီး နိရဉ္စရာ သို့ ယခုကဲ့သို့ ပြောသည်။

“ သူနဲ့အတူ ကျွန်တော်တို့ လူ ၃ ယောက်ပါ။ တောက်တဲ့နဲ့ ကြက်တူရွေးတွေက သစ်ပင်ခေါင်းမှာ နေတဲ့ သတ္တ၀ါတွေ ဆိုတော့ သစ်ခေါင်းတွေမှာ လိုက်ရှာရပါတယ်။ အဲဒီမှာ မောင်ဒေါင်းချေက သစ်ပင်ပေါ် တက်ပြီး သစ်ခေါင်းကို နှိပ်လိုက်တဲ့အခါမှာ သစ်ပင်ခေါင်းမှာ ရှိနေတဲ့ မြွေဟောက်က ကိုက်လိုက်တာ ဖြစ်ပါတယ်။ မြွေ ကိုက်တယ်လို့ သိလိုက်ရတာနဲ့ သစ်ပင်ပေါ်က ဆင်းပြီး ရွာကိုယူလာတဲ့အခါ ရွာကိုတောင် မရောက်ပါဘူး။ လမ်းမှာပဲ အသက် ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။”

ယခုအခါ နယ်စပ်ရှိ ကြက်တူရွေး သားပေါက်ဈေးနှင့် တောက်တဲ့ဈေးမှာ ယခင်နှစ်ကထက် ဈေးကောင်း ပေးပြီး ၀ယ်ယူနေကြသဖြင့် ကြက်တူရွေး သားပေါက်နှင့် တောက်တဲ့ ရှာဖွေသူ များပြား လာသည်ဟု သိရသည်။

“ လူတွေက အလုပ်အကိုင်ရှားတော့ ငွေရလွယ်တဲ့ တောက်တဲ့နဲ့ ကြက်တူးရွေး သားပေါက်တွေကို ရှာဖွေပြီး ရုန်းကန်နေကြရပါတယ်။ တောက်တဲ့ရော၊ ကြက်တူးရွေးသားပေါက်ရော သစ်ခေါင်းထဲမှာ နေတာမို့ သစ်ခေါင်းတွေကို လက်နဲ့ နှိပ်တဲ့ အခါ အထူး သတိထားရပါတယ်။ သတိမထားရင် ခုလို ကိုမောင်ဒေါင်းချေလိုဘဲ မမျှော်လင့်ဘဲ မြွေနဲ့တိုးပြီး သေဆုံး ရတတ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကြက်တူးရွေးနှင့် တောက်တဲ့မှာ ဈေးကောင်းကောင်း ရနေပြီး လက်ရှိ တောက်တဲ့ တကောင်၏ ဈေးကို ရောင်းဝယ်နေသူ တဦးက ယခုလို ပြောသည်။

“ တောက်တဲ့ကိုကျတဲ့အခါမှာ နှစ်မျိုးခွဲပြီးတော့ ၀ယ်ပါတယ်။ ၃၀ ကျပ်သားအရွယ်တကောင်ကို ဘင်္ဂလာမှာဆိုရင် တာကာငွေ ၅သိန်းထိပေးပြီးတော့၊ ၂၀ ကျပ်သား အရွယ် ဆိုရင် တာကာငွေ ၃သိန်းအထိ ပေးပြီးဝယ်ပါတယ်။ ကြက်တူရွေး သားပေါက်တွေကိုတော့ ရက်သား အလိုက် ၀ယ်ပါတယ်။”

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ တွင် တောက်တဲ့ အရောင်းဝယ်သူ လုပ်သူများအား ဖမ်းဆီးနေပြီး လွန်ခဲ့သောလ နောက်ဆုံး အပတ်ကလည်း ခါကာဆိုရီ ခရိုင် ဒက်ခီနာလာမှ တောက်တဲ့ ၀ယ်ယူသူ တစ်ဦးကို တောက်တဲ့ နှစ်ကောင်နှင့် အတူ ရဲက ဖမ်းဆီးခဲ့သည်။

ယခင်နှစ်က မောင်တောမြို့နယ်တွင် ကြက်တူရွေးသားပေါက် ၁၀ ရက် ၊ ၁၅ ရက်သား တကောင်ကို ကျပ်ငွေ ၁၀၀၀မှ ၁၅၀၀ ကျပ် အကြားတွင် ရှိပြီး ၂၀ ရက်သား အတောင်စုံ အပျံသင်ကြက်တူရွေးတကောင်ကို ၂၀၀၀ ကျပ်ဈေးရှိခဲ့သည်။ ယခုနှစ် တွင် ၁၀ ရက်၊ ၁၅ ရက်သား ကြက်တူးရွေး တကောင်ကို ကျပ်ငွေ ၅၅၀၀ ကျပ်နှင့် ၂၀ ရက်သား အတောင်စုံ အပျံ သင် ကြက်တူရွေးတကောင်ကို ၇၅၀၀ ကျပ်ထိ ဈေးပေးပြီး ၀ယ်ယူ နေသည်ဟု သိရသည်။

ဝယ်ယူရရှိသော တောက်တဲ့များကို တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့တင်ပို့ကြပြီး ကြက်တူရွေး သား ပေါက်များက ဘင်္ဂလာဒေ့ခ်ျတွင် အိမ်မွေးအဖြစ် အသုံးပြုသကဲ့သို့ ဘင်္ဂလာဒေ့ခ်ျမှတဆင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေကြသည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ တောက်တဲ့နှင့် ကြက်တူရွေးသားပေါက်များကို ဈေးကောင်းပေးပြီး ၀ယ်ယူနေသောကြောင့် မယူ တောင်တန်းအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ဂေါ်ဒူလာ၊ ဗန္ဓုလ၊ တောင်ပြို၊ အောင်သဖြေ၊ မီးတိုက်၊ ခမောင်းဆိပ်ဒေသများတွင် စီးပွားဖြစ် ရှာဖွေနေကြသည်ဟု သိရသည်။
Blogger Widgets