ရပ်ကွက် လုံခြုံရေးအတွက် ညကင်းစောင့်သူများ ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၅

ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွါးနေသော ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် လုံခြုံရေး မလုံလောက်မှုကြောင့် ရပ်ကွက် လုံခြုံရေးအတွက် ညကင်းစောင့်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတတ် ရေးပါတီဝင် တစ်ဦးက ပြောကြားသည်။
“လုံခြုံရေး လည်း ချမပေးဘူး။ ရပ်ကွက် လုံခြုံရေးစောင့်တာကိုလည်း လက်နက်ကိုင် ဆောင်တယ် ဆိုပြီး ခေါင်း စဉ်တပ် ဖမ်းတယ်။ မနေ့က ကင်းစောင့်ခွင့်မရလို့ အိမ်တွေ မီးရှို့ခံလိုက်ရပြီးပြီ။ အစိုးရက အရေးယူပေးတာ လည်းမရှိဘူး။ အစိုးရက နေက်မှ အကူအညီပေးမှာ။ အခုကတော့ အိမ်တွေ မီးလောင် ပြာကျကုန်ပြီ“ ဟု ၄င်းက ရှင်းပြသည်။
ရပ်ကွက်လုံခြုံမှု အတွက် လုံခြုံရေး ချထားပေးခြင်းမရှိသဖြင့် ရပ်ကွက်လုံခြုံရေးများကို ကင်းစောင့်သော်လည်း ယင်းသို့ ဖမ်းဆီးခံ နေရသဖြင့် ယနေ့ည အခြေအနေ စိုးရိမ်ဖွယ်ရှိကြောင်း စစ်တွေ ဒေသခံ များက ပြောကြားသည်။
စစ်တွေမြို့၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီဟု ပြည်နယ်အစိုးရက ပြုလုပ်သောခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ကြေညာခဲ့သော်လည်း ဇွန်လ ၁၅ရက်နေ့ နံနက် ၁နာရီခန့်တွင် မြို့သူကြီးရပ်ကွက် ပိုက်သည်စု၌ ဘင်္ဂါလီလူမျိုများ ၀င်ရောက် မီးရှို့မှုကြောင့် နေအိမ် ဆယ်ချီ မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။
စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဇွန်လ ၁၄ရက်နေ့မှ စတင်ကာ လက်နက်ကိုင်ဆောင်သူ ဆူပူ အကြမ်းဖက်မှု လုပ်ဆောင်သူ၊ ကြံစည်သူများကို ဖမ်းဆီးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
"ကိုယ့်အိမ် လုံခြုံရေးစောင့်တဲ့သူကို မဖမ်းပါဘူး။ ရခိုင်ပဲ ဖြစ်ဖြစ် မွတ်ဆလင်ပဲ ဖြစ်ဖြစ် လမ်းပြင်ထွက်တဲ့ သူကို ဖမ်းတာပါ။" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ရှင်းပြသည်။
"မနေ့က မီးရှို့မှုက မွတ်ဆလင် မိန်းကလေး တစ်ယောက်က သူ့အိမ်သူ မီးရှို့တာပါ။ မိန်းကလေးဆိုတော့ အရေးယူလို့လည်း မကောင်းဘူး" ဟု ဦးဝင်းမြိုင် ကဆိုသည်။
ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မှုများကြောင့် လူ ၅၀ဦးသေဆုံးပြီး ၅၈ဦး ဒဏ်ရာရရှိကာ နေအိမ်နှင့် အဆောက်အအုံ ၂၅၀၀ ကျော် ပျက်စီး ဆုံးရှုံးသွားကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရားဝင်ထုတ်ပြန်လိုက်သည်။